တောင်နှင့်မြောက် ကိုရီးယားစစ်ပွဲကာလကို အခြေခံပြီး ရိုက်ကူးထားတဲ့ Operation Chromite ရုပ်ရှင်ဇာတ်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်တဲ့အကြောင်းကို ဇူလိုင်လ ၂၀ ရက်နေ့က ဆိုးလ်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲကနေ ပြောကြားလိုက်တာပါ။
ဒီရုပ်ရှင်ဇာတ်ကားမှာ တောင်ကိုရီးယားထိပ်တန်း သရုပ်ဆောင်တွေဖြစ်တဲ့ လီဂျန်ဂျေး၊ လီဘန်ဆိုးနှင့်အတူ ဟောလိဝုဒ် သရုပ်ဆောင်ဖြစ်တဲ့ လိုင်ယမ် နက်ဆင် (Liam Neeson) တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ လီဂျေဟန် က တာဝန်ယူရိုက်ကူးခြင်းဖြစ်ကာ CJ Entertainment မှ ထုတ်လုပ်ရိုက်ကူးခြင်းဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားဟာ ဟောလိဝုဒ် ရုပ်ရှင်ဈေးကွက်သို့ ထိုးဖောက်ရန် ရည်ရွယ်ပြီး ထုတ်လုပ်ရိုက်ကူးခြင်းလည်း ဖြစ်ပါတယ်။
Operation Chromite ရုပ်ရှင်တွင် လိုင်ယမ် နက်ဆင် က အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ဒေါက်ကလပ် မက်အာသာ အဖြစ် သရုပ်ဆောင်ထားပြီး တောင်ကိုရီးယားရေတပ်မှ ဗိုလ်မှုး ဂျန်ဟော့ဆိုးအဖြစ် လီဂျန်ဂျေး၊ မြောက်ကိုရီးယားအထူး ကွန်မန်ဒို တပ်ဖွဲ့မှ ဗိုလ်ကြီးလင်ဂေဂျင်အဖြစ် လီဘန်ဆိုးတို့က သရုပ်ဆောင်ထားကြတာပါ။
အဆိုပါ ရုပ်ရှင်ဟာ ၁၉၅၃ ခုနှစ်က အင်ချွန်းဒေသတွင် ဖြစ်ပွားခဲ့သော တောင်နှင့်မြောက်ကိုရီးယားစစ်ပွဲတွင် အမေရိကန်တပ်ဖွဲ့မှ ပါဝင်ကူညီတိုက်ခိုက်ရင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒါရိုက်တာ လီ ကတော့ Operation Chromite ရုပ်ရှင်ဟာ စစ်ကားလို့ဆိုပေမယ့် စစ်ပွဲတပွဲမှာ ပါဝင်ကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်အယူအဆတွေအပြင် စစ်ပွဲတပွဲကို တိုက်ခိုက်ကြတဲ့အခါမှာ သူတို့ရဲ့ ခံစားချက်၊ ခံယူချက်တွေကို အဓိကတင်ပြထားတဲ့ ရုပ်ရှင် အဖြစ် ဆိုနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒါရိုက်တာလီက “စစ်ပွဲတပွဲ ဖြစ်ပွားတဲ့အခါတိုင်းမှာ အရှုံးအနိုင် နှစ်ခုထဲက တခုပဲ။ ရှုံးတဲ့ဘက်ကဖြစ်ဖြစ် နိုင်တဲ့ဘက်ကဖြစ်ဖြစ် စစ်သည်တွေ ကျဆုံးရတယ်။ စစ်သည်တွေရဲ့ အသက်တွေကိုရင်းပြီးမှ စစ်ပွဲရဲ့ရလဒ်က ဖြစ်လာတာပါ။ စစ်သည်တွေ ကျဆုံးရတဲ့အခါမှာ သူတို့ရဲ့မိဘဆွေမျိုးအပါအဝင် မိတ်ဆွေသူငယ်ချင်း အားလုံးဟာ နာကျင်ကြေကွဲ ဝမ်းနည်းရတယ်ဆိုတာ အစဉ်အလာပါပဲ။ စစ်ကြောင့်ဖြစ်ရတဲ့ ကြေကွဲဝမ်းနည်းဖွယ်ရာတွေ နည်းပါးအောင် စစ်ပွဲကို ကိုယ်တိုင်ဦးစီးရတဲ့ ခေါင်းဆောင်တွေက စစ်ပွဲရဲ့ ပုံသဏ္ဍန်ကို ဘယ်လိုပြောင်းလဲ ပုံဖော်ကြမလဲဆိုတဲ့ သူတို့ရဲ့ အတွေးအခေါ်ကို ဒီရုပ်ရှင်မှာ တင်ပြသွားမယ်” လို့ ဆိုထားပါတယ်။
CJ Entertainment မှ တာဝန်ရှိသူတဦးကလည်း မိမိတို့ ကုမ္မဏီမှ တောင်နှင့်မြောက်ကိုရီးယားစစ်ပွဲကာလကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကို ထုတ်လုပ်ရိုက်ကူးခွင့်ရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်လို့ ဆိုထားပြီး ဒီ ရုပ်ရှင်ကို ကိုရီးယားရုပ်ရှင်ဈေးကွက်တင်သာမက အမေရိကန်ရုပ်ရှင်ဈေးကွက်အထိ ထိုးဖောက်နိုင်ဖို့အတွက် ကြိုးစား သွားမှာဖြစ်ကြောင်း ပြောကြာခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင်လ ၂၇ ရက်မှ စတင်ရုံတင်ပြသမှာဖြစ်ပြီး အမေရိကန်တွင် လာမယ့် သြဂုတ်လတွင် ရုံတင်ပြသနိုင်ရန်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
Ref: http://www.koreaherald.com