ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်တာ၊ လေ့ကျင့်ခန်းတွေလုပ်တာတွေကြောင့် ကျန်းကျန်းမာမာနေနိုင် ပြီး လူတယောက်ကို ကြည့်လို့ ကောင်းစေမှာ ဖြစ်သလို လိင်မှုကိစ္စမှာလည်း စိတ်ချမ်းသာမှုတွေ ရရှိ နိုင်မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လူတယောက်ရဲ့ ကျန်းမာရေးနဲ့ လိင်မှုကိစ္စကို ထိခိုက်စေနိုင်တဲ့ အစားအစာအချို့လည်း ရှိနေပြန်ပါတယ်။
“အစားအစာနဲ့ လိင်စိတ်ဆန္ဒကြားထဲက ဆက်သွယ်မှုဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာမဟုတ်ပါဘူး။ အစားအစာ သို့မ ဟုတ် အာဟာရတွေက လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးသလို ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိဖို့ အတွက်လည်း အဓိက နေရာက အထောက်အကူပေးတယ်ဆိုတာကို လေ့လာမှုအများအပြားမှာ တွေ့ရှိခဲ့ပါတယ်။” လို့ S.A.S.S Yourself Slim အမည်ရှိတဲ့ စာအုပ်ကိုရေးသားခဲ့သူ စာရေးဆရာမ Cynthia Sass ကပြောပါတယ်။
အစားအစာအမျိုးမျိုးရှိတဲ့ ထဲကနေ လိင်မှုကိစ္စမှာ တက်ကြွစေမယ့် သို့မဟုတ် ကျဆင်းစေနိုင်တဲ့ အစားအစာအချို့ကို ဖော်ပြလိုက်ပါတယ်။
စတော်ဘယ်ရီ
လိင်ကိစ္စလုပ်ငန်းစဉ်မှာ သွေးလည်ပတ်မှုကောင်းမွန်ရေးက အမျိုးသားတွေရော အမျိုးသမီးတွေ အတွက်ပါ အရေးကြီး ပါတယ်။ စတော်ဘယ်ရီသီးမှာ antioxidant လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်တဲ့ အတွက် နှလုံးနဲ့ သွေးကြောတွေကို အကျိုးရှိစေပါတယ်။ အဲဒါအပြင် ဗီတာမင် C လည်းကြွယ်ဝတဲ့ အတွက် အမျိုးသားတွေရဲ့ သုက်ကိုအားကောင်းစေပါတယ်။ စတော်ဘယ်ရီကို methylxanthine ပါဝင်တဲ့ ချောကလက်အညိုနဲ့ တွဲဖက်စားသုံးခြင်းက လိင်စိတ်ဆန္ဒတွေကို နိုးကြားစေနိုင်တယ်လို့ ဆိုပါတယ်။
ထောပတ်သီး
ထောပတ်သီး မှာ ဗီတာမင်E အပြည့်အ၀ ပါဝင်သလို antioxidant တွေ၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင် B6 တို့ပါဝင်တဲ့ အ တွက် နှလုံးရောဂါကို ကာကွယ်ပေးသလို သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ နှလုံးနဲ့ သွေးလည်ပတ်မှု ကောင်းမွန် ခြင်းက ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘ၀ ရရှိရေးကို အထောက်အကူ ဖြစ်စေပါတယ်။ နှလုံးရောဂါ ရှိသူ အမျိုးသားတွေဟာ မရှိတဲ့ သူတွေထက်စာရင် လိင်အင်္ဂါ တင်းမာနိုင်မှုအားနည်းတဲ့ ပြဿနာ ကြုံရနိုင်ခြေ ၂ ဆပိုများပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ရောဂါကြောင့် သွေးကြောတွေထိခိုက်မှုရှိနိုင်လို့ ဖြစ်ပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥမှာ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့ အတွက် သွေးပေါင်ချိန်တက်ခြင်းကနေကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်တက်ခြင်းကြောင့်လည်း အမျိုးသားတွေ လိင်အင်္ဂါ တင်းမာနိုင်မှုအားနည်းတဲ့ ပြဿနာ ကြုံရနိုင်တဲ့ အန္တရယ် ရှိပါတယ်။ နောက်ပြီး ဗီတာမင် A လည်းပါဝင်ပါတယ်။ အတိအကျသက်သေ မပြနိုင်သေးပေမယ့် ဗီတာမင် A က သန္ဓေ အောင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ ယူဆထားကြပါတယ်။
ပဲ၊ပြောင်း အစရှိသည့် ကောက်ပဲသီးနှံများ
သွပ်(Zinc)ဓာတ်ဟာ လိင်ကျန်းမာရေး အတွက်ကောင်းတယ်လို့ သတ်မှတ်ထားပါတယ်။ သူက အမျိုးသားဟိုမုန်း (testosterone)နဲ့ သုက် ထုတ်လုပ်မှုကို အထောက်အကူပေးပါတယ်။ သွပ်ဓာတ်ကို အကောင်းဆုံးပေးနိုင်တဲ့ နံပါတ်(၁) အစားအစာကတော့ ကမာကောင်ဖြစ်ပါတယ်။ ဒါပေမယ့် ကမာကောင်ကို လူတိုင်းက အချိန်တိုင်းနေရာတိုင်းမှာ စားနိုင် ဖို့ မလွယ်ကူပါဘူး။ အဲဒါကို အစားထိုးဖြည့်ဆည်းပေးနိုင်တာကတော့ ကောက်ပဲသီးနှံတွေ ဖြစ်ပါတယ်။
ဖရဲသီး
နွေရာသီမှာ ပေါပေါများများ ရနိုင်တဲ့ ဖရဲသီး မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး ဖြစ်တဲ့ phytonutrient ပါဝင်မှုမြင့်မား ပါတယ်။ phytonutrient ဟာ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်ပါတယ်။ ထိုနည်းတူပဲ ဖရဲသီးမှာတွေ့ရတဲ့ lycopene၊ citrulline နဲ့ beta-carotene တွေက သွေးကြောတွေကို တည်ငြိမ်စေပါတယ်။
အရက်
ဝိုင်တခွက်လောက် သောက်လိုက်တာက စိတ်အပန်းပြေစေနိုင်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေစေပါ တယ်။ တခါတလေ အရက်ဆိုင်မှာ အခုမှတွေ့တဲ့ လူစိမ်းတယောက်နဲ့ တောင် အဖွဲ့ကျပြီး မိတ်ဆွေဖြစ်သွားနိုင်ပါသေး တယ်။ ဒါပေမယ့် လိင်မှုကိစ္စမှာကျတော့ အရက်က ကောင်းကျိုး မပေးတဲ့ထဲမှာပါပါတယ်။ အရက်အလွန် အကျွံသောက် ခြင်းကြောင့် လိင်စိတ်ဆန္ဒတွေကျဆင်းလာစေနိုင်ပါတယ်။ အာရုံခံစားမှုကိုလည်း လျော့နည်းစေပါတယ်။ အဆိုးဆုံးက တော့ အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမိတာလိုမျိုး မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်သွားစေနိုင်တာပါပဲ။
အသား
အသားစားခြင်းကြောင့် ပရိုတိန်းနဲ့ သွပ်ဓာတ်တွေရနိုင်ပေမယ့် အဆီနဲ့ ကိုလက်စထရောတွေ မြင့်တက်လာနိုင်ချေလည်း ရှိ နေပါတယ်။ အသားကို အလွန်အကျွံစားသုံး ခြင်းကြောင့် ဆီးချို၊ သွေးတိုး နဲ့ နှလုံးရောဂါတွေ နောက်ဆက်တွဲ ဖြစ်လာနိုင် ပြီးတော့ အဲဒီရောဂါတွေက သွေးလည်ပတ်မှုအပေါ် ဆိုးကျိုး သက်ရောက် စေနိုင်တာဖြစ်လို့ လိင်မှုရေးရာ ကိစ္စတွေ မှာလည်း ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
အဆီများသော အစားအစာများ
အကြော်တွေနဲ့ အမြန်ရ အသင့်စား အစားအစာအများစုမှာ အသွင်ပြောင်းဆီ(trans fat) လိုမျိုး မကောင်းတဲ့ ဆီတွေပါ ဝင်မှုမြင့်မားတဲ့ အတွက် နှလုံး နဲ့သွေးကြောတွေကို ဆိုးကျိုး သက်ရောက်စေပါတယ်။ ဆီးချိုရောဂါ ဖြစ်စေနိုင်တဲ့ အန္တရယ် ရှိပါတယ်။ ဆီးချိုရောဂါဟာ အမျိုးသားတွေရော အမျိုးသမီးတွေအတွက်ပါ လိင်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အသွင်ပြောင်းဆီ(trans fat) ဟာ ပြည့်ဝဆီ (saturated fat) ထက် ပိုဆိုးတယ်လို့ ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။
Source: health.com