Lifestyle

၂၀၁၆ တယ်လီနောလူငယ်ဖိုရမ် အတွက် လူငယ် ၂၀ ဦး ပဏာမရွေးချယ်

This article has been converted from Zawgyi One to Unicode

တယ်လီနော မြန်မာက နော်ဝေနိုင်ငံ အော်စလိုမြို့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့မှာ ကျင်းပမယ့် “တယ်လီနော လူငယ် ဖိုရမ်” (Telenor Youth Forum) အတွက် လူငယ် ၂၀ ဦးကို ပဏာမစာရင်းဝင်အဖြစ် ရွေးချယ်လိုက်ပြီလို့ သတင်းရရှိ ပါတယ်။

ပဏာမစာရင်းဝင် ရွေးချယ်ခံရတဲ့ လူငယ်များအနေနဲ့ ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်တို့မှာ ပြုလုပ်မယ့် စွမ်းရည်မြှင့် သင်တန်းကို တက်ရောက်ကြရမှာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းက ၂ ရက်တာ ကြာမြင့်မှာဖြစ်ပြီး တီထွင်ဆန်းသစ်မှု၊ နည်းပညာ အသုံးချနိုင်မှု၊ ပြောဆိုဆက်ဆံမှုနဲ့ အင်္ဂလိပ်စာ အရည်အသွေးများ ပိုမိုကောင်းမွန်လာအောင် သင်ကြားသွားမယ်လို့ သိရပါတယ်။

သင်တန်းအပြီးမှာ ဆန်ခါတင် လူငယ် ၄ ဦးကို ထပ်မံ ရွေးချယ်သွားမည်ဖြစ်ပြီး ၄ ဦးထဲကမှ နောက်ဆုံးအဆင့် ၂ ဦးကို အပြီးသတ် ဆက်လက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ဖိုရမ်အတွက် လူငယ်ပေါင်း ၁၀၀ နီးပါး လျှောက်ထားခဲ့ကြတယ် လို့ သိရပါတယ်။

“မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သွားရောက်မယ့် နောက်ဆုံးအဆင့် လူငယ် ၂ယောက်ကို ရွေးချယ်ဖို့ဆိုတာ ခဲခဲယဉ်းယဉ်း ရွေးချယ်ရမယ့် ကိစ္စတခုပါပဲ။ လူငယ်တွေအနေနဲ့ နည်းပညာကို အသုံးပြုပြီး လူအဖွဲ့အစည်း ပြောင်းလဲဖို့ ဘယ်လောက် အထိ စိတ်အား ထက်သန်တယ်ဆိုတာ တွေ့ရလို့ အများကြီး ကျေနပ်မိတယ်။ လူငယ်ဖိုရမ်ကို တက်ရောက်မယ့် လူငယ်တွေ သူတို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေမှာ အထောက်အကူဖြစ်စေမယ် ဆိုတာ ယုံကြည်ပါတယ်” လို့ တယ်လီနောမြန်မာ Business Sustainability ဌာနတာဝန်ခံ ဦးမင်းသူက ပြောပါတယ်။

Telenor Youth Forum ကို နိုဗယ်ငြိမ်းချမ်းရေးစင်တာနဲ့ တယ်လီနောမှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တယ်လီနော ဈေးကွက် များရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူငယ်ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး နှစ်စဉ်ကျင်းပနေတဲ့ လူငယ်ဖိုရမ်တခု ဖြစ်ပါတယ်။

“၂၀၁၆ တယ်လီနောလူငယ်ဖိုရမ်”ကို ၂၀၁၆၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အတွင်း နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကျင်းပ မှာဖြစ်ပြီး အဲဒီအချိန်ဟာ နိုဗယ်ငြိမ်းချမ်းရေးဆုများ ချီးမြှင့်တဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။ ဖိုရမ်ကို တက်ရောက်မယ့် နိုင်ငံအသီးသီးမှ ကိုယ်စားပြုလူငယ်များအနေနဲ့ ဖိုရမ်အတွင်း အဖွဲ့အလိုက် ဆွေးနွေးဆောင်ရွက်မှုတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။

ဖိုရမ်ကို ပါဝင်တက်ရောက်ဆွေးနွေးသူ လူငယ်များအနေနဲ့ ၂၀၁၇ ခုနှစ်၊ မေလအတွင်း ဘန်ကောက်မှာ နောက်တကြိမ် ပြန်လည် တွေ့ဆုံဆွေးနွေးသွားကြရမှာဖြစ်ပြီး ဖိုရမ်မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ရလဒ်တွေနဲ့ နောက်ဆုံးအချက်အလက်တွေကို အော်စလိုမြို့မှာရှိတဲ့ နိုဗယ်ငြိမ်းချမ်းရေးစင်တာနဲ့ အတူကျင်းပမယ့် နည်းပညာပြပွဲမှာ ဝင်ရောက်ပြသခွင့်ရမယ်လို့ သိရှိရပါ တယ်။

Loading