Lifestyle

ကျပ် ၁ သောင်းခွဲအောက် အဝစား ဟော့ပေါ့၊ အကင်ဆိုင် ၇ ဆိုင်

This article has been converted from Zawgyi One to Unicode

ဒီတပတ် မိုးအေးအေးနဲ့ စားလို့လိုက်ဖက်တဲ့ ဟော့ပေါ့နဲ့ အကင်အမျိုးမျိုးကို တဦးလျှင် ကျပ် ၁ သောင်းခွဲထက် မများဘဲ  အဝစားနိုင်မယ့် ဆိုင်တွေကို Foodie Guide ကနေ တဆင့် ဧရာဝတီမှ ဖော်ပြပေးလိုက်ပါတယ်။

အဝစားဆိုင်တွေက ၂၀၁၄ ခုနှစ်လောက်ကတည်းက စတင်ခေတ်စားလာပြီး အခုချိန်မှာဆိုရင် ထိုင်းအကင်နဲ့ ဟော့ပေါ့၊ ကိုရီးယားအကင်၊ ဂျပန်အကင်၊ ဟော့ပေါ့ စတဲ့ ဆိုင်အမျိုးမျိုး ဖွင့်လှစ်လာပြီး အခြေခံ ဈေးနှုန်း ၁၂၈၀၀ ကျပ်အထိ အများဆုံးရှိပေမယ့် အခွန်အခ အပိုထပ်ဆောင်းပေးရလို့ “ကျပ် ၁ သောင်းခွဲတန်အောက် အဝစားဆိုင်များ” လို့ ပြောချင်ပါတယ်။

အကင်တို့၊ ဟော့ပေါ့တို့ အဝစားဘူဖေး သွားစားမယ်ဆိုရင် အရံ အစားအစာတွေ အဖြစ် ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အသုပ်အမျိုးမျိုး၊ အကြော်အမျိုးမျိုးတို့နဲ့ အချိုပွဲ၊ ရေခဲမုန့်၊ အအေးအမျိုးမျိုးကိုလည်း စိတ်တိုင်းကျ အဝစားသောက်နိုင်တာကြောင့် အစားအသောက်ကြိုက်တဲ့ Foodie တွေအတွက် စားရတာ စားပျော်တယ်၊ ဈေးနှုန်းလည်း သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။

Hot Pot
Foodie Myanmar

(၁) Hot Pot City
ပထမဆုံးညွှန်းချင်တဲ့ ဆိုင်ကတော့  ကျိုက်ဝိုင်းဘုရားလမ်းပေါ်က လတ်တလော လူကြိုက်များနေတဲ့ Hot Pot City ဆိုင်ပဲ ဖြစ်ပါတယ်။ Hot Pot City မှာဆိုရင် စားသုံးသူများ အဆင်ပြေပြေ စားသုံးနိုင်ရန် နေ့လယ်စာနဲ့ ညစာချိန် ဆိုပြီး ၂ ချိန် ခွဲဖွင့်ထားပါတယ်။ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ လူတယောက်ကို  ၁၁၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ညနေ ၄ နာရီကနေ ည ၁၁ နာရီ အထိ ၁၂၈၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

စားသုံးချိန်မှာ လူတယောက်ကို အချိန် ၁ နာရီခွဲ ဖြစ်ပြီး စားသုံးသူဘက်မှ အချိန်ထပ်ယူမယ်ဆိုရင် ၂ နာရီကို ၁၆၀၀၀ ကျပ် ၊ ၃ နာရီကို ၂၀၀၀၀ ကျပ် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ ကြက်၊ ဝက်၊ အမဲသား၊ ပုဇွန်၊ ဂဏန်း၊ အသီးအရွက် စတဲ့ အမျိုးအမယ်ပေါင်း ၈၀ အပြင် တခြား ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အချိုပွဲအနေနဲ့ ရေခဲမုန့်၊ သောက်စရာ Coca Cola၊ Max+ ၊ Surprise စတဲ့ အချိုရည်များကိုလည်း စိတ်ကြိုက် ယူသောက် နိုင်ပါတယ်။ ညဘက် ရုံးပိတ်ရက်တွေဆို လူများလေ့ရှိပြီး အနည်းငယ်စောင့်ဆိုင်းရပါတယ်။ လူ ၁၀ ယောက်စာ သီးသန့် အခန်းတွေလည်းရှိပြီး ကြိုတင်ဘိုကင် လုပ်ထားနိုင်တယ်လို့ သိရပါတယ်။

လိပ်စာ – အမှတ် ၃၃၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရဲဘော်ဟောင်းမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်။

(၂) Jo Jo Hot Pot

နောက်တဆိုင်အနေနဲ့ ဒဂုံမြို့နယ်၊ နဝဒေးလမ်းပေါ်က Jo Jo Hot Pot ဆိုင်ကို ညွှန်းပေးချင်ပါတယ်။ ယူနန်ဝက်သား၊ Jo Jo ဖတ်ထုပ်၊ BBQ Chicken Wings၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်နဲ့ ပုဇွန်တန်ပူရာကြော် စတဲ့ Side Dishes များကို အဝသုံးဆောင်နိုင်ပါတယ်။ Home Made Meat Ball ကတော့ Jo Jo ရဲ့ တခြား ဆိုင်တွေနဲ့ မတူတဲ့ Signature Dish တမျိုး ဖြစ်ပါတယ်။

ခရမ်းချဉ်သီး ဟင်းရည်၊ တုံယမ်း၊ မာလာ၊ ဂျပန်မီဆို၊ Original ဟင်းရည်ချို စသဖြင့် Hot Pot အရည် ၅ မျိုးနဲ့ တွဲဖက်စားသုံးနိုင်တဲ့ အသားလွှာ၊ အသားလုံး အခြား ဟင်းသီးဟင်းရွက်အမျိုးမျိုး စုံစုံလင်လင် ရရှိပါတယ်။ သောက်စရာ ရေသန့်၊ Coca Cola၊ Orange စတဲ့ အအေးများကို စိတ်ကြိုက်သောက်သုံးနိုင်ပြီး ရေခဲမုန့် အရသာ ၅ မျိုး စိတ်ကြိုက် စားသုံးနိုင်ပါတယ်။  စားသုံးချိန် ကန့်သတ်ထားတာမျိုးမရှိဘဲ ဈေးနှုန်းက လူကြီး တဦးကို ၁၂၀၀၀ ကျပ် နဲ့ ကလေး အသက် ၃ နှစ်ကနေ ၁၀ နှစ် အတွင်း တဦးကို ၆၀၀၀ ကျပ် ကျသင့်ပါတယ်။

လိပ်စာ – အမှတ်၂၃ (အေ)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်။

(၃) Gangnam Buffet

တတိယဆိုင်အနေနဲ့ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိပ်ဟိုတယ် အဝင်လမ်း မီးပွိုင့်၊ မဟာလမ်း စင်တာမှာ ရှိတဲ့ Gangnam Buffet ဆိုတဲ့ ကိုရီးယားဟော့ပေါ့ အဝစားဆိုင်ကို ညွှန်းချင်ပါတယ်။ ကိုရီးယားဟော့ပေါ့နဲ့ တွဲစားဖို့ အသားလွှာ၊ အသားလုံး၊ ပင်လယ်စာ၊ အသီးအရွက် အမျိုး ၅၀ ရှိတဲ့အပြင် ကိုရီးယား ဝက်သားကင်၊ ကိုရီးယား ထမင်းလိပ်၊ ပဲခေါက်ဆွဲ၊ ကြက်ဥလိပ်ကြော်၊ ကင်ချီထမင်းကြော်၊ အရွက်သုပ်နဲ့ အသားပြားကြော် တို့ကို စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဒါ့အပြင် အချိုပွဲအနေနဲ့ ဟိုတယ်ကြီးတွေမှာသာ ပါဝင်တဲ့ Chocolate Fountain ကို သစ်သီး၊ Biscuit၊ Cookies တို့နဲ့ တွဲစားဖို့ ထားရှိပေးထားပါတယ်။

ဈေးနှုန်းအနေနဲ့ လူကြီး တဦးကို ၁၁၉၀၀ ကျပ်၊ အရပ် ဝ.၉၀ မီတာနဲ့ ၁.၂ မီတာ ကြားမှာရှိတဲ့ ကလေးတွေ ကိုတော့ လူကြီးရဲ့ တဝက်ခ ၅၉၅၀ ကျပ် ကျသင့်ပါတယ်။ စားသုံးချိန် တနာရီခွဲ ဖြစ်ပြီး နောက်ထပ် အချိန် ထပ်လိုချင်ရင် ၁၀ မိနစ်ကို တထောင်ကျပ်နှုန်းနဲ့ ကောက်ခံတယ်လို့ သိရပါတယ်။

လိပ်စာ – Maha Land စင်တာ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်။

(၄) Mu Ka Hta Thai BBQ

နောက်တဆိုင်အနေနဲ့ တောင်ဥက္ကလာ သစ္စာလမ်းပေါ်က Mu Ka Hta Thai BBQ ဆိုင်ကို ညွန်းချင်ပါတယ်။ ထိုင်းအကင်နဲ့ ဟော့ပေါ့ဆိုတဲ့အတိုင်း ကိုယ်တိုင်ကိုယ်ကျ ကင်ပြီး စားသုံးရပါတယ်။ ကင်ပြီး စားနိုင်တဲ့ အသားလွှာအမျိုးမျိုး၊ ဟော့ပေါ့အဖြစ် ပြုတ်ပြီး စားနိုင်မယ့် အသားလုံး၊ အရွက် အမျိုးအမယ်ပေါင်း ၁၀၀ ကျော် ရှိတဲ့အပြင် အခြား ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အသားဟင်း၊ အရွက်ဟင်း၊ Tempura နဲ့ အအေးမျိုးစုံ စိတ်ကြိုက် သောက်သုံးနိုင်ပါတယ်။

ဒီဆိုင်မှာတော့ Package အလိုက် စားသုံးနိုင်မှာဖြစ်ပြီး Package A ကတော့ ဈေးနှုန်း ၁၂၈၀၀ ကျပ်၊ ကြာမြင့်ချိန် ၁ နာရီနဲ့ ၄၅ မိနစ် ဖြစ်ပါတယ်။ Package B မှာစားသုံးချိန် ၂ နာရီနဲ့ ၁၅ မိနစ် ၊ ဈေးနှုန်း ၁၄၀၀၀ ကျပ်၊ ၃ နာရီ ၁၅ မိနစ် ရှိတဲ့ Package C က ဈေးနှုန်း ၁၆၀၀၀ ကျပ် စသဖြင့် အသီးသီး ရှိပါတယ်။ ကလေးဈေးနှုန်းက လူကြီးရဲ့ တဝက်ခ ကျသင့်မှာ ဖြစ်ပါတယ်။

လိပ်စာ – အမှတ် ၅၁၊ သစ္စာလမ်း၊ ပုဏ္ဏမီမှတ်တိုင်၊ တောင်ဥက္ကလာပမြို့နယ်။

Hot Pot
Foodie Myanmar

(၅) His.Tori BBQ

နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ဆိုင်က စင်ကာပူနိုင်ငံမှ လာရောက်ဖွင့်လှစ်ထားတဲ့ His.Tori ကိုရီးယား အသားကင်ဆိုင် ဖြစ်ပါတယ်။ အမျိုးအစားပေါင်း ၇၀ ကျော်ရှိပြီး အကင်တွေအနေနဲ့  ကြက်သား၊ ဝက်သား၊ အမဲသား စတာတွေကို ကိုရီးယားအရသာ အချို၊ အစပ်အမျိုးမျိုးနဲ့ ပုဇွန်၊ ဆာဘားငါး စသဖြင့် ရရှိနိုင်ပါတယ်။ အကင်များကို ကင်မ်ချီနဲ့တကွ ဆလတ်ရွက်နဲ့ ထုတ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ပါတယ်။

ထမင်းကြော်၊ ကိုရီးယားထမင်းလိပ်၊ တော့ပုကီ စတာတွေလည်း ရရှိနိုင်ပြီး Coca Cola၊ Max+ ၊ Surprise စတဲ့ အအေးများကိုလည်း စိတ်ကြိုက် သောက်သုံးနိုင်ပါတယ်။ BBQ Buffet ကို ၁၂၅၀၀ ကျပ်မှ စတင် စားသုံးနိုင်ပြီး service charges ၁၀ ရာခိုင်နှုန်း ထပ်မံပေးဆောင်ရပါတယ်။ အသက် ၅ နှစ်ကနေ ၁၂ နှစ် ရှိတဲ့ ကလေးများက  ၇၅၀၀ ကျပ်ဖြစ်ပြီး အချိန်ကန့်သတ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

လိပ်စာ – အမှတ် ၁၀၊ ရတနာလမ်း၊ Rainbow Food Centre၊ သင်္ဃန်းကျွန်းမြို့နယ်။

Hot Pot
Foodie Myanmar

(၆) Manpuku BBQ Buffet

နောက်တဆိုင်အနေနဲ့ BBQ Buffet ဆိုင်တဆိုင်ဖြစ်တဲ့ Manpuku BBQ Buffet ဆိုင် အကြောင်း ဖော်ပြပေး ချင်ပါတယ်။ ဒီဆိုင်ကတော့ ဂျပန်စတိုင်အကင်ဖြစ်ပြီး အခြားအဝစားဆိုင်တွေနဲ့ မတူတာက လတ်လတ် ဆတ်ဆတ် အသားများကို စားသုံးသူ မှာယူတော့မှ ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတရံ အနည်းငယ် စောင့်ရပါတယ်။ အခြား အရံဟင်းအမယ်များကိုတော့ ဘူဖေးအနေဖြင့်ခင်းထားပြီး အသုပ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဝက်သားလုံးကြော်၊ ဝက်နံရိုးကြော် စသဖြင့် တနေ့တမျိုး ပြောင်းလဲလေ့ ရှိပါတယ်။ တယောက်စားနှုန်း ၁၂၈၀၀ ကျပ်မှ စပြီး Tax နဲ့ Service ဖိုး extra ၁၀ ရာခိုင်နှုန်းပေးရပါတယ်။ အရပ် ၃ ပေ ၆ လက်မနဲ့ ၄ ပေ ကြား ကလေးတွေက ၇၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး စားသုံးချိန် ၁ နာရီခွဲ ပေးထားပါတယ်။

လိပ်စာ – အမှတ် ၂၆ ဘီ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်း။

(၇) Shwe Pan Sai Swan Ton Hot Pot

နောက်ဆုံးအနေနဲ့ ညွှန်းချင်တဲ့ဆိုင်က ဆရာစံလမ်းမှာရှိတဲ့ ရွှေပန်ဆိုင်းအကင်ဆိုင်မှ တောင်ဥက္ကလာ၊ ရတနာလမ်းမှာ ဖွင့်ထားတဲ့ အဝစားဟော့ပေါ့ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာဟင်းရည်အနေနဲ့ အချို၊ အစပ် အပြင် အခြားဆိုင်တွေနဲ့မတူ စွန်တန်ဟင်းရည်ကိုပါ မှာယူနိုင်ပါတယ်။
ဟော့ပေါ့ ဟင်းအိုးအကြီးမှာ မိမိကြိုက်နှစ်သက်ရာ ဟင်းရည် ၂ မျိုးကို အသားလွှာ၊ အသားလုံး၊ ပင်လယ်စာ၊ ကလီစာ၊ ပုဇွန်ချောင်း၊ အရွက်အမျိုးမျိုးတို့နဲ့ စားသုံးနိုင်ပြီး အရံဟင်းပွဲများ အနေနဲ့ ထမင်းကြော်၊ မာလာဟင်း၊ မန်ထိုပေါက်စီ အစရှိတာတွေအပြင် အအေးနဲ့ ရေခဲမုန့်များကိုလည်း စိတ်ကြိုက် စားသုံးနိုင်ပါတယ်။ လူကြီး တဦး ၁၀၈၀၀ ကျပ်ကျသင့်မှာ ဖြစ်ပြီး အသက် ၄ နှစ်ကနေ ၆ နှစ် ကလေးများဆိုရင် တဦး ၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

လိပ်စာ – အမှတ် ၅၊ ရတနာလမ်း၊ သင်္ဃန်းကျွန်မြို့နယ်။

Hot Pot
Foodie Myanmar

အဝစား ဟော့ပေါ့ ဘူဖေး သွားစားမယ်ဆိုရင် သတိထားရမယ့် တချက်က ဒီလိုအဝစားဆိုင်တွေမှာ အစားအသောက်တွေ ၁၀၀ ဂရမ်ထက် ပိုကျန်နေရင် အပိုဆောင်းကောက်တတ်လို့ လိုအပ်မှ ထပ်မံယူတာက ပိုပြီး အဆင်ပြေပါတယ်။

မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေခေါ်ပြီး အားရပါးရ အဝစားနိုင်ဖို့ ဒီတစ်ပတ် အတွက် ကျပ် တသောင်း ခွဲတန်အောက် အဝစားဆိုင် ၇ ဆိုင်ကို Foodie Guide ကနေ တဆင့် ဧရာဝတီမှ ဖော်ပြပေးလိုက်ပါတယ်။

Loading