ဒီတပတ် Foodies စာဖတ် ပရိသတ်တွေအတွက် Weekend မှာ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညဘက် အပြင်ထွက်၊ Nightout လုပ်ချင်တွေအတွက် ရန်ကုန်မြို့က ထိုင်လို့ကောင်းပြီး စိတ်ဝင်စားစရာ အပြင်အဆင်နဲ့ ဖျော်ဖြေမှုတွေရှိတဲ့ ဘားတွေကို လက်လှမ်းမှီသလောက် Foodie Guide ကနေ ဧရာဝတီမှ ဖော်ပြပေးချင်ပါတယ်။
အခုဆိုရင် မြို့ပြ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားမှာ သောကြာနေ့ညနဲ့ စနေ ရုံးပိတ်ရက်တွေမှာ ဘားလို ဆိုင်တွေမှာ သောက်ကြစားကြရင်း တပတ်တာ ပင်ပန်းမှုတွေကို ဖြေဖျောက်လာတဲ့ အလေ့အထ ရှိလာတာ တွေ့လာရပါတယ်။ အရင်ကဆို ဘားဆိုင်တွေက လက်ချိုးရေ လို့ရအောင် နည်းပေမယ့် အခုချိန်မှာတော့ ဘားဆိုင်တွေက တနေ့တခြား ပိုမိုများလာတာကို တွေ့ရပါတယ်။

(၁) Harry’s Bar
ပထဦးဆုံး ညွှန်းချင်တဲ့ဆိုင်က မြန်မာပလာဇာမှာ ဖွင့်လှစ်ထားပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ Harry’s Bar ပဲ ဖြစ်ပါတယ်။ Harry’s Bar ဟာဆိုရင် စင်ကာပူနိုင်ငံကနေ Franchise ယူ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်အနေအထားကလည်း သက်သောင့်သက်သာဖြစ်စေမယ့် အခင်းအကျင်းမျိုးရှိပါတယ်။
မျက်နှာကျက်မြင့်မြင့်၊ ဘားထိုင်ခုံအမြင့်နဲ့ စားပွဲတွေ၊ ဆိုင်အပြင်ဖက်အခင်းအကျင်းတွေက ရန်ကုန်မြို့က အခြားဘားဆိုင်တွေနဲ့ မတူဘဲ တမူထူးခြားတဲ့ အတွေ့အကြုံတခုကို ရစေမှာပါ။ အစားအစာအနေနဲ့ Chiptease လို့ ခေါ်တဲ့ အာလူးချောင်းကြော်၊ Nacho၊ ကြက်တောင်ပံကြော်တွေကို အမြည်းအဖြစ် မှာယူနိုင်သလို အခြား ပီဇာကဲ့သို့ Flabread နဲ့ Fish&Chips, Pasta, Steak စတာတွေကို မှာယူနိုင်ပါတယ်။
စည်ဘီယာအနေနဲ့ Harry’s ရဲ့ ကိုယ်တိုင်ချက် HPL ခေါ် Harry’s Premium Lager ဘီယာအပြင် အခြားဘီယာတွေဖြစ်တဲ့ Carlsberg, Tuborg, Yoma စတာတွေနဲ့ အခြားပုလင်းဘီယာအမျိုးမျိုးကို မှာယူနိုင်ပါတယ်။ ကော့တေးအနေနဲ့ Harry’s ရဲ့ Signature Cocktail ဖြစ်တဲ့ Dirty Harry အပြင် အခြား Cocktail များလည်း မှာယူနိုင်ပါတယ်။ ဘောလုံးပွဲများကို ပရော်ဂျက်တာနဲ့ပြသပြီး ဖျော်ဖြေရေးအနေနဲ့ အချို့ရက်များမှာ Unplugged တီးဝိုင်း ရှိပါတယ်။
လိပ်စာ – မြန်မာပလာဇာ၊ မြေညီထပ်၊ စက်မှု(၁)လမ်း အဝင်လမ်း အနီး။
(၂) Blind Tiger
နောက်တဆိုင်အနေနဲ့ မြို့ထဲ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားတဲ့ Blind Tiger ဆိုတဲ့ ဆိုင်ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ အမေရိကန်နိုင်ငံမှာ ၁၉၂၀၊ ၁၉၃၀ ဝန်းကျင် အတွင်း အရက်ရောင်းခွင့်ကို ကန့်သတ်ခဲ့စဉ်က ခေတ်စားခဲ့တဲ့ Speak Easy Bar ခေါ် လျှို့ဝှက်ဘားပုံစံ အနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်းဘုတ် လုံးဝမရှိပဲ ကျားခြေရာ အကြီးကြီးတခုကို လျှို့ဝှက်သင်္ကေတအနေနဲ့ ဆိုင်ရဲ့ မျက်နှာစာမှာ ထားရှိပါတယ်။
ဆိုင်အပြင်အဆင်ကိုလည်း Speak Easy Bar အတိုင်းပြင်ဆင်ထားပြီး ကြောင်လိမ်လှေကားနဲ့ တက်ရတဲ့ ထပ်ခိုးပုံစံ အပေါ်ထပ်မှာဆိုရင် သက်သောင့်သက်သာ ရှိတဲ့ ထိုင်ခုံဆိုဖာများ ထားရှိထားပြီး သီးသန့် စားသောက်ခန်းတခုလည်း ပါရှိပါတယ်။ ဒီဆိုင်ရဲ့ အရောင်းရဆုံး Cocktail တွေကတော့ Gingango, Eastern Standard နဲ့ Spiked Tiger Cocktail တို့ဖြစ်ပြီး အခြား ဘီယာ၊ဝီစကီနဲ့ ဝိုင်အရက် အမျိုးမျိုး မှာယူနိုင်ပါတယ်။
စားစရာအနေနဲ့ စားသုံးသူတွေကိုယ်တိုင် မိမိကြိုက်နှစ်သက်ရာ ပါဝင်ပစ္စည်းတွေကို ရွေးချယ်ပြီး စားသုံးနိုင်တဲ့ Burger ရှိပါတယ်။ အသီးအရွက်၊ ဆော့စ်၊ ချိစ် ကြိုက်နှစ်သက်ရာ ၈ မျိုးနဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။ အခြားစားစရာအနေနဲ့ အမြည်းပုံစံ Tapas အမျိုးမျိုးကို မှာယူနိုင်ပါတယ်။ ဒီဆိုင်မှာ ပန်းချီပြပွဲအချို့ကို ပြုလုပ်လေ့ရှိပြီး ရောင်းတန်းတင် ပန်းချီကားများကိုလည်း လေ့လာကြည့်ရှု ဝယ်ယူနိုင်ပါတယ်။
လိပ်စာ – ဆိပ်ကမ်းသာလမ်း၊ အောက်ဆုံးဘလောက်၊ ကျားခြေရာအကြီးကြီးနဲ့ မြေညီထပ်အခန်းကိုရှာပါ။

(၃) The Fat Ox
တတိယမြောက်အနေနဲ့ လမ်း ၅၀ အလယ်ဘလောက်မှာ ဖွင့်လှစ်ထားတဲ့ The Fat Ox ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ သောကြာနေ့ ည ၉ နာရီခွဲမှာဆိုရင် အနည်းဆုံး ၁၀ သိန်းမှ အများဆုံး၂၅သိန်း ဆုအထိ ပါဝင်တဲ့ ကံစမ်းမဲအစီအစဉ် ရှိပြီး ဆိုင်အပြင်အဆင်ကတော့ ဗြိတိသျှနိုင်ငံတွေမှာရှိတဲ့ Pub တွေပုံစံ ပြင်ဆင်ထားပါတယ်။ ကံစမ်းမဲ လက်မှတ်ကို ၁၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီး ၅ စောင်ဝယ်ရင် ဘီယာတခွက် လက်ဆောင်အဖြစ် ရပါတယ်။ ဒီကံစမ်းမဲအစီအစဉ်မှာရတဲ့ အကျိုးအမြတ်အချို့ကိုတော့ မြောင်းမြမြို့မှာရှိတဲ့ မိဘမဲ့ကလေးများထံ လှူတန်းတယ်လို့ သိရပါတယ်။
အစားအသောက်တွေအနေနဲ့ British Pub ဖြစ်တဲ့အတိုင်း Pie အမျိုးမျိုး၊ Banger & Mash လို့ ခေါ်တဲ့ ဝက်အူချောင်းနဲ့ အာလူးထောင်း၊ Fish & Chips နဲ့ပီဇာတွေကို မှာယူ စားသုံးနိုင်ပါတယ်။ စည်ဘီယာအနေနဲ့ Myanmar၊ Tuborg၊ Carlsberg စတာတွေကို ၂၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး ဝီစကီကောင်းကောင်း ကြိုက်တတ်သူများအတွက်လည်း Single Malt ၀ီစကီ အမျိုးမျိုး ရှိပါတယ်။ အပျင်းပြေဆော့ကစားနိုင်ဖို့ 9 Ball Pool Table တစ်ခုလဲရှိပါတယ်။
လိပ်စာ – အမှတ် ၈၁၊ လမ်း၅၀၊ အလယ်ဘလောက်။
(၄) 7th Joint Bar & Grill
နောက်တဆိုင်အနေနဲ့ မြို့ထဲ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ 7th Joint Bar ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ ရက်ဂေးတီးဝိုင်း (သို့)ဒီဂျေရှိပြီး လွတ်လပ်စွာ ကခုန်ပျော်ပါးနိုင်ပါတယ်။ ညဖက်မှာ ဆိုရင် လူများပြီး စားပွဲမှာထိုင်ပြီးသောက်တာထက် သီချင်းသံနဲ့အတူ စည်းချက်ကျကျကရင်း၊ စကားပြောရင်း ပျော်ပျော်ပါးပါး သောက်ရတာဟာ ဒီဆိုင်ရဲ့အလေ့အထလို့ ပြောလို့ရပါတယ်။
7th Joint Pink Watermelon နဲ့ Green Grass Ice Tea Cocktail တွေကတော့ လူကြိုက်များတဲ့ Signature Cocktails တွေဖြစ်ပြီး အခြားစည်ဘီယာနဲ့ Shooter ဖြစ်တဲ့ Flaming Bob Marley တို့ကိုလည်း မှာယူ နိုင်ပါတယ်။ ဒါအပြင် နေ့စဉ် ညနေ ၅ နာရီကနေ ၈ နာရီအထိ Daily Happy Hour ရှိပြီး Weekdays မှာ Game Night, Live Band (English/Myanmar) နဲ့ Salsa Night ဆိုပြီး နေ့စဉ်မရိုးနိုင်တဲ့ အထူးအစီအစဉ်တွေလည်း ရှိပါတယ်။
လိပ်စာ – ရွှေအာရှ အဆောက်အဦး၊ ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်။

(၅) YangonYangon Bar
နောက်ထပ်တဆိုင်အနေနဲ့ ဆာကူရာတာဝါ အပေါ်ဆုံးမှာရှိတဲ့ YangonYangon ကို ညွှန်းချင်ပါတယ်။ ဒီဘားကတော့ Rooftop Bar ဆိုတဲ့အတိုင်း အမြင့်ပေ၂၅၀ မှာ ရှိလို့ ရန်ကုန်မြို့ရဲ့အလှအပကို အပေါ်စီးကနေ ကြည့်နိုင်သလို အမှတ်တရ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာဆိုလည်းမမှားပါဘူး။ ယခင်ကဝင်ကြေးအနေနဲ့ Free Drink တခု အပါအဝင် တသောင်းကျပ် ပေးရပေမယ့် ယခု မိုးရာသီ အထူးအစီအစဉ်အနေနဲ့ ဝင်ကြေး ပေးရန် မလိုလို့ သွားကြည့်သင့်တဲ့ နေရာတွေထဲမှာ ပါပါတယ်။
ဒီ Bar ရဲ့ Signature Cocktail တွေဖြစ်တဲ့ Top Of Yangon, Yangon Angel နဲ့ Sakura Rooftop တို့ဟာ ဆိုရင် ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးမှာရှိတဲ့ Rooftop Bar ဖြစ်တာကြောင့် တင်စားပြီး နာမည်ပေးထားတာ တွေ့ရပါတယ်။ စားစရာတွေအနေနဲ့ကတော့ Bar ဖြစ်တဲ့အတွက် Finger Food လောက်သာရပြီး Crispy Deep Fried Pork Belly နဲ့ Spicy Chicken Sausage ကတော့ လူကြိုက်များတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
နေ့စဉ် ညနေ ၅ နာရီမှ ည ရ နာရီ အထိ Happy Hour ရှိပြီး ဗုဒ္ဓဟူးနေ့တိုင်းမှာ အမျိုးသမီးတိုင်းကို လက်ဆောင် Drink ပေးတဲ့ “Ladies Night” ၊ သောကြာနေ့တွင် Latin သီချင်းများနဲ့ “Latino Night” ၊ စနေနေ့မှာ မြန်မာသီချင်းတွေကို Remix လုပ်ထားတဲ့ Myanmar Remix Night စသဖြင့် ဖျော်ဖြေရေး အစီအစဉ်များ ရှိပါတယ်။
လိပ်စာ – အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါ အပေါ်ဆုံးထပ်။
(၆) Kosan Bar 19th Street
နောက်ဆုံးအနေနဲ့ တရုတ်တန်း ၁၉ လမ်းမှာ ဖွင့်ထားတဲ့ Kosan Bar ကို ညွှန်းချင်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်ကတော့ Backpackers ခေါ် နိုင်ငံခြားသားခရီးသွားတွေ အလွယ်တကူ စားသောက်ပြီး ခရီးသွားအချင်းချင်း တွေ့ဆုံစကားပြောနိုင်မယ့် နေရာအပြင်အဆင် ရှိပါတယ်။ နောက်ထပ် ထူးခြားချက် ကတော့ စျေးနှုန်းပဲ ဖြစ်ပါတယ်။
Cocktail တခွက်ကို ၉၀၀ ကျပ်ခန့်သာရှိပြီး ပြည်တွင်းဖြစ် အရက်များနဲ့ ဖျော်စပ်ပေးတယ်လို့ သိရပါတယ်။ လူကြိုက်များတဲ့ Cocktail တွေကတော့ Mojito နဲ့ Caipirinha ဖြစ်ပြီး အစားအသောက်အနေနဲ့ အာလူးကြော်၊ ၀က်အူချောင်းကြော်၊ မက်စီကမ်စာ၊ ဂျပန်အစားအစာနဲ့ ဘာဂါတို့လည်း ၆၀၀ ကျပ်မှ စပြီး အများဆုံး ၃၀၀၀ ကျပ်အတွင်း မှာယူစားသုံးနိုင်ပါတယ်။ Kosan ဘားကတော့ စျေးနှုန်းသက်သာပြီး တမူထူးခြားတဲ့ ပတ်ဝန်းကျင် ခံစားမှုမျိုးကို ပေးနိုင်မှာပါ။
လိပ်စာ – အမှတ် (၁၀၈)၊ ၁၉ လမ်း၊ မဟာဗန္ဓုလလမ်း နှင့် အနော်ရထာလမ်းကြား။
ကဲ… သောကြာနေ့ T.G.I.F လည်း ရောက်ပြီဆိုတော့ ဘော်ဒါတွေနဲ့ ညှိပြီး သွားနိုင်ဖို့ တမူထူးခြားတဲ့ ဘား ၆ ခု ကို ဖော်ပြရင်း Foodie Myanmar ကနေ အားလုံးကို Happy Weekend လို့ နှုတ်ဆက်လိုက်ပါတယ်။