ပြည်တွင်းဈေးကွက်မှာ အသေးစား ကုန်တင် မော်ဒယ်တွေ အနေနဲ့ ဒီနေ့ဆို ဈေးကွက် ဝင်နေတဲ့ မော်ဒယ်တွေ မနည်းတော့ပါဘူး။ Daihatsu Hijetနဲ့ Suzuki Carryတွေ ကနေ ဈေးကွက် ခြေချလာတဲ့ ဒီမော်ဒယ်တွေကနေ နောက်ပိုင်း Subaru Samber, Nissan Clipper, Honda Actyတွေကနေ အခု ပြောပြချင်တဲ့ Mazda Scrumအထိ ဖြစ်လာပါပြီ။
ဈေးကွက်ဝင်လာတဲ့ အထဲမှာတော့ နောက်အကျဆုံး ဖြစ်ပေမယ့် မော်ဒယ် နည်းနည်း နိမ့်တဲ့ အနေအထား ဖြစ်သည့် တိုင်အောင် ဈေးနည်းနည်း မြင့်ချင်နေတာ တွေ့ရပါတယ်။ လက်ရှိ ဈေးကွက်ဝင်တွေထဲမှာ စွမ်း ဆောင် ရည် သင့်သင့်၊ ဈေးချိုချိုနဲ့ ရနိုင်တဲ့ Suzuki Carryထက် ဈေးနည်းနည်း ပိုချင်ပြီး အခု မော်ဒယ်ရဲ့ အားသာချက် ကတော့ ဝန်တင်ဆောင် ရုန်းကန်နိုင်မှု ပိုကောင်းတာ ဖြစ်ပါတယ်။
ကိုယ်ထည် အရွယ်အစားနဲ့ တပ်ဆင်အင်ဂျင်အရွယ်တွေက မကွာခြားတာကြောင့် မော်ဒယ် တခုနဲ့ တခု သိသာ လောက်တဲ့ စွမ်းဆောင်ရည် ကွာခြားမှု မရှိဘူးလို့ ဆိုနိုင်ပေမယ့် တကယ်တမ်း ခိုင်းကြည့်မယ် ဆိုရင် တော့ Scrum က ဝန်ပိုတင်နိုင်တာ တွေ့နိုင်ပါတယ်။
နောက်ထပ် အားသာချက် တစ်ခုက မော်ဒယ်အနေနဲ့ ၂၀၀၆ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်လောက်ပဲ ဈေး ကွက် မှာ ရနိုင်နေတယ် ဆိုပေမယ့် Autoစနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်တဲ့ တစ်ချက်က Carryလို မော်ဒယ်ထက် ဈေးနည်းနည်း ပိုချင်တယ် ဆိုသည့်တိုင်အောင် စိတ်ကြိုက်ဖြစ်လာစေမှာပါ။
ဒီစနစ်က အမျိုးသမီးတွေ မောင်းနှင်ဖို့ အတွက်ပါ အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပြီးတော့ ခရီးဝေး မောင်းနှင် မှုတွေ အတွက်ပါ သက်သာစေပါလိမ့်မယ်။ ရုပ်ထွက်ပိုင်းမှာက Carryတွေနဲ့ ဆင်တူပြီး ရုပ်ထွက်ပိုင်းက ဆွဲဆောင်မှု ကောင်းတယ်လို့ ပြောလို့ မရပါဘူး။ ၆၆၀ စီစီသုံး အင်ဂျင်ကိုပဲ တပ်ဆင်ထားတာ တွေ့ရပြီး Gasolineနဲ့ သွားမှာပါ။ ဒီနေရာမှာ မော်ဒယ်က ၂၀၀၆ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်ဖြစ်လို့ သိပ်တော့ မထင်မသေးလိုက််ပါနဲ့။
ဈေးကွက်မှာ ရွေးချယ်နိုင်စရာ မော်ဒယ် အများအပြား ရှိနေပြီး မောင်းနှင်ပြီး ကီလို ၄သောင်းကနေ ၈သောင်း လောက်ထိအောင် မော်ဒယ် အမျိုးမျိုးရှိပြီး ဈေးနှုန်းက ကီလိုအပေါ်မှာ မူတည်ကာ ကျပ် ၃သိန်းလောက်ထိ ဈေးကွာနိုင်ပါတယ်။
အဖြူရောင်တစ်မျိုးတည်းပဲ ဈေးကွက်မှာတွေ့ရပြီး အသက်ကယ် လေအိတ်စနစ်လည်း ထည့်ထားတယ်၊ ယာဉ် မောင်း အတွက် လေအိတ်စနစ် အပြင် တချို့မော်ဒယ်မှာ ဘေးဘက် ခရီးသည်အတွက်ပါ လေအိတ်စနစ် ပါရှိတာ တွေ့ရပါတယ်။ ခေါင်းခန်း ကျယ်ဝန်းသလို CDလို ဖျော်ဖြေရေးစနစ်လည်း ထည့်သွင်းထားတာ တွေ့ရပြီး Air-Conပါရှိတဲ့ မော်ဒယ်လည်း ဈေးကွက်မှာ ရှာဝယ်မယ်၊ အချိန်နည်းနည်းပေးမယ် ဆိုရင် ရနိုင်ပါတယ်။
ဒါပေမယ့် Air-Conလောက်ထိအောင်ပါ လိုချင်တယ် ဆိုရင်တော့ ပုံမှန် ကီလို အပေါ်မှာ ၇၅သိန်း လောက် ဈေးပေါက် နေရာကနေ သိန်း ၈၀လောက်ထိအောင် ရောက်သွားနိုင်ပါတယ်။ တခု ရှိတာက Air-Conပါ သုံးမယ် ဆိုရင် အင်ဂျင် အသေးစားတပ် မော်ဒယ်အတွက် အဆင်ပြေမှာ မဟုတ်လို့ ဒီစနစ်ကို ထည့်မစဉ်းစားဘဲ ကီလို နည်းနည်းပဲ ခိုင်းထားသေးတဲ့ မော်ဒယ်ကိုပဲ ဈေးအတတ်နိုင်ဆုံး ချိုသာအောင် ဝယ်ယူနိုင်မယ် ဆိုရင် အဆင် ပြေ လိမ့်မယ်။