အမျိုးသားချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးဖြင့် ဖန်တီးထားသော “မေထုန်ရာသီဖွား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလအတွင်းမှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။
ဒီဇာတ်ကားဟာ မရိုက်ကူးမီကတည်းက ပရိသတ်ကြား ဝေဖန်မှုပြောဆိုမှု၊ စိတ်ဝင်စားမှုတွေ ရှိခဲ့သလို ယခု ရိုက်ကူးပြီး ရုံတင်ပြသမယ်ဆိုတော့လည်း မြန်မာပြည်နဲ့ တချိန်တည်း အမေရိကန်နိုင်ငံမှာပါ ပြသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
“မေထုန်ရာသီဖွား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ဒီဇာတ်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

“မေထုန်ရာသီဖွား ဇာတ်ကားသည် လာမည့် အော်စကာဆုပေးပွဲတွင် နိုင်ငံခြားဘာသာ စကားပြောရုပ်ရှင် ထူးချွန်ဆု အတွက် သတ်မှတ်ထားသော ရုံတင်ရက်များအတိုင်း စာရင်းဝင်အောင် ရုံတင်နိုင်ရန် ကြိုးစားခဲ့ပြီးဖြစ်ပါသည်။ ကျန်တာကတော့ ပြည်ပနိုင်ငံများရှိ မြန်မာပရိသတ်များရဲ့ ထောက်ခံအားပေးကူညီမှုနဲ့အတူ ကျနော်တို့အားလုံး ဆုတောင်းကြရန်သာ ရှိပါတော့သည်” လို့ ဒါရိုက်တာ ညိုမင်းလွင်က ရေးသားထားပါတယိ။
“မေထုန်ရာသီဖွား” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ Cinema Village နဲ့ စက်တင်ဘာ၂၃ ရက်ကနေ ၂၉ ရက်နေ့မှာတော့ လော့စ်အိန်ဂျယ် လိစ်မြို့ရှိ Music Hall ,Laemmel Theatre တို့မှာ ရုံတင်ပြသခွင့် ရရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီယားနိုင်ငံများမှာလည်း စက်တင်ဘာလအတွင်းမှာ တပြိုက်နက်တည်း နေ့စဉ် လေးပွဲမှ ငါးပွဲ ပြသသွားမှာ ဖြစ်တယ်လို့လည်း ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးရေးသားထားတာ တွေ့ရပါတယ်။
ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်မင်းသားဖြစ်တဲ့ ဥက္ကာမင်းမောင်ကလည်း ဒီဇာတ်ကားကို ရိုက်ကူးဖို့ ကမ်းလှမ်း ခံရစဉ်က စိန်ခေါ်မှုမျိုးတွေရှိတဲ့ ကာရိုက်တာမျိုးကို ဂုဏ်ယူစွာနဲ့ ရိုက်ပါတယ်လို့လည်း ဧရာဝတီကို ဖြေကြားခဲ့ဖူး ပါတယ်။ ဝေဖန်ပြောဆိုမှုတွေနဲ့အတူ ပရိသတ်စိတ်ဝင်စားနေခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကို ရုံတင်တဲ့အခါမှာလည်း ပရိသတ်လက်ခံအားပေးမှု အနေအထား ဘယ်လိုရှိလာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
“မေထုန်ရာသီဖွား” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်များအဖြစ် ဥက္ကာမင်းမောင်၊ ငြိမ်းချမ်းကျော်နဲ့ အေးမြတ်သူတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ၂၀၁၆ ခုနှစ် နှစ်စပိုင်းလောက်က စတင်ရိုက်ကူးခဲ့တာလို့ သိရပါတယ်။