Samsung ရဲ့ Galaxy Series နောက်ဆုံးထွက် စမတ်ဖုန်း Samsung Galaxy Note 7 စမတ်ဖုန်းသစ် မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်တဲ့ပွဲကို ယနေ့ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သြဂုတ်လ ၂ ရက်နေ့က Galaxy Note 7 ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တရားဝင် မိတ်ဆက်ပြသခဲ့ပြီး မြန်မာနိုင်ငံကို ၁၀ ရက်အကြာမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။
Note 7 ရဲ့ ထူးခြားချက်က Lock Screen ကို မျက်စိနဲ့ Scan ဖတ်ပြီး အဖွင့်အပိတ်လုပ်နိုင်တဲ့ Iris Scanner ပါဝင်လာပြီး စမတ်ဖုန်းကိုယ်ထည်နဲ့ S Pen တို့ကိုလည်း ရေစိုခံနိုင်တယ်လို့ သိရပါတယ်။ အရှေ့ဘက် မျက်နှာပြင်ဒီဇိုင်းက S7 Edge စမတ်ဖုန်းပုံစံ ဘေးအနား နှစ်ဖက်ကို ခုံးထားပြီး မျက်နှာပြင်အပြည့် မြင်ကွင်းပုံစံ တွေ့ရမှာပါ။
Note 7 ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ တရားဝင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေကျပ် ၉ သိန်း ၂ သောင်း ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်၊ အနက်ရောင်စသဖြင့် အရောင် ၃ မျိုးရရှိမှာ ဖြစ်ပါတယ်။
Note 7 ကို အရစ်ကျ ဝယ်ယူလိုသူများအတွက် Samsung Myanmar က KBZ ဘဏ်နဲ့ ချိတ်ဆက်ထားပြီး သုံးစွဲသူများအနေနဲ့ Note 7 ကို အတိုးနှုန်းမဲ့ ၆ လ အရစ်ကျ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ ဝယ်မယ်ဆိုရင် ဝယ်မည့်သူက ကမ္ဘောဇဘဏ် တခုခုမှာ နှစ်သက်ရာ saving account (စုငွေစာရင်း) ဖွင့်ပြီး ကျပ် ၉ သိန်း ၂ သောင်း စုငွေစာရင်း ထည့်သွင်းပြီး ၆ လ အရစ်ကျ အတိုးနှုန်းမဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Note 7 ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ Melia Hotel နဲ့ မန္တလေးမြို့ Skywalk စျေးဝယ်စင်တာ တို့မှာ တပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပြီး ပထမဆုံး ဝယ်ယူသူများအနေနဲ့ ငွေကျပ် ၈ သောင်း တန်ဖိုးရှိတဲ့ လက်ဆောင်များကို ရရှိမှာဖြစ်ပါတယ်။ အဲဒီနေ့မှာ ဝယ်ယူသူများကို Samsung ၃၂ လက်မ LED TV အလုံး ၅၀၀ လည်း ကံစမ်းမဲ ဖောက်ပေးသွားမယ်လို့ သိရပါတယ်။
Galaxy Note 7 ဝယ်ယူသူများ အနေနဲ့ အထူးအာမခံအခွင့်အရေးများ ရရှိနိုင်တဲ့ Samsung Premium Care ဝန်ဆောင်မှုကိုလည်း ခံစားခွင့် ရရှိမယ်လို့ သိရပါတယ်။ Samsung Premium Care အစီအစဉ်မှာ သတ်မှတ်ထားတဲ့ အဆင့်မြင့်ဖုန်းများအတွက် Software ပြဿနာတွေကို အိမ်တိုင်ရာရောက်လာရောက်ပြီး တထိုင်တည်း ပြုပြင်ပေးခြင်းနဲ့ Hardware ပြဿနာများအတွက် အိမ်တိုင်ရာရောက် ဖုန်းကို လာယူပေးခြင်း၊ ပြန်လည်ပို့ဆောင်ပေးခြင်းစတဲ့ ဝန်ဆောင်မမှုတွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ပြုလုပ်ပေးသွားမှာပါ။