မြန်မာနိုင်ငံတဝန်း လက်ရှိ ရင်ဆိုင်ခံစားနေသော ရေဘေးသင့် ဒေသများသို့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်တဲ့ တယ်လီနောနဲ့ အူရီဒူးတို့က အသီးသီး ကူညီထောက်ပံ့ လှူဒါန်းလျက် ရှိကြောင်း သိရပါတယ်။
ရေဘေးသင့် ပြည်သူများကို တယ်လီနောက ၄င်းနဲ့အတူ လုပ်ငန်း လက်တွဲဆောင်ရွက်တဲ့ အဖွဲ့အစည်း Network Activities Group (NAG) မှတဆင့် အရေးပေါ်အကူအညီများကို ပေးအပ်လျက်ရှိပြီး ယခုအချိန်ထိ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီးများမှာရှိတဲ့ မြို့နယ်ပေါင်း ၄ ခုမှ ကျေးရွာပေါင်း ၁၃ ရွာမှာရှိတဲ့ ရေဘေးသင့် ပြည်သူတွေကို ဆန်၊ ဆီ၊ ပဲ နဲ့ သောက်ရေသန့်များ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
သြဂုတ်လ ၉ ရက်နေ့က တံတားဦးမြို့နယ် ပုဏ္ဏားခြံကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အကူအညီများ သွားရောက်ပေးအပ်ခဲ့ပြီး NAG နှင့်အတူ တယ်လီနော၏ စျေးကွက်မြှင့်တင်ရေး အရာရှိချုပ် Joslin Myrthong နဲ့ ဝန်ထမ်းအချို့ပါ အတူပူးပေါင်း ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။
တယ်လီနောရဲ့ အလှူငွေ ကျပ်သိန်း ၁၆၃၄ ကျော်နဲ့ မြို့နယ်ပေါင်း ၁၁ ခုမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို အရေးပေါ် အကူအညီများကို ဆက်လက် ပေးအပ်လျက်ရှိပြီး မြန်မာနိုင်ငံတဝန်းက ရေဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ ကူညီမှုများကို လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အူရီဒူးမြန်မာ အနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနဲ့ပူးပေါင်းပြီး ရေဘေးသင့် ဒေသများမှာရှိတဲ့ အကူအညီ လိုအပ်နေသူများကို ပြန်လည် ထူထောင်ရေး လုပ်ငန်းလုပ်ဆောင်ရန် ကျပ်ငွေသိန်း ၂၀၀၀ လှူဒါန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အူရီဒူးရဲ့ အလှူငွေများကို ရေဘေးသင့် ဒေသများမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၁၆၀၀၀ အား ပြန်လည်ထူထောင်ရေးအတွက် အကျိုးရှိစေမယ့် ပစ္စည်းများကို ကူညီလှူဒါန်းခဲ့ပြီး ခြောက်သွေ့ ဒေသတွေမှာ ရေရှည်အကျိုးရှိစေမမယ့် ရေကောင်းရေသန့် ရရှိနိုင်ရေးတို့ကိုပါ လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
မနှစ်ကလည်း အူရီဒူး အနေနဲ့ ရေဘေးသင့် ဒေသများကို သွားရောက်ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနဲ့ ရေဘေးသင့် ပြည်သူများအတွက် အစားအသောက်၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု များကို ပေးအပ် ကူညီခဲ့ပါတယ်။
“အူရီဒူးမြန်မာရဲ့ ကူညီပံ့ပိုးမှုများက မြန်မာပြည်သူပြည်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဖွံ့ဖြိုးမှုတွေ အတွက် အကူအညီ အထောက်အပံ့ အများကြီး ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ကနေ ဖြစ်စေတဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်သမျှ လျှော့ချပြီး မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ် ပိုကောင်းအောင် ဆောင်ရွက်ပေးတာဟာ အူရီဒူးရဲ့ အဓိကရည်ရွက်ချက်ပါ” လို့ အူရီဒူးမြန်မာရဲ့ CEO ဖြစ်သူ Mr.Rene Meza က ပြောပါတယ်။