အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ လူစည်ကားရာ Public Area နေရာတွေမှာ အထူးသဖြင့် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ လူငယ်လူရွယ်တွေ စမတ်ဖုန်းကိုယ်စီပွတ်ပြီး လမ်းလျှောက် အကောင် ဖမ်းနေကြတဲ့ မြင်ကွင်းကို တနေ့တခြား ပိုပိုတိုးပြီး တွေ့မြင်လာရပါတယ်။
ဖုန်းပွတ်ပြီး အကောင်ဖမ်းတယ်ဆိုတာ အပြင်က တိရစ္ဆာန်အကောင်တွေ၊ ပိုးမွှားအကောင်တွေကို ဖမ်းတာ မဟုတ်ဘဲ ဂိမ်းထဲက အကောင်တွေကို ပိုကီမွန်အလုံးလေးနဲ့ ပစ်ပြီး လိုက်ဖမ်းရတဲ့ Pokemon Go ဂိမ်း ကစားတာကို ပြောတာပါ။
အမေရိကန်နိုင်ငံ အခြေစိုက်၊ ဆန်ဖရန်စ္စကိုမြို့က Software Development Company တခုဖြစ်တဲ့ Niantic, Inc. မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းကမှ ထုတ်လုပ်လိုက်တဲ့ ဒီဂိမ်းကို တကမ္ဘာလုံးက နှစ်နှစ်ခြိုက်ခြိုက်နဲ့ ထုတ်လုပ်ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ စွဲစွဲလန်းလန်း ကစားလာကြတာ တွေ့ရပါတယ်။
“Pokemon Go ဂိမ်းက ဆော့တာ လူငယ်တွေ များတယ်။ မိန်းကလေးတွေလည်း တော်တော် များတယ်။ သူက အဲဒီလို Battle ချလို့ရတဲ့ Gym လို နေရာတွေက Landmark လို ပြည်သူ့ဥယျာဉ်၊ မြို့တော်ခန်းမ၊ နောက် ကန်တော်ကြီးဘက်လို နေရာမျိုးတွေမှာ ရှိတယ်။ မနေ့ညကတောင် ကန်တော်ကြီးသွားတော့ အယောက် ၃၀ လောက်ရှိမယ်” လို့ အသက် ၂၅ နှစ်အရွယ် Gamer တဦး ဖြစ်တဲ့ ကိုထူးတေဇာက ဧရာဝတီကို ပြောပါတယ်။
ပထမအစက Pokemon Go ဂိမ်း ဆော့ခွင့်ရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်တာ မတွေ့ရပေမယ့် ယခုရက်ပိုင်း ၃၊ ၄ ရက်အတွင်းမှာ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ စတင်ဆော့ခွင့် ရလာတာဖြစ်ပါတယ်။ စပြီး ဆော့လို့ရရချင်းမှာ GPS စနစ် အဆင်မပြေတာတွေ၊ ဖုန်းတချို့မှာ Version အဆင်မပြေတာတွေရှိပေမယ့် အခုနောက်ပိုင်း ဖုန်းတော်တော်များများမှာ အဆင်ပြေပြေ၊ အလွယ်တကူ ကစားလို့ရနေပါပြီ။
နိုင်ငံတချို့မှာ ဒီဂိမ်းဆော့ရင်း ဆိုင်ကယ် အက်ဆီးဒင့်၊ ကားအက်ဆီးဒင့် စတဲ့ မတော်တဆ ထိခိုက်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားတဲ့ သတင်းတွေ အင်တာနက်မှာ မကြာခဏတွေ့ရှိရလာပြီး တချို့နိုင်ငံတွေမှာ ဒီဂိမ်း မဆော့နိုင်အောင် တားမြစ်ထားတာတွေလည်း ရှိလာပါတယ်။
“ဒီဂိမ်းက အများကြီးတော့ ပြသနာမရှိနိုင်ပါဘူး။ သူက ပွိုင့်တခု ရှိတယ်ဆိုု အဲဒီနေရာနဲ့ ပေ ၂၀၀၊ ၃၀၀ ဝန်းကျင်လောက်ဆိုရင်ကို Check လုပ်လို့ ရနေပြီဆိုုတော့ အသေးစိတ် အဆောက်အဦးထဲ ဝင်ရတာမျိုး၊ ဘာမျိုးတော့ မလိုပါဘူး။ တချို့ နတ်ကွန်တို့ ပရဝုုဏ်ကျဉ်းတဲ့ ဘုုရားတို့ဆို အထဲမဝင်ဘဲ အပြင်မှာတင် လုပ်လို့ရပါတယ်။ တခုပဲ ဘုရားနဲ့ ဘာသာရေး အဆောက်အဦးတွေက လူကြီးတွေ ဒီဂိမ်းက ဒီလိုုသဘောရှိလို့ လူငယ်တွေ ဖုန်းတွေနဲ့ လာပတ် နေကြရင် မစိုးရိမ်ဖို့တော့ လိုတယ်” လို့ ကိုထူးတေဇာကဆိုပါတယ်။
Pokemon Go ဂိမ်းက Location (တည်နေရာ) ကို အခြေပြုပြီး စမတ်ဖုန်းမှာ ပါဝင်တဲ့ တည်နေရာပြ စနစ် GPS (Global Positioning System) ဖွင့်ပြီး ကိုယ်ရှိနေတဲ့ နေရာကနေ ကိုယ့်အနီးနား တဝိုက်မှာရှိတဲ့ Pokemon ဂိမ်းထဲက အကောင်လေးတွေကို ဂိမ်းဆော့သူက Pokenmon Trainer အနေနဲ့ လိုက်လံရှာဖွေဖမ်းရတဲ့ ကစားနည်း ဖြစ်ပါတယ်။
လိုက်ဖမ်းရတဲ့ အကောင်လေးတွေမှာ နာမည်ကိုယ်စီရှိကြပြီး အကောင်တွေမှာ မတူညီတဲ့ ဂုဏ်သတ္တိ၊ အရည်အချင်းမျိုးစုံနဲ့ ရမှတ်တွေကိုလည်း ခွဲခြားထားပါတယ်။
Nidoran, Raticate, Rattata, Exeggcute, Exeggutor, Gastly, Pidgey, Tangela စတဲ့ အကောင်လေးတွေကို ယုန်လေး၊ မြေကြွက်၊ ကြွက်စုတ်၊ ကြက်ဥပုတ်၊ နာနတ်သီးကောင်၊ သရဲဘောလုံး၊ စာကလေး၊ ဦးဏှောက်ကောင် စသဖြင့် မြန်မာနာမည်ပြောင်တွေပေးပြီး ဆော့ကြတယ် လို့ “Pokemon Go Myanmar FanClub” Page မှာ ရေးသားထားတာတွေ့ရပါတယ်။
“Pokemon Go Myanmar FanClub” Page ဟာ မြန်မာနိုင်ငံမှာ Pokenon Go ဂိမ်း ကစားတဲ့ Gamer တွေ ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာတခုဖြစ်ပြီး အဲ့ဒီ Page မှာ ဂိမ်းနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေ၊ ဆွေးနွေးမှုတွေ၊ ဂိမ်း Update Version Download Link တွေ စတာတွေကို တစုတစည်းတည်း ဖော်ပြပေးထားပါတယ်။
နိုင်ငံတကာက တက်လာတဲ့ သတင်းတွေမှာ Hit အဖြစ်ဆုံး၊ လူဖတ်အများဆုံးကလည်း Pokemon Go ဂိမ်းနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဂိမ်းကို စွဲစွဲလန်းလန်းဆော့ပြီး ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုး မတော်တဆထိခိုက်ဖြစ်ပွားမှုတွေ၊ ကန့်သတ်ထားတဲ့ နေရာတွေထိ အကောင်တွေ သွားရှာဖမ်းမိလို့ ပြသနာတက်တဲ့ အမှုတွေ စတာတွေလည်း တွေ့မြင်နေရပါတယ်။
“ဒီဂိမ်းက ဘယ်လိုပြောရမလဲ၊ စွဲတယ်ရယ်တော့ ပြောရခက်ဦးမယ် ထင်တယ်။ ဆော့လိုု့ရတာ ရက်ပိုင်းပဲရှိသေးတော့ အထူးသဖြင့်တော့ Augmented Reality ခေါ်တဲ့ တကယ့်ကမ္ဘာမှာ လျှောက်သွားပြီး ဆော့ရတာမျိုးဆိုုတော့ အသစ်အဆန်းဖြစ်နေတာလည်း ပါတယ်။ နောက် တကယ် ဆော့နေတဲ့သူတွေနဲ့ ပြိုင်ဆိုုင် ချရတာဆိုုတော့ ကွန်ပျူတာနဲ့ဆော့သလိုုမဟုတ်တော့ ပိုပြီး ပြိုင်ဆိုင်ချင်စိတ်များပြီး အချိန်ပေးဆော့ကြတာ ထင်ပါတယ်” လို့ ကိုထူးတေဇာက သူ့အမြင်ကို အခုလို ပြောပါတယ်။
Pokemon Go ဂိမ်းရဲ့ ရည်ရွယ်ချက်ဟာ ကိုယ်လက်လှုပ်ရှားမှု နည်းလာတဲ့ ဒီနေ့ခေတ် လူငယ်လူရွယ် တွေအတွက် ပုံမှန် လမ်းလျှောက် ဖြစ်အောင် တီထွင်ဖန်တီးထားတဲ့ ဂိမ်းတခုလို့ ဆိုကြပေမယ့် ကားမောင်းရင်း လမ်းသွားရင်း ဖုန်းတပွတ်ပွတ်နဲ့ ဖုန်းကိုပဲ အာရုံထားပြီး အကောင်ဖမ်းနေရတာကြောင့် လက်တွေ့ ဘဝမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုတွေ ကြုံတွေ့ လာနိုင်ပါတယ်။
ကားမောင်းရင်း Pokemon Go ဂိမ်းမဆော့ဖို့၊ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေ မသွားဖို့ ဂိမ်းထုတ်လုပ်တဲ့ Company Niantic, Inc. က ဂိမ်းအတွင်းမှာ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။
ကိုထူးတေဇာက “ဒီနိုင်ငံမှာတော့ ဒီဂိမ်းနဲ့ ပြသနာ ဖြစ်တယ် မကြားမိသေးဘူး။ ဂိမ်းကတော့ အမြဲတမ်း အန္တရာယ် ရှိနိုုင်တဲ့နေရာတွေ မသွားဖို့၊ နောက် ယာဉ်မောင်းရင်း မဆော့ဖို့ သတိပေးထားတယ်။ တခုပဲ ဒီမှာ တချို့မြို့နယ်တွေမှာ ဆိုုင်ကယ်တရားမဝင် ခိုးစီးပြီး လမ်းပေါ်မှာ ဖုန်းကိုင်ထားရင် လုပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးတာမျိုးရှိတော့ ညဖက်ဆိုု ဆော့ရင် သတိထားတာကောင်းမယ်။ နောက် ဒီဂိမ်းက တယောက်ထဲ မကပဲ သူငယ်ချင်းတွေနဲ့ အတူတူရှာလို့ရတော့ အုပ်စုလိုက် သွားလာတာမျိုး ပိုုကောင်းမယ် ထင်တယ်” လို့ ဆိုပါတယ်။
“ကစားသူ တယောက်အနေနဲ့ကတော့ တကမ္ဘာလုံး ကစားနေကြတဲ့ ကစားနည်းတခုကို ကိုယ်တွေ ဆီမှာလည်း ဘာပယောဂမှ မပါဘဲ အနှောင့်အယှက်ကင်းကင်းနဲ့ ကစားလို့ရချင်တယ်။ ဒါကြောင့် ကစားတဲ့သူတွေအနေနဲ့ကလည်း အခုလို GPS ဂိမ်းတွေက ဘာသာရေးနဲ့ အထင်ကရ အဆောက် အဦးတွေကို အဓိကထားတဲ့အတွက် ဒီလိုနေရာမျိုးမှာ အကောင်သွားဖမ်းတဲ့အခါမှာ ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုကို အလေးထားသင့်တယ်။ အုပ်စုဖွဲ့ ဟေးလားဝါးလားပုံစံမျိုးကို ဒီလိုနေရာတွေမှာ မလုပ်သင့်ဘူးလို့မြင်တယ်။ မဟုတ်ရင်တော့ ဘုရားတွေမှာ စုံတွဲမထိုင်ရအပြင် ‘Pokemon Go မဆော့ရ’ ပါထပ်တိုးသွားနိုင်ပါတယ်” လို့ အသက် ၂၅ နှစ်အရွယ်၊ ကိုဘုန်းပြည့်စုံက ပြောပါတယ်။
Pokemon Go ဂိမ်းဟာ မြန်မာနိုင်ငံမှာ စတင် ကစားခွင့်ရတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံတကာနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း စစထွက်ချင်းကတည်းက စိတ်ဝင်စားမှု အများဆုံးနဲ့ အဆော့များဆုံး ဂိမ်းတခုဖြစ်ပါတယ်။ လူစည်ကားရာနေရာတွေမှာ Pokemon အကောင်လေးတွေ လိုက်လံ ရှာဖွေ သူတွေ မနည်းမနောပါ။ ကစားသူတွေ ထပ်တိုးလာမယ်လို့လည်း ထင်မြင်မိပါတယ်။