မိတ်ကပ် ခင်စန်းဝင်းကို ဗဟိုပြုပြီး ရိုက်ကူးထားသော ဇာတ်လမ်းဖြစ်တဲ့”မကြီးစန်းနှင့် သူ၏ချစ်သူများ” ဗီဒီယို Press Show ပြသပွဲကို ဒီနေ့မနက်က Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဇာတ်ကားက မိတ်ကပ်ခင်စန်းဝင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက်လည်း ရိုက်ကူး နေစဉ်ကတည်းက ပရိသတ် စိတ်ဝင်စားနေခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့တာပါ။
ဒါ့အပြင် ဒီ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေစဉ် မိတ်ကပ်ခင်စန်းဝင်းရဲ့ တရားဝင် ချစ်သူအမည်က “အောင်” နဲ့ ဆုံးပါတယ်ဆိုတဲ့ ကောလဟလတွေကိုလည်း မိတ်ကပ်ခင်စန်းဝင်းကိုယ်တိုင် ဖြေရှင်းခဲ့ရပါသေးတယ်။
ဒါ့ထက် ဒီဇာတ်ကား မရိုက်ကူးခင်မှာလည်း မော်ဒယ်လ် အမျိုးသား တဦးနဲ့ သူ့လက်ရှိချစ်သူ မော်ဒယ်လ်အမျိုးသမီး နဲ့လည်း မိတ်ကပ်ခင်စန်းတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ရေးပြဿနာတွေဟာ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သေးတာပါ။
ဒီ “မကြီးစန်းနှင့် သူ၏ချစ်သူများ” ဇာတ်ကားမှာ မိတ်ကပ်ခင်စန်းဝင်းက သရုပ်ဆောင်မင်းသားဖြစ်ချင်တဲ့ ထက်အောင်ရှိုင်းကို ပံ့ပိုးပေးရတဲ့ မိတ်ကပ်အလှဖန်တီးရှင်နေရာကနေ ပါ၀င်သရုပ်ဆောင်ထားပြီး သူ့ချစ်သူက မော်ဒယ်လ်မင်းသမီးနဲ့ လက််ထပ်သွားတဲ့အခါ အသည်းကွဲပြီး ကျန်ခဲ့သူအဖြစ် ပါ၀င်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ မြတ်ခိုင်က ရိုက်ကူးပုံဖော်ထားပြီး မင်းသားသစ် ထက်အောင်ရှိုင်း၊ မိတ်ကပ်ခင်စန်းဝင်းနဲ့ နှင်းယမုံဦးတို့က အဓိက ပါ၀င်ထားကြပါတယ်။ ဧည့်သည်သရုပ်ဆောင်များအဖြစ် လူမင်း၊ ဖြိုးငွေစိုး နဲ့ ဆုပန်ထွာတို့က ပါ၀င်သရုပ်ဆောင်ထားကြတာပါ။
ယနေ့ပြုလုပ်တဲ့ ဗီဒီယိုဇာတ်ကား အထူးပွဲကိုတော့ မိတ်ကပ်ခင်စန်းဝင်းက ခရီးလွန်နေတဲ့အတွက် မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။