Honda Odysseyဆိုတာက ရုပ်ထွက်ပိုင်းမှာလည်း Airwaveလို မော်ဒယ်တွေနဲ့ ကွဲထွက်အောင် ပြင်ဆင်ထုတ် လုပ်ထားနိုင်တာ တွေ့ရပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း မဆိုးလှတာကြောင့် မိသားစုစီး မော်ဒယ် အနေနဲ့ ဆိုရင် လက်ရှိ စျေးကွက်မှာ ဦးဆောင်နေတဲ့ Wishကို စျေးကွက် ယှဉ်ပြိုင်နုုိင်တဲ့ အနေအထားရှိပါတယ်။
ဒါပေမယ့်လည်း ပြည်တွင်း စျေးကွက်မှာက Toyotaမှ Toyotaအဖြစ်နဲ့ လူကြိုက်များနေသေးတယ်ဆိုတဲ့ တချက်က Odysseyရဲ့ အောင်မြင်မှုအတွက် နှောင့်နှေးနေစေတာပါ။
Airwave ထက်စာရင် စျေးနည်းနည်း မြင့်နေတယ်ဆိုတာ မှန်ပေမယ့် Wishတွေနဲ့စာရင်တော့ စျေးက တန်းတူ လိုက်နေသလို တချို့ Toyota Wish မော်ဒယ်တွေထက်ကိုပဲ စျေးက နည်းနည်းချိုချင်နေသေးတာပါ။ မိသားစုစီး မော်ဒယ် အနေနဲ့ သုံးမယ်ဆိုရင် ကိုယ်ထည်လည်း ကြီးမားရမယ်၊ နောက်ဖက် ၀န်တင်ခန်း အနေအထား ကလည်း တော်တော်လေး ကျယ်ဝန်းရဦးမယ်ပေါ့၊ ဒီအချက်တွေကလည်း အရေးပါတဲ့ အချက် တွေလို့ ဆိုနိုင်မယ့် အနေအထားပါ။
နောက်ထပ် စဉ်းစားရမယ့် အချက်တချက်ကတော့ စွမ်းဆောင်ရည်ပိုင်းပါ။ ၂ ဒသမ ၂လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီးတော့ ဒီအင်ဂျင်စနစ်ရဲ့ အရွယ်အစားနဲ့ နောက်ပြီး စမ်းသပ် မောင်းနှင် ကြည့်ရသ လောက် စွမ်းဆောင်ရည်တွေက အားနည်းမှု မတွေ့ရပါဘူး။
ခရီးသည် ရယောက် လိုက်ပါစီးနင်းနိုင်မယ့် မော်ဒယ် ဖြစ်သလို နောက်ဖက် ၀န်တင်ခန်းမှာ ၀န်အလေးချိန် ပေါင် ရ၀၀ လောက် တင်ဆောင်နိုင်ဦးမှာ ဖြစ်တဲ့ မော်ဒယ် အတွက် ပြည်တွင်းက ဘယ်လမ်းမျိုးမှာ မဆို အခု အင်ဂျင်စနစ်က ရုန်းကန်နိုင်မယ့် အနေအထားပါ။ ဒါပေမယ့် တကယ့် လမ်းကြမ်း အနေအထားတွေကိုတော့ ရုန်းကန်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
နှစ်ဘီးယက်စနစ်နဲ့ ဖန်တီးထားတဲ့ အခု အနေအထားမှာ မော်ဒယ်အနေနဲ့ ဆီစားလည်း မဆိုးလှတာ တွေ့ရပြီး မြို့တွင်းစီး မော်ဒယ် အနေလောက်နဲ့ပါ သုုံးနိုင်တာ တွေ့နိုင်သလို ရုပ်ထွက်ပိုင်းမှာ သိသာ ပေါ်လွင်မှု အပိုင်း ကလည်း တခြား Hondaမော်ဒယ်တွေနဲ့လည်း ကွဲထွက်နေတာ တွေ့နိုင်သလို အနီးဆုံး ပြိုင်ဖက် Wishနဲ့လည်း ကွဲပါတယ်။
ဒီနေရာမှာ ကိုယ်ထည်ပိုင်းက Wishရဲ့ ပြေပြစ်တဲ့ ကိုယ်ထည်အချိုးက တစ်စီးလုံးကို ဆွဲဆောင်မှု ကောင်း စေတာ ဖြစ်ပေမယ့် ရုပ်ထွက်ပိုင်းမှာကတော့ Odysseyက Wishထက်တောင်မှ ဆွဲဆောင်မှု ကောင်းသေးတာ တွေ့နိုင်ပါတယ်။
စျေးနှုန်းအပိုင်းမှာတော့ ၂၀၀၄ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်ကို သိန်း ၁၉၀ ၀န်းကျင်လောက် ပေါက်နေတာက Wishတွေ လူကြိုက်ပိုများနေတဲ့ အချိန်မှာ စျေးနှုန်းက အကျဘက်မှာ ရှိနေတာကြောင့် အဝယ်စာရင်းမှာ ထည့့်သွင်းစဉ်းစားသင့်တဲ့ မော်ဒယ်လို့ ဆိုချင်ပါတယ်