တနှစ်ပတ်လုံး ကပြဖျော်ဖြေနိုင်မည့် ဇာတ်သဘင် တည်ထောင်ခွင့်ပါမစ် ပြုလုပ်ပေးမှုများ ကြန့်ကြာနေသဖြင့် ယခုနှစ်သဘင်ရာသီအတွက် ပွဲလက်ခံရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မန္တလေးသဘင် လောကမှ သိရသည်။
တည်ထောင်ခွင့်ပါမစ်ဆိုသည်မှာ သဘင်ရာသီကျရောက်သည့် အချိန် တနှစ်ပတ်လုံးအတွက် လုပ်ကိုင်ခွင့် ရသည့် လုပ်ငန်းလိုင်စင် တမျိုးဖြစ်ပြီး မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က တည်ထောင်ခွင့်ပါမစ်များ ထုတ်ပေးခြင်းဖြစ်သည်။
“မန္တလေးက ဇာတ်သဘင်များက ခေတ်အဆက်ဆက် တည်ထောင်ခွင့်ပါမစ်ကို ဒီနေ့ လူတွေ့စစ်ဆေးပြီးရင် နောက်ရက် တည်ထောင်ခွင့်ပါမစ်ကို လက်ဝယ်ကိုင်ဆောင်ချင်သူ လုပ်ငန်းဦးစီးများ ဖြစ်တယ်။ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)က ဒီနှစ်မှာ တည်ထောင်ခွင့်ပါမစ်တွေကို ချုပ်ကိုင်ထားဆဲကာလမှာ တိုင်းသဘင်အစည်းအရုံးရဲ့ ထောက်ခံစာနဲ့ ပွဲလက်ခံနေရပါတယ်။ လုပ်ငန်းလိုင်စင် မရသေးတော့ ပွဲငှားတွေရဲ့ ယုံကြည်မှုကင်းမဲ့တာ ခံနေရတယ်။ မလိုလားအပ်တဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေရပါတယ်”ဟု အောင်ပွဲသစ် ဇာတ်ပွဲ တည်ထောင်သူ ဦးဖိုးဇော်က ပြောသည်။
မန္တလေးသဘင်လောကတွင် သဘင်ရာသီကို ဝါဆိုလဆန်း ၁ ရက်နေ့မှ နောက်နှစ် နယုန်လကွယ် အထိ သတ်မှတ်ထားပြီး တည်ထောင်ခွင့် ပါမစ်များကို တနှစ်တကြိမ် ပြုလုပ်ရကြောင်း၊ ဇာတ်၊ အငြိမ့်၊ ဆိုင်းများ၏ သတ်မှတ် လူဦးရေ အတိုင်း ပါ၊ မပါကို လူတွေ့စစ်ဆေးပြီးမှ ပါမစ် ထုတ်ပေးကြောင်း သိရသည်။
“ဒီရက်ထဲမှာ ပွဲတပွဲ လက်ခံရတယ်။ ပွဲငှားက ပါမစ်မိတ္တူ တောင်းတယ်၊ အဲဒီမှာ အခက်အခဲ ဖြစ်တော့တာပဲ။ အရင်နှစ်တွေက ဆိုရင် ဒီနေ့ပါမစ် စစ်ဆေးပြီးရင် နောက်နေ့ ပါမစ်ရတယ်။ ပြောရမယ်ဆိုရင် ဒီပါမစ်နဲ့ တနှစ်လုံး သွားရတာ။ တပွဲငှားတိုင်း တပွဲစာ ထောက်ခံစာ တောင်းနေရင် အဆင်မပြေတော့ဘူး။ ကျနော်ဆို ပွဲ ၂ ပွဲရတာကို ပါမစ်တွေရတာနဲ့ အမြန်ဆုံး ပို့ပေးပါမယ်လို့ တောင်းပန်ထားရတယ်။ ထောက်ခံစာအစား ပါမစ် အမြန်ဆုံးရအောင် လုပ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု မန်းသပြေကလစ်လွင် အငြိမ့်တည်ထောင်သူ လူရွှင်တော် ရွှေစတားဆုရ ကိုသာလောင်က ပြောပြသည်။
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ အဆိုအရ တည်ထောင်သူများသည် သက်ဆိုင်ရာမြို့နယ် သဘင်အစည်းအရုံးများနှင့် စာချုပ်ချုပ်ဆို၍ တည်ထောင်ခွင့်ပါမစ် ပြုလုပ်ကြရမည်ဖြစ်သည်။ နတ်ဆိုင်း ၇ ဦး၊ ဆိုင်း ၁၁ ဦး၊ အငြိမ့် ၃၀ ဦး၊ လူရွှင်တော်များအဖွဲ့ ၅ ဦး၊ အိုးစည်/ဒိုးပတ်အဖွဲ့ ၅ ဦး၊ ခါးပြတ်အငြိမ့် (ကုတင်ထိုး) ၅ ဦး၊ စည်တော်ကြီး ၅ ဦး၊ ဇာတ်အဖွဲ့ ၄၀ ဦး ပါဝင်ရမည် ဖြစ်ပြီး တည်ထောင်ခွင့် ပါမစ်များကို သီတင်းကျွတ်လပြည့် မတိုင်မီ ပြုလုပ်ကြရန် သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းက “တည်ထောင်ခွင့်ပါမစ်တွေကြောင့် အခက်အခဲ မဖြစ်စေရပါဘူး၊ ရက်ပိုင်းအတွင်း ရရှိနိုင်အောင် လုပ်ဆောင်ပေးနေပါတယ်၊ ဒီနှစ်အတွက် တည်ထောင်ခွင့်တွေကို အတုလုပ်လို့မရနိုင်အောင်နဲ့ တိတိကျကျ ရှိစေချင်တဲ့အတွက် သေချာ စနစ်တကျ ပြုလုပ်ပေးနေတာကြောင့် နှောင့်နှေးကြန့်ကြာနေရတာပါ၊ အသားတံဆိပ်တွေပါမယ်။ ပါမစ်ရတဲ့အဖွဲ့ရဲ့ အချက်အလက်တွေ အားလုံးကို ကွန်ပျုတာနဲ့ ထည့်သွင်း သိမ်းဆည်းထားနိုင်အောင် အထိ လုပ်ဆောင်နေတာကြောင့်ပါ။ ရက်ပိုင်းအတွင်း တနိုင်ငံလုံးကို ပါမစ်တွေ ရရှိအောင် လုပ်ဆောင်ပေးသွားမှာပါ”ဟု ပြောသည်။
တည်ထောင်ခွင့်ပါမစ်များ ပြုလုပ်ပေးရာတွင် ယခင်နှစ်များက ဇာတ်၊ အငြိမ့်၊ ဆိုင်းများအားလုံး တည်ထောင်ခွင့်ပါမစ် အတွက် ကျပ် ၁၅၀၀၀ နှုန်း ပေးသွင်းကြရကြောင်း၊ ယခုနှစ်တွင် ဇာတ်အဖွဲ့အတွက် ကျပ် ၁၅၀၀၀၀၊ အငြိမ့် နှင့် ဆိုင်းများအတွက် ကျပ် ၁၀၀၀၀၊ ဘိသိတ်အတွက် ကျပ် ၅၀၀၀၀ ဖြင့် သတ်မှတ်ပေးထားကြောင်း သိရသည်။
“ဗဟိုကနေ ပါမစ်မရသေးခင် ထောက်ခံစာ ပြုလုပ်ပေးထားပါတယ်၊ မကြာခင်မှာ ပါမစ်တွေရမယ်လို့ ဗဟိုက ညွှန်ကြားထားပါတယ်။ ဗဟိုအနေနဲ့လည်း စပ်ကူးမတ်ကူး ကာလဆိုတော့ အခက်အခဲတော့ ရှိပါတယ်။ တနိုင်ငံလုံး အတွက် အလုပ်လုပ်ကြရတာ ဖြစ်တော့ ဗဟိုကော်မတီ လူအင်အားနဲ့ မနိုင်ဘူး ဖြစ်နေတာကြောင့်ပါ၊ ပါမစ်တွေကို စနစ်တကျ ပြုလုပ်ပေးနေတာကြောင့် နှောင့်နှေး ကြန့်ကြာနေရခြင်း ဖြစ်ပါတယ်။ ပါမစ်မရခင် တိုင်းက ပေးလိုက်တဲ့ ထောက်ခံစာကြောင့် ပြသနာတစုံတရာ ဖြစ်ပေါ်လာရင် တာဝန်ယူ ဖြေရှင်းပေးသွားမှာပါ” ဟု မန္တလေးတိုင်း သဘင်ပညာရှင်များ အစည်းအရုံး ဒု ဥက္ကဋ္ဌ ဦးမောင်မော်က ပြောသည်။