Land Rover ကနေ တရားဝင် Showroomဖွင့်ပြီး ကားတွေ လာရောင်းချနေတာ တွေ့နိုင်ပေမယ့် သေချာတာ တချက် ကတော့ Land Roverတွေကို စီးသူ နည်းနေပါသေးတယ်။ ဘာကြောင့်ပါလဲ၊ ဈေးကြီးလို့ပါပဲ လို့ အလွယ်ပဲ ပြောလိုက် ပါရစေ။
အခု မိတ်ဆက်ပေးမှာကတော့ Showroomက ရောင်းချတဲ့ မော်ဒယ်နဲ့ မဟုတ်ဘဲ ဈေးကွက်ထဲမှာ တပစ်ရစ် တွေ့နေရတဲ့ Land Roverရောင်းချမယ့် မော်ဒယ်နဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါပေမယ့် မော်ဒယ်က Land Roverမော်ဒယ် မှန်ပေမယ့် Range Rover တန်းဝင်အောင် ဖန်တီးထားတာ တချက်ကတော့ စိတ်ဝင်စားစရာပါ။
Land Roverက ထုတ်တိုင်း တန်ကြေးကြီး ဇိမ်ခံ အကောင်းစား မော်ဒယ်တွေ မဟုတ်ပါဘူး။ အခု ဈေးကွက်မှာတွေ့ရတဲ့ မော်ဒယ်က ၂၀၁၄ခုနှစ်မော်ဒယ်ပါ၊ မော်ဒယ်ကို အသစ် အနေအထားနဲ့ထိအောင် ဈေးကွက်မှာ ရနိုင်သလို Mileageတွေ ကြည့်ရုံနဲ့တင် အသစ်ဆိုတာ သိသာစေပါတယ်။
Octaneနဲ့ သွားမှာ ဖြစ်ပြီးတော့ အင်ဂျင်ပိုင်းမှာက ၄ ဒသမ ၈လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတယ် ဆိုတဲ့ တချက်က နည်းနည်း ကြီးနေတာ ဖြစ်လို့ ရေရှည်မှာ ဆီစားအတွက်တော့ နည်းနည်း တာသွားနိုင်တာပါ။ ဒါပေမယ့် လေအေးပေးစနစ် အပါအဝင် အကူစနစ်တွေနဲ့ ခရီးဝေး စိတ်ကြိုက်မောင်းနှင်နိုင်မှုတွေ အတွက် အခု အင်ဂျင်အရွယ်အစားက အဆင်ပြေ မှာပါ။ တဖက်က ပြန်တွက်ရင်လည်း အခုလောက် Range Roverမှ စီးမယ်ဆိုရင် ဆီဖိုးလောက်ကတော့ စဉ်းစား နေစရာတော့ မလိုပါဘူး။
မြို့တွင်းထဲလောက်ပဲ ဆိုရင် သိပ်မကြိုက်ပါဘူး။ အကြောင်းက မော်ဒယ်ရဲ့ ဈေးနှုန်းကြောင့်ပါ။ တော်တော်တန်တန် ဇိမ်ခံမော်ဒယ်တွေအနေနဲ့ ပြည်တွင်းမှာ ကျပ်သိန်း တစ်ထောင်ကျော်လောက် ဆိုရင် ကောင်းကောင်း ရနေနိုင်တာ မှန်ပေမယ့် အခု မော်ဒယ်ကိုတော့ ဈေးကွက်မှာ အမေရိကန် ဒေါ်လာနဲ့ ရောင်းချဖို့ ဆိုထားတာ တွေ့ရပြီး ဈေးနှုန်းက ၃၅၂၀၀၀ ဖြစ်တာကြောင့်ပါပဲ။ ဒီဈေးနှုန်းက အမေရိကန် ငွေလဲနှုန်းနဲ့ ပြန်တွက်မယ် ဆိုရင် ပြည်တွင်းမှာ ရှိနေတဲ့ ၂၀၁၄-၁၅ခုနှစ် ဝန်းကျင်ထုတ် Land Cruiser, Porscheစတဲ့ မော်ဒယ်တွေရဲ့ ဈေးနှုန်းထက်ကိုပဲ နည်းနည်းပိုမြင့်ချင် နေသေး တာပါ။