မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ တွေ့ရတဲ့ အင်းသား အစားအစာတမျိုးရဲ့ အမည်က ထူးထူးဆန်းဆန်းပါပဲ။ “ငါးဒုက္ခဟင်း” တဲ့။ ကြွပ်ကြွပ်ရွရွနဲ့ ပူစပ်စပ် အရသာရှိတဲ့ ငါးဒုက္ခဟင်းကို အင်းလေးဒေသမှာ အများဆုံး ချက်ပြုတ်ကြတာ တွေ့ရသလို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာလည်း ချက်ပြုတ်ကြတာတွေ့ရပါတယ်။ မိုးအေးအေးနဲ့ လိုက်ဖက် စားသုံးဖို့ ငါးဒုက္ခဟင်း တခွက် ဘယ်လိုချက်သလဲ ဆိုတာ တင်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
တီလားဘီးယားငါး (ငါးဥပါ) တကောင်၊ ခရမ်းချဉ်သီး အရွယ်သင့်၂ လုံး၊ ဂျင်းတက် ၁ တက်၊ ကြက်သွန်မြိတ် အနည်းငယ်၊ ငရုတ်သီးစိမ်း ၈ တောင့်ခန့်၊ သံပုရာသီး တလုံး၊ ကြက်သွန်ဖြူ အနည်းငယ်တို့ ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
ရေဆေးထားတဲ့ တီလားဘီးယားငါးကို ဗိုက်ထဲမှ ငါးဥများ ထုတ်ယူပြီး သတ်သတ် ဖယ်ထားပါ။ ငါးဥတွေကို နုပ်နုပ်စဉ်း ထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဂျင်းတွေနဲ့ မွှေချက်ချက်ပါ။ ငါးဥမွှေချက် ကျက်ပါက တဝက်ချန်ထားပြီး တဝက်ကို ငါးဗိုက်ထဲ ထည့်ပြီး အစာသွပ်ပါ။ အပြင် ပြန်မထွက်အောင် နှီးနဲ့ သုံး လေး ငါးပတ် ချည်ပါ။ အဲ့ဒီလို အစာသွပ်ပြီးသား ငါးကို ဆီပူထဲ ပြန်ထည့်ကြော်ပါ။
ကြွပ်နေတဲ့ ငါးကြော်ကို ဆယ်ယူပြီး အပေါ်ကနေ စောစောက တဝက်ချန်ထားတဲ့ ငါးဥမွှေချက်ကို လောင်းတင်လိုက်ပါ။ မွှေးပျံ့တဲ့ အနံ့နဲ့ ဆွဲဆောင်နေတဲ့ ငါးဒုက္ခကို စားသုံးဖို့ အဆင်သင့် ဖြစ်ပြီပေါ့။ ငါးဒုက္ခနဲ့ တွဲဖက်စားသုံးဖို့ ဆော့အချဉ် အတွက် ကြက်သွန်နီ၊ ငရုတ်သီးစိမ်းကို ထောင်းပြီး သံပုရာသီး ညှစ်ကာ ပြုလုပ်ရမှာပါ။
ရည်ညွှန်း။ ။မြန်မာအစားအသောက်များ