စာရေးဆရာ ကဗျာဆရာတွေဟာ ကိုယ့်အမည်ရင်းနဲ့ ရေးသားကြသလို ကလောင်အမည် တမျိုး ယူပြီး ရေး သား ကြ တာလည်း ရှိပါတယ်။ အထူးသဖြင့် သရော်စာ၊ ဝေဖန်စာရေးသားရာမှာ ကလောင်အမည် တမျိုး ယူပြီး ရေး သား တာ အများဆုံး တွေ့ရပါတယ်။ ဆရာကြီး ပီမိုးနင်း၊ ဆရာ သိပ္ပံမောင်ဝ၊ ဆရာ ကြပ်ကလေး တို့ဟာ ကလောင် အမည်များစွာ ယူပြီး စာပေအမျိုးမျိုး ဖန်တီးရေးသားခဲ့ပါတယ်။
တပါတီအာဏာရှင် အုပ်ချုပ်ရေး၊ စစ်အုပ်ချုပ်ရေးကာလလျှောက် စာရေးဆရာ၊ ကဗျာဆရာတွေဟာ အမည်ရင်း အပြင် တခြားအမည် တမျိုးယူပြီး ဝေဖန်ထောက်ပြ ရေးသားခဲ့ကြပါတယ်။ လက်ရှိ ကာလမှာလည်း ကလောင် အမည် အမျိုးမျိုးနဲ့ ရေးသားတဲ့ စာရေးသူတွေ ရှိနေဆဲပါပဲ။ မြန်မာ့စာပေလောကမှာ ကလောင်အမည် စတင် သုံးခဲ့တာ ဘယ်တုန်းကပါလဲ၊ ဘယ်သူ စတင်သုံးခဲ့ပါသလဲ။ ကလောင်အမည်ယူ ရေးသားတာနဲ့ ပတ်သက်ပြီး ၁၉၅၃ ခုနှစ် ဒီဇင်ဘာလထုတ် ‘မြဝတီ မဂ္ဂဇင်း’ အတွဲ ၂၊ အမှတ် ၂ မှာ အခုလို ဖော်ပြထားပါတယ်။
မစ္စတာမောင်မှိုင်း
“ငွေဥဒေါင်း ၏ ‘မြန်မာမဂ္ဂဇင်း သမိုင်း’ ဆောင်းပါးတွင် ‘ဆရာကြီး သခင် ကိုယ်တော်မှိုင်း’ (ဦးလွန်း) အား ကလောင် အမည်များမှာ မစ္စတာ မောင်မှိုင်း ဟူသော ကလောင် အမည်မှ အစပြု သည်ဟု အချို့က ဆိုကြရာ ဟုတ် – မဟုတ်၊ မှန်- မမှန် မေးမြန်းစုံစမ်း ကြည့်သော အခါ ဆရာကြီးက အောက်ပါ အတိုင်း ဖြေကြား လိုက်ကြောင်း မှတ်တမ်း တင်ထား၏” လို့ ဖော်ပြထားပါတယ်။
“အေး၊ ဟုတ်ကောင်း ဟုတ်ပါ လိမ့်မယ်။ နို့ပေမယ့် စာအုပ်မှာသာ ဖြစ်ပါ လိမ့်မယ်။ သတင်းစာတွေ ထဲမှာတော့ ငါတို့ အရင် နာမည်ဝှက်နဲ့ ရေးသူတွေ ရှိနေ ပါပြီ။ ‘နတ်ကြီး’ တို့၊ ‘မဲမှုတ်’ တို့၊ ‘ကြွက်စုတ်’ တို့ ပေါ့ကွာ။ ငါလည်း အဲဒီ နာမည် တွေကို အတုယူပြီး ‘မစ္စတာ မောင်မှိုင်း’ လို့ မှည့်လိုက် တာပဲ။ ရည်ရွယ်ချက် ကတော့ အဲဒီ အချိန်က “ခွေးမသား” အင်္ဂလိပ်ကို အတုယူပြီး တို့မြန်မာတွေက ‘မစ္စတာ’ ဆိုတဲ့ အမည်ကို သုံးနေကြလို့ အဲဒီ အချိန်က လူကြီးတွေ အင်မတန် ကဲ့ရဲ့ခံရတဲ့ ‘မောင်မှိုင်း’ အမည်နဲ့၊ ‘မစ္စတာ’ တွဲပြီး ချိုးလိုက်တာပဲ။ ဖြစ်ပုံက ဒီလိုကွ။
အဲဒီ အချိန်က ဟံသာဝတီ ပုံနှိပ်တိုက်ကြီးနဲ့ ခေတ်ပြိုင် ဖြစ်တဲ့ ဗြိတိသျှ ဘားမား ပုံနှိပ်တိုက်က ဂျိမ်း (စ်) လှကျော် ဆိုတဲ့သူ ရေးတဲ့ ‘မောင်ရင်မောင် မမယ်မ’ ဝတ္ထု ထွက်လာတယ်။ ဒီလို ဝတ္ထုမျိုးက တခါမှ မထွက်ဘူး သေးတော့ ပရိသတ်က သဘောကျတယ်။ အဲဒါကို ဟံသာဝတီ တိုက်ရှင် မစ္စတာ ရစ်ပလေကြီး သိတော့ သူ့ အယ်ဒီတာတွေကို ဒီလို ဝတ္ထုမျိုး မရေးနိုင် ကြဘူးလားလို့ မေးတယ်။
ဒီတော့ ဟံသာဝတီ အယ်ဒီတာတယောက် ဖြစ်တဲ့ ဝန်စာရေး ဦးကြီးက သူ ရေးမယ် ဆိုပြီး ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ ကို ရေးတာပဲ။ ဝတ္ထုထဲမှာ မောင်မှိုင်းက ကြာသမား ပေါ့ကွယ်။ ဒီဝတ္ထုဟာ ကာလသား လူငယ်ပိုင်း မှာတော့ ဟိုးလေးတကျော် ဖြစ်သွားတာပေါ့။ နို့ပေမဲ့ လူကြီးပိုင်းက နှိပ်ကွပ်လို့ တိတ်တိတ်ပုန်း ဖတ်ကြရတယ်။
ငါက အဲဒီ လူကြီးတွေ ရွံတဲ့ ‘မောင်မှိုင်းကို’ သူတို့ အင်မတန် ခံတွင်းတွေ့နေတဲ့ ‘မစ္စတာ’ နဲ့ တွဲပေး လိုက်တာပဲ။ ဘာပြော ကောင်းမလဲ၊ ‘မစ္စတာ’ တွေ ပွက်လော ရိုက်ကုန်ပြီး အဲဒီ ကတည်းက တစတစ ပျောက်ကုန် တော့တာပဲ” စသဖြင့် ဖော်ပြထားပါတယ်။ တဖန် ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုကို တချို့က ရွှေတောင် ဆရာလွန်း ခေါ်ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသားတယ် လို့ ထင်မှတ်မှား နေကြတာတွေ ရှိပါတယ်။
ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထု
၁၉၁၂ ခုနှစ် ဝန်းကျင်က မြန်မာ ခေတ်ပညာတတ် လူငယ်များကြားမှာ အမည်ရှေ့က ‘မစ္စတာ’ တပ် ခေါ်ဝေါ်ခြင်း အလေ့ ခေတ်စားပြီး အင်္ဂလိပ်ကို အထင်တကြီး ရှိခဲ့ကြပါတယ်။ မစ္စတာ ချက်ဖောင်း၊ မစ္စတာ ဂွတို၊ မစ္စတာ မေအောင်၊ မစ္စတာ ဘဖေ၊ မစ္စတာ သိမ်းမောင် စသည်ဖြင့် သုံးစွဲနေကြတာကို ရွှေတောင် ဆရာလွန်းက အလွန် စိတ်မကောင်း ဖြစ်မိပြီး တိုင်းပြည်ခေါင်းဆောင် လုပ်ကြရမယ့် လူငယ်တွေရဲ့ အမည်ရှေ့က ‘မစ္စတာ’ ပြုတ် အောင် လုပ်ဖို့ အခုလို ကြံစည်ပါတော့တယ်။
ဒါနဲ့ အဲဒီကာက လူသိများတဲ့ “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” ဝတ္ထုထဲက ဇာတ်လိုက် မောင်မှိုင်းဟာ လူရှုပ်လူပွေ၊ ကြာသမား၊ မြာပွေသူ၊ စာဖတ်သူတို့ အော့နှလုံးနာရသူ ဖြစ်တယ်။ ရွှေတောင်ဆရာလွန်းက မောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း လို့ ကလောင်အမည်ယူပြီး၊ သူရိယ သတင်းစာတွင် ကြာဋီကာ ဆောင်းပါးများ၊ “ဗိုလ်ဋီကာ” ဆောင်းပါးများ ရေးသားခဲ့ပါတယ်။
ယင်း ဆောင်းပါးများက ဘိလပ်ပြန် ခေါ် နိုင်ငံခြားပြန် များ အကြားတွင် အတော်ဂယက်ရိုက် ပွက်လောထ သွားပြီး၊ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာအမည်များ ရှေ့က ‘မစ္စတာ’ များ ပြုတ်သွားပါတယ်။
ဝန်စာရေး ဦးကြီး
ကလောင်အမည်ယူ ရေးသားသူဟာ ရွှေတောင်ဆရာလွန်း (သို့မဟုတ်) ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ကြောင်းနဲ့ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ ဝတ္ထု ရေးသားသူဟာ ဝန်စာရေး ဦးကြီးဖြစ်ကြောင်း သိနိုင်ပါတယ်။ ဝန်စာရေး ဦးကြီးဟာ ၁၉ဝ၄ ခုနှစ်က ဟံသာဝတီ သတင်းစာ စာပုံနှိပ် တိုက်မှ အယ်ဒီတာတဦး အဖြစ် ထမ်းရွက်ခဲ့ ပါတယ်။
‘ဝန်စာရေး’ ဦးကြီး လို့ ခေါ်တွင်တာနဲ့ ပတ်သက်ပြီး ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ ဝတ္ထု၊ ပထမတွဲ နိဒါန်းမှာ – “ရတနာပုံ ရွှေမြို့တော် ဒုတိယမြောက် ရွှေနန်းစံတော်မူသော ဘုရင်မင်းမြတ် လက်ထက်တော်က အမြောက်၊ ဆင်၊ မြင်း၊ ဝင်း၊ ဒိုင်းရ – စို့ဆိုင်ရာ ကုန်းကြောင်း စစ်သည် ဌာနချုပ် တိုင်တား မြို့စားမင်းကြီး၏ ဝန်စာရေးကြီး ဦးမောင်ကြီး” လို့ တွေ့ရတဲ့ အတွက် သီပေါမင်း လက်ထက် တိုင်တားမင်းကြီးထံ ဝန်စာရေး အဖြစ် ထမ်းရွက် ခဲ့ဖူးကြောင်း သိရပါ တယ်။ ဝန်စာရေး ဦးကြီးသည် ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ ဝတ္ထု အပြင် ‘စိန်ကလေး’ ဝတ္ထု၊ ‘မြကလေး’ ဝတ္ထု တို့ကို ၁၉ဝ၅ ခုနှစ် အတွင်း ရေးသားခဲ့ပြီး ‘ခင်ခင်ညွန့်’ ဝတ္ထု ကိုလည်း ရေးသားခဲ့ကြောင်း မှတ်တမ်းများမှာ တွေ့ရပါတယ်။