နည်းပညာ ကုမ္ပဏီတခုဖြစ်တဲ့ Nintendo က ပိုင်ဆိုင်တဲ့ ပိုကီမွန် (Pokemon) ဂိမ်းဟာ ၁၉၉၀ ခုနှစ်တွေတုန်းကလည်း အကြီးအကျယ် ရေပန်းစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက TV ဂိမ်းတခု ဖြစ်ခဲ့တဲ့ ပိုကီမွန်ကို အခုအခါ မိုဘိုင်းဖုန်းတွေမှာ ကစားလို့ ရလာတာကြောင့် နောက်တကြိမ်ပြန်ပြီး တခေတ်ဖြစ်လာခဲ့ပါပြီ။
၁၉၉၀ နှစ်တွေမှာ ပထမဆုံးအကြိမ် ခေတ်စားခဲ့တုန်းကလည်း Pokémania လို့တောင် ရောဂါ အမည်တပ်ခံခဲ့ရပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူး အောင်မြင်ခဲ့ပါတယ်။
ပထမတကြိမ် ခေတ်စားစဉ်ကတည်းက ကမ္ဘာတလွှားက ပရိသတ်တွေက ပိုကီမွန်ကို ဂိမ်းထဲကနေ လက်တွေ့ ကမ္ဘာထဲကို ရောက်လာစေချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ပိုကီမွန် ဇာတ်ကားတွေရဲ့ အဓိက ဇာတ်ကောင် (Trainner) တယောက် ဖြစ်တဲ့ Ash Ketchum လို ဖြစ်ချင်ခဲ့ကြပါတယ်။ Ash Ketchum ရဲ့ အားအထားရဆုံး ပိုကီမွန် ဖြစ်တဲ့ ပီကာချုး (Pikachu) တကောင်လောက် ပိုင်ဆိုင်ချင်ခဲ့ကြပါတယ်။
အခုတော့ အဲဒီစိတ်ကူးကို သိတဲ့ Nintendo ရဲ့ ကုမ္ပဏီခွဲတခု ဖြစ်တဲ့ Niantic က ပိုကီမွန်ကို အပြင်လောကထဲ ဆွဲထုတ် ပေးလိုက်ပါတယ်။ ပိုကီမွန်ဂိမ်း အပေါ် ရူးသွပ်မှုတွေကြောင့် Nintendo ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်းတွေ တဟုန်ထိုး တက်သွားခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရောက်ရှိသွား တယ်လို့ သိရပါတယ်။ ဒါတောင်မှ အဓိက မိုဘိုင်းစျေးကွက်ကြီး ၃ ခုဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ကိုရီးယားတို့မှာ တရားဝင် ကစားခွင့် မရရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ဥပဒေတွေနဲ့ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ လုံခြုံရေး စိုးရိမ်စရာတွေရှိနေလို့ Google မြေပုံ အချက်အလက်တွေကို အကန့်အသတ် လုပ်ထားတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ဂိမ်းဖြန့်ချိရေးကို နောက်ဆုတ် ထားရတယ်လို့ Niantic ရဲ့ အမှုဆောင်အရာရှိချုပ် John Hanke က Forbes မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
ဒါပေမယ့် လည်း Niantic က ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီး တကမ္ဘာလုံး ကစားနိုင်အောင် ပြုလုပ် ပေးမယ်လို့လည်း သူကဆိုပါတယ်။ အိန္ဒိယ နိုင်ငံကတော့ နည်းပညာ ပြဿနာတချို့ ကြောင့် ကစားခွင့် မရသေးတာလို့ သိရပါတယ်။
ဒါပေမယ့် နည်းပညာဆိုင်ရာ ဟာကွက်တချို့ကြောင့် တောင်ကိုရီးယား နိုင်ငံမှာတော့ ကစားလို့ရတဲ့ နေရာတွေရှိ နေပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ Sokcho မြို့က Niantic ရဲ့ ပိတ်ဆို့ထားမှုကနေ ကင်းလွတ်နေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပိုကီမွန် ကစားလို့ရတဲ့ တခုတည်းသောနေရာ ဖြစ်တဲ့ နိုင်ငံမြောက်ပိုင်းက အဲဒီ ကမ်းခြေမြို့လေးမှာ ပိုကီမွန်ဖမ်းဖို့ တောင်ကိုရီးယား နိုင်ငံသားတွေ ထောင်နဲ့ ချီပြီး ရောက်လာ နေကြပါတယ်။ ဆိုလ်းမြို့တော်ကနေ Sokcho မြို့ကို ပိုကီမွန် အထူးဘတ်စ်ကားတွေ နေ့စဉ်ပြေးဆွဲနေပြီး လက်မှတ်ရဖို့ ကြိုတင် မှာထားရပါတယ်။
ထိုင်းနိုင်ငံမှာတော့ ပိုကီမွန် ကစားသူတွေက ဘုရင့်နန်းတော်က မြေကွက်လပ်တွေ၊ စေတီပုထိုးတွေနဲ့ ဆေးရုံ တွေမှာပါ ပိုကီမွန် ဖမ်းဖို့ရှာဖွေနေကြတဲ့ အတွက် နေရာကန့်သတ်မှုတွေ ပြုလုပ်တော့မယ်လို့ ထိုင်းနိုင်ငံ ဆက်သွယ်ရေး တာဝန် ရှိသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံက မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်း ၅ ခုကို အမျိုးသား အသံလွှင့်နှင့် တယ်လီဖုန်း ဆက်သွယ်ရေး ကော်မရှင် (NBTC) က ခေါ်ယူဆွေးနွေးပြီးတဲ့နောက် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ပိုကီမွန်နဲ့ ပတ်သက်လို့ စီမံခန့်ခွဲခွင့် ရရှိထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ True က အစိုးရ အဆောက်အဦးတွေနဲ့ ပုဂ္ဂလိကနေရာတွေ အပါအဝင် အနေရာချို့ကို ဂိမ်းအတွင်းက ဖယ်ရှားပေးဖို့ Niantic ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကား မတော်တဆမှု သတင်းတွေ၊ ကစားသူ အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှု သတင်းတွေကြောင့် ထိုင်းတာဝန်ရှိသူတွေက ကစားချိန် သတ်မှတ်ပေးဖို့လည်း စဉ်းစားနေပါတယ်။ မိုဘိုင်းဖုန်း အော်ပရေတာတွေ ကလည်း ဒီ ဂိမ်းကို ဘေးကင်းစွာ ကစားနိုင်မယ့် လမ်းညွှန်ချက်တွေကို ဖြန့်ဝေပေးဖို့လည်း ညွှန်ကြားထားပါတယ်။ ကျောင်းတွေမှာလည်း စာသင်ခန်းအတွင်းမှာ ပိုကီမွန် မဖမ်းကြဖို့ ပိတ်ပင်မှုတွေ လုပ်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာလည်း ကစားသူတွေက နိုင်ငံရဲ့ နာမည်အပျက်ဆုံး ဖြစ်ခဲ့တဲ့ အကျဉ်းထောင်နေရာတွေမှာ ပိုကီမွန် ဖမ်းကြပြီးတဲ့နောက် ကန့်သတ်မှုတွေ ပြုလုပ်ဖို့ စဉ်းစားနေပါတယ်။
ခမာနီ အစိုးရခေတ်က အကျဉ်းသား ၁၅၀၀၀ လောက်ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခံခဲ့ရတဲ့နေရာမှာ ရှိတဲ့ Tuol Sleng Genocide ပြတိုက်မှာ သွားပြီး ဂိမ်းကစားတာက စော်ကားတာပဲလို့ ခမာနီတွေရဲ့လက်က အသက်ရှင်လွတ်မြောက် ခဲ့သူတွေက ပြောကြပါတယ်။ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ခမာနီ အစိုးရ အုပ်ချုပ်ခဲ့စဉ် လူ ၂ သန်းလောက် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ပြတိုက်နေရာကို ဂိမ်းရဲ့ မြေပုံအတွင်းက ပယ်ဖျက်ပေးဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။
ထိုင်ဝမ်နိုင်ငံမှာလည်း ကားမောင်းရင်းနဲ့ ပိုကီမွန် ကစားနေတဲ့သူ ၁၂၀၀ ကျော်် ဖမ်းမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဝေးပြေးလမ်းတွေနဲ့ ရပ်နားတဲ့ စခန်းနေရာတွေကို ဂိမ်းအတွင်းမှာ မထည့်ဖို့ Niantic ကုမ္ပဏီကို တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။ ထိုင်ဝမ် မီးရထား ဌာနကလည်း အလားတူ ပြုလုပ်မယ်လို့ သိရပါတယ်။
ဘော့စ်နီးယားက ပိုကီမွန် ကစားတဲ့သူတွေကိုတော့ ၁၉၉၀ နှစ်တွေမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် ကျန်ရစ်နေခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ရှိနေတဲ့ နေရာတွေကို မသွားကြဖို့ နှိုးဆော်ထားရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ဖြတ်သန်းခွင့်မရှိတဲ့ စစ်တပ်နယ်မြေထဲကို ဂိမ်းကစားရင်းရောက်လာတဲ့ ပြင်သစ်နိုင်ငံသား တဦးကို ရဲအဖွဲ့့က ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါသေးတယ်။
ရုရှားနိုင်ငံမှာ ပိုကီမွန်ကို တရားဝင်ကစားခွင့် မရသေးပေမယ့် ကစားချင်တဲ့သူတွေက စမတ်ဖုန်းရဲ့ setting ကို အပြောင်းအလဲ လုပ်ပြီး ကစားကြပါတယ်။ ပိုကီမွန် ဖမ်းဖို့ လူကြိုက်မျာတဲ့ နေရာတွေကတော့ ရင်ပြင်နီ၊ မော်စကို မြို့တော်ရဲ့ အထိမ်းအမှတ် နေရာတခုဖြစ်တဲ့ Ukrainia ဟိုတယ် ရှိရာနေရာနဲ့ တခြား မော်စကို မြို့လယ်နေရာတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ရုရှား အထက်လွှတ်တော် လုံခြုံရေးနဲ့ ကာကွယ်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Klintsevich ကတော့ ဒီဂိမ်းဟာ ရုရှားလူငယ်တွေကို အနောက်တိုင်းက စိတ်ဓာတ် စစ်ဆင်ရေး လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁၈ ရက် လွှတ်တော် ရွေးကောက်ပွဲတွေ ပြီးတဲ့ အချိန်မှာ ပိုကီမွန်ဂိမ်းကို ကန့်သတ်တဲ့ ဥပဒေတခု ပြဌာန်းပေးဖို့ သူက တောင်းဆိုသွားမယ်လို့ သိရပါတယ်။
တရားဝင် ကစားခွင့် မရသေးတဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ ဆီးရီးယား နိုင်ငံမှာတော့ တက်ကြွလှုပ်ရှားသူတွေက ပိုကီမွန် ဂိမ်းကို အသုံးပြုပြီး လှုပ်ရှားမှုတခု ဆောင်ရွက်နေပါတယ်။ ပိုကီမွန်ရုပ်ပုံပါတဲ့ စာရွက်ကလေးတွေကို ဆီးရီးယား ကျေးလက် ဒေသက ကလေးတွေက ကိုင်ထားတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ ဖြန့်ဝေပြီး အနောက်တိုင်းက ဂိမ်းကစား သူတွေအနေနဲ့ အမှန်တကယ် မဟုတ်တဲ့ ဒီဂျစ်တယ် အရုပ်ကလေးတွေကို လိုက်ဖမ်းနေမယ့်အစား စစ်ပွဲနဲ့ ပဋိပက္ခဒေသမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း အာရုံစိုက်ပေး ကြဖို့ တောင်းဆိုနေကြပါတယ်။
အခုအချိန်အထိ ပိုကီမွန်ဂိမ်းကို တရားဝင်ကစားနိုင်တဲ့ နိုင်ငံ ၈၀ ကျော် ရှိပါတယ်။