ထုတ်လုပ်မှု ရပ်နားသွားခဲ့ပြီဖြစ်တဲ့ Maybachရဲ့ မော်ဒယ်တွေက အခုချိန်ထိအောင် အဆင့်မြင့် ဇိမ်ခံ မော်ဒယ်တွေ အဖြစ် အသုံးပြုနေဆဲ ဖြစ်သလို ဈေးကွက်မှာလည်း အဆိုပါ မော်ဒယ်မျိုးတွေကို လိုချင်သူတွေ ရှိနေဆဲပါ။ ဒါကြောင့်လည်း Maybachရဲ့ ရုပ်ထွက်နဲ့ ဒီဇိုင်းမျိုးကို ချိုးဆစ်ပြီး VWက Eosနာမည်နဲ့ ဈေးကွက်တင်လာတာ တွေ့ရပါတယ်။
အမိုးဖွင့် အမျိုးအစား ဇိမ်ခံတန်းဝင် Eosအနေနဲ့ကတော့ စွမ်းဆောင်ရည်ပိုင်းထက် ဇိမ်ခံပိုင်းကို ဦးစားပေး ဖန်တီးထားတာလည်း တွေ့ရပါတယ်။ မော်ဒယ်ရဲ့ အားသာချက်အနေနဲ့ကတော့ အမိုးတင်ထားတဲ့ အချိန်မှာကိုပဲ အဆိုပါ အမိုးစနစ်မှာ Sunroofပုံစံကို ခံစားနိုင်အောင် ထည့်သွင်းထားတာ တွေ့နိုင်ပါတယ်။ နောက်ပြီးတော့ အတွင်းခန်း အပြင်အဆင်နဲ့ အရည်အသွေးတွေက ဇိမ်ခံ မော်ဒယ်တွေနဲ့ ပြိုင်ဆိုင်နိုင်လောက်အောင် မြင့်မားပြီး ပြိုင်ဖက် မော်ဒယ်တွေထက် ပိုမို ကောင်းမွန်တဲ့ သားရေသားတွေ ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဒါ့အပြင် အင်ဂျင်ပိုင်းက စွမ်းဆောင်ရည် အထူးကောင်းမွန်ပြီး မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုထက် အကူစနစ်နဲ့ စိတ်ကြိုက်သုံးနိုင်မှုနဲ့ ခရီးဝေး မောင်းနှင်နိုင်မှုတွေကို ဦးစားပေး ဖန်တီးထားတာ တွေ့ရပါတယ်။
အားနည်းချက်အနေနဲ့ကတော့ နောက်ဖက် ထိုင်ခုံတန်း နေရာက နည်းနည်း ကျဉ်းချင်သလို ပျော့ပျောင်းမှု လည်း အားနည်းနေချင်တာ တွေ့ရပါတယ်။ နောက်တချက်က သက်တောင့်သက်သာရှိမှုကို ဦးစားပေး ဖန်တီးထားတာ ဖြစ်ပြီး မောင်းနှင်ရမှုနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ဖြစ်စေမယ့် အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေ အားနည်းချင်ပါတယ်။
ပြီးတော့ အကူစနစ်နဲ့ Displayစနစ် အတွက် တပ်ဆင်ထားတဲ့ Touchစနစ်က ခေတ် နည်းနည်း ကျန်နေချင်တာ တွေ့ရပြီး အသုံးပြုတဲ့ အချိန်တွေမှာ လုပ်ဆောင်မှု နှေးချင်နေတာ တွေ့ရပါတယ်။
ခရီးသည် ၅ယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မယ့် အသေးစား ဇိမ်ခံ အမိုးဖွင့် မော်ဒယ်ဖြစ်ပြီး အလျား အနေနဲ့ ၁၄ပေနဲ့ ၆ ဒသမ ၁လက်မ၊ မျက်နှာစာ အကျယ်က ၅ပေနဲ့ ၁၀ ဒသမ ၅လက်မနဲ့ အမြင့်ကတော့ ၄ပေနဲ့ ၈ ဒသမ ၉လက်မပဲ ရှိပါလိမ့်မယ်။ အတွင်းခန်း အနေအထားကို ကြည့်မယ် ဆိုရင် ရှေ့ဖက်ခန်းက ၅၄ ဒသမ ၇လက်မနဲ့ နောက်ဖက်ခန်းက ၄၁ ဒသမ ၅လက်မပဲရှိမှာပါ။
တပ်ဆင်အင်ဂျင်က ပုံမှန် လေးလုံးထိုး ၂ ဒသမ ဝလီတာသုံး အင်ဂျင်ဖြစ်ပြီး Turbochargedစနစ်ကို ထည့်ထားပါ သေးတယ်။ မော်ဒယ်က ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်ပြီးတော့ အင်ဂျင်က မြင်းကောင်ရေ ၂၀၀အား ထုတ်လုပ်ပေးနိုင်မှာပါ။ Transmissionပိုင်းမှာက Automated Manualနဲ့ ဖြစ်ပြီး ဂီယာချက် ၆ချက်ကို သုံးနိုင်မှာပါ။ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်း အတွက် မော်ဒယ်က အချိန် ၇ ဒသမ ၃စက္ကန့်ထိအောင် ယူမှာ ဖြစ်လို့ ပြိုင်ဖက် မော်ဒယ်တွေထက် နှစ်စက္ကန့်နီးပါးလောက်ထိအောင် နောက်ကျ နေတာလည်း ဖြစ်ပါတယ်နော်။
ဒါပေမယ့် ဆီစားနှုန်း အထူးချိုသာအောင် ဖန်တီးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်း အားနည်းချင်တာက အပြစ်ပြောဖို့တော့ နည်းနည်း ခက်နေစေပါတယ်နော်။ ဆီစားနှုန်း အပိုင်းမှာတော့ ဆီတဂါလံကို ပျမ်းမျှ ၂၆မိုင်ထိ စီးနင်းနိုင်မှာ ဖြစ်ကာ တပ်ဆင် ဆီတိုင်ကီကတော့ ၁၄ ဒသမ ၅ဂါလံ ဝင်ဆံ့မှာလည်း ဖြစ်ပါတယ်။
ဒါဆိုရင်တော့ အမိုးဖွင့် ဈေးကွက်ကို အခုမှ ခြေချဖို့ ကြိုးစားလာတဲ့ VWအတွက် Audiရဲ့ မော်ဒယ်တွေလောက် ကိုတောင် စွမ်းဆောင်ရည်ပိုင်းက အစ ဆီစားနှုန်းထိအောင် ချိုသာ ကောင်းမွန်အောင် ဖန်တီးနိုင်ခြင်း မရှိသေး တာ တခုက အားရစရာ မဟုတ်သေးပဲ ဈေးနှုန်းပိုင်းမှာ ချိုချိုသာသာနဲ့ ဈေးကွက်တင်လာတာကတော့ စိတ်ကြိုက်ဖြစ်စရာပါပဲ