တောင်ကိုရီးယား ထိပ်တန်းသရုပ်ဆောင် ဆောင်ဆမ်ဟွန်နဲ့ တရုတ်-အမေရိကန် အမျိုးသမီးသရုပ်ဆောင်ဖြစ်တဲ့ လုရီဖေး တို့ရဲ့ အချစ်ဇာတ်လမ်းဟာ အေးစက်သွားပြီလားလို့ မေးခွန်းတွေ ထုတ်ခံနေရပါတယ်။
အသက် ၃၉ နှစ် ရှိပြီဖြစ်တဲ့ ဆောင်ဆမ်ဟွန်ဟာ လုရီဖေးနဲ့ The Third Way of Love ရုပ်ရှင်ဇာတ်ကားကို အတူတွဲ သရုပ်ဆောင်ပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ မိဘတွေနဲ့ တွေ့ဆုံမှုတွေအထိ ပြုလုပ်ခဲ့ကြတယ်လို့ သူတို့ရဲ့ အနုပညာအေဂျင်စီများက သတင်းထုတ်ပြန်မှုတွေအထိ လုပ်ခဲ့ကြဖူးပါတယ်။ အခုတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ အနေဝေးလို့ သွေးအေးသွားတဲ့ အနေအထားကို ရောက်နေပြီလားလို့ မေးခွန်းတွေ ရှိလာခဲ့ပါပြီ။

ဘာကြောင့် ဒီလိုမေးခွန်းတွေ ရှိလာခဲ့တာလဲ။
ဆောင်ဆမ်ဟွန်ရဲ့ အနုပညာအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ “သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြတယ်ဆိုတာကတော့ သေချာခဲ့တဲ့ ကိစ္စတခုပါ။ နောက်ဆက်တွဲ သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေကတော့ သူတို့ကိုယ်တိုင်ပဲ အသိဆုံးပါ။ လမ်းခွဲ လိုက်ပြီလားဆိုတာတော့ အေဂျင်စီအနေနဲ့ အတိအကျမသိသလို သူတို့ရဲ့ အချစ်ရေးကိစ္စဟာ အေဂျင်စီအနေနဲ့ ၀င်ရောက် စွက်ဖက်ခွင့်မရှိတဲ့ ကိစ္စတခုပါ” လို့ ဆိုခဲ့ပါတယ်။
ဆောင်ဆမ်ဟွန်နဲ့ လုရီဖေးတို့ဟာ တရုတ်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Third Way of Love တွင် အတူတွဲ သရုပ်ဆောင် ခဲ့ပြီးနောက် ချစ်သူတွေဖြစ်နေပြီဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လ က သူတို့ကိုယ်တိုင် ဖွင့်ဟခဲ့ဖူးပါတယ်။ နောက်နှစ်ဆိုရင် လက်ထပ်လိမ့်မယ်လို့လည်း သတင်းပေးစကား ပြောကြားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မေလကတော့ ဆောင်ဆမ်ဟွန်က သူတို့နှစ်ဦး အတူတွဲသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ပိုစတာကို Emoji Application မှ အသဲပုံလေးနဲ့ သူရဲ့ Twitter အကောင့်ကနေ တင်ခဲ့ဖူးပါတယ်။ ဆောင်ဆမ်ဟွန်ဘက်ကတော့ မင်းသမီး လုရီဖေး အပေါ်မှာ ချစ်မြတ်နိုးတဲ့စိတ်က မပြောင်းလဲသေးဘူးဆိုတာကို သိသာစေခဲ့တာကတော့ ပြီးခဲ့တဲ့ တရုတ် ရုပ်သံ အစီအစဉ်က အင်တာဗျူးမှာ ပြောခဲ့ဖူးတာ တွေ့ရပါတယ်။
သူပြောခဲ့တာကတော့ “ကျနော်က လောဘကြီးတဲ့သူ တယောက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် သူက ကျနော်ကို အချစ်မှာ လောဘကြီးလာအောင် ဖန်တီးပေးနေတယ်။ ကျွန်တော် သူ့ကို ချစ်ပါတယ်” လို့ပြောခဲ့ဖူးတာပါ။
လုရီဖေးဘက်ကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ တုန့်ပြန်မှုမရှိခဲ့ပါဘူး။ ဒီလို ကိစ္စရပ် တွေကြောင့်ပဲ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ မေးခွန်းထုတ်စေဖို့အတွက် ဖြစ်လာခဲ့တယ်ဆိုရင် မမှားပါဘူး။
Ref : http://www.koreatimes.co.kr/