အစားသောင်းကျန်းလို့၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့ ဝိတ်တက်တာက ပုံမှန်ဆိုပေမယ့် အဲသလို မဟုတ်ဘဲ အခြေအနေ တခုခုကြောင့် ကိုယ်အလေးချိန် တက်ရတဲ့အခါ စိတ်မသက်သာ ဖြစ်ရပါတယ်။
အထူးသဖြင့် အအိပ်အနေ နည်းသူတွေ၊ စိတ်ကျရောဂါ ဖြစ်နေသူတွေ၊ ဆေးဝါး သောက်သုံးနေရသူတွေ (သွေးတိုး၊ ဆီးချို၊ စိတ်ရောဂါ စတာတွေအတွက် သောက်ရတဲ့ဆေးတွေနဲ့စတီးရွိုက်ဟော်မုန်း စသဖြင့် သောက်သုံးနေရသူတွေ)၊ သိုင်းရွိုက် အကျိတ် အလုပ်ကောင်းကောင်း မလုပ်သူတွေ၊ မျိုးဥအိမ်မှာ အိတ်ကလေးတွေ တည်တတ်တဲ့ အမျိုးသမီးတွေစတဲ့ အနေအထားတွေမှာ အလိုလိုနေရင်း ကိုယ်အလေးချိန်တွေတက်၊ ဝိတ်တွေ များလာတတ်ပါတယ်။ အဲသလို အခြေအနေမှာ လုပ်သင့်တာလေးတွေ လမ်းပြပေးချင်မိပါရဲ့။
ဆေးမရပ်ပါနဲ့
ကိုယ်သောက်နေတဲ့ ဆေးတွေကနေ ဝိတ်တက်လာတာ ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာ ရပ်မပစ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပါ။ ဆေးက ရောဂါအတွက် သိပ်အရေးကြီးနေရင် ဝတာကို လက်ခံရမှာပါ။ ဒါပေမယ့် နောက်ထပ် ကျန်းမာရေးပြဿနာတွေ ဖြစ်လောက်အောင် ဝိတ်တက်လာမှာမျိုးကျတော့ ဆရာဝန်က ကူညီနိုင်မှာပါ။
တခြားသူနဲ့ မနှိုင်းပါနဲ့
ကိုယ့်လို ဆေးသောက်နေတဲ့ တခြားသူတွေနဲ့ သွားမနှိုင်းယှဉ်ပါနဲ့။ လူတိုင်းက ဆေးကို တုံ့ပြန်ပုံ မတူညီပါဘူး။ တချို့က ဒီဆေးသောက်ပြီး ပိန်ကျသွားတယ် ပြောသလို တချို့က ဒီဆေးသောက်ပြီး ဝလာတယ် ဆိုတာမျိုးတွေက မလွဲမသွေ ရှိနေတတ်လို့ပါ။
ဆေးရဲ့သဘောကို နားလည်ပါ
ဆေးသောက်လို့ ဝိတ်တက်လာတယ် ဆိုတာက အများအားဖြင့် ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးအရ ကိုယ်ထဲမှာ အရည်တွေ စုလာလို့ ဖြစ်ရတာပါ။ ဒါက အဆီတွေကြောင့် တက်သလို အမြဲတမ်း အလေးချိန်တက်တာမျိုး မဟုတ်ပါဘူး။ တကယ်လို့ရောဂါကို ထိန်းနိုင်လာတဲ့ အခြေအနေ ရောက်လာရင် အဲဒီ ဆေးကြောင့်ဖြစ်တဲ့ ပွယောင်းယောင်း အနေအထားက ပြန်ပြီး အဆင်ပြေသွားတာပါ။ အထူးသဖြင့် ဒီလိုအခြေအနေတွေမှာ အငန် လျှော့စားဖို့လည်း လိုပါတယ်။
ဆေးအပြောင်းအလဲ
ကိုယ့်ရဲ့ အလေးချိန် တက်လာတာက သိပ်ပြီး သိသာဆိုးရွားတယ်၊ ဒါကလည်း ဆေးသောက်ပြီးမှ ဖြစ်ရတယ်ဆို ရင်တော့ ဆရာဝန်နဲ့ ထပ်ပြီး တိုင်ပင်ရပါမယ်။ အများအားဖြင့်တော့ ဆရာဝန်က တခြား ဘေးထွက်ဆိုးကျိုးမှာ အဝမလွန်တဲ့ ဆေးတွေ ပြောင်းပေးလေ့ရှိပါတယ်။
လှုပ်လှုပ်ရှားရှား
တခါတလေတော့ ဆေးတွေကြောင့် မဟုတ်ဘဲ ကိုယ်တွင်းက ဇီဝဖြစ်ပျက်မှုတွေ နှေးကွေးလာတာကနေ ဝိတ် တက်လာတတ်ပါတယ်။ အသက်ကြီးလာတာမျိုးပေါ့။ ဒါမှမဟုတ် အသက်ကြောင့်ရော၊ ဆေးတွေကြောင့်ရော၊ ရောဂါ ကြောင့်ရော ပေါင်းစုံဖြစ်လာတတ်တာမျိုးပေါ့။
အဲဒါဆိုရင်တော့ ကိုယ်တွင်း ဇီဝဖြစ်ပျက်မှု မြှင့်တင်ပေးဖို့ လိုအပ်လာပါပြီ။ အထူးအထွေ မလိုပါဘူး။ ကိုယ်လက် လှုပ်ရှားမှုလေးတွေ လုပ်ပေးရင် အဆင်ပြေပါတယ်။
ရောဂါ၊ ဆေးဝါး၊ အသက်အရွယ်ကြောင့် ဝိတ်တက်လာတာကို စိတ်ဓာတ်မကျပါနဲ့။ အထက်က ညွှန်ပြခဲ့သလို လိုက်နာ ဆောင်ရွက်ပါ။ ဆရာဝန် အကူအညီရယ်၊ ကိုယ့်ရဲ့ စိတ်ထက်သန်မှုရယ် ပေါင်းပြီး ဝိတ်ကျစေကြောင်း ပူးပေါင်းလုပ်ဆောင် နိုင်ပါတယ်။