အခုလို စိုစွတ်စွတ် မိုးရာသီကာလမှာ အရာဝတ္ထုပစ္စည်းတချို့ဟာ လေထုထဲက ရေငွေ့ဓာတ်နဲ့ ထိတွေ့ပြီး အနံ့အသက်ဆိုး တခုခုကို ဖြစ်ပေါ်စေတတ်တာပါ။
ဒီလို မိုးရာသီမှာ လေထဲက အစိုဓာတ်နဲ့ ထိတွေမိတဲ့ အရာဝတ္ထုတွေထဲကမှ အဝတ်အစားတွေဆိုရင် အထူးသဖြင့် လျှော်ဖွပ်ပြီးတာတောင် နေရောင်နဲ့ ကောင်းကောင်မထိတွေ့ရတဲ့အခါ မှိုနံ့စွဲတဲ့ပြဿနာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ပိုုဆိုးတာက ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်တာလည်း တကြောင်း၊ အထပ်မြင့် တိုက်ခန်းတွေမှာ နေထိုင်သူများ တဲ့အတွက် အဝတ်လှန်းစရာ နေရာအဆင်မပြေတာ တကြောင်း အကြောင်းအမျိုးမျိုးကြောင့်လို့ ဆိုရပါမယ်။
နောက်ထပ်တခုက ကားကူရှင်တွေပါ။ အဲ့ဒီအရာတွေလည်း အခုလို မိုးရာသီမှာ စိုစွတ်စွတ်ဖြစ်တတ်ပါတယ်။ ကားတံခါးကိုအလုံပိတ်ကာ Air con ဖွင့်မောင်းတတ်ကြလေတော့ ပြင်ပလေ ဝင်ရောက်မှု မရှိတဲ့အတွက် အဝတ်အစား အစိုနဲ့ဖြစ်ဖြစ် အစိုဓာတ်ပါတဲ့ ပစ္စည်းပဲဖြစ်ဖြစ် ကားကူရှင်ပေါ် တင်လိုက်မိလို့ စိုသွားမယ်ဆိုရင် ဆိုဖာတို့ ကားကူရှင်တို့ တွေမှာ မကောင်းတဲ့အန့ံတွေ စွဲတတ်ပါတယ်။
နောက်ပြီး ကိုယ့်အိမ်ထဲမှာဆိုလည်း မကောင်းတဲ့အနံ့ဆိုးတွေ ရှိနေတတ်မှာမို့ ဒီ အရာတွေကို ဖယ်ရှားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒီလို အနံ့ဆိုးတွေက ကြာလာရင် အသက်ရှုလမ်းကြောင်းကိုပါ ဒုက္ခပေးလာနိုင်ပါတယ်။
အနံ့ဆိုးတွေကို ဖယ်ရှားနိုင်ဖို့အတွက် ဒီလို အန့ံဆိုးတွေကို စုပ်ယူတဲ့ အရုပ်ကလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“သူက ရိုးရိုးချည်သားပါပဲ။ အထဲမှာက ဆေးတို့၊ မုန့်တို့မှာ ပါတဲ့ ကြာရှည်ခံအောင် လုပ်ပေးတဲ့ အစေ့လေးတွေ ပါတာပါ။ အရုပ်တရုပ်လုံး အပြည့်ပါတာပေါ့။ ဒါပေမယ့် အရုပ်က ကိုင်ရတာ တခြားအရုပ်တွေလိုပါပဲ။ သူက ၂ နှစ် ခံပါတယ်။ ၂နှစ်ပြည့်ရင်တော့ အရုပ်က သူ့ဘာသာ ပိန်သွားရော။ ကားထဲမှာဆိုရင်တော့ ၂ ရုပ်လောက်ထားရင် အဆင်ပြေပါတယ်။ အိမ်မှာဆိုရင် ၆ ရုပ် ၇ ရုပ်လောက် ထားရင်ရပါတယ်။ လေမလုံလည်း ထားလို့ရပါတယ်” လို့ The Elephant Gift & Toy Shop မှ ကိုထင်ကျော်လင်း က ပြောပါတယ်။
စျေးနှုန်းအနေနဲ့ တရုပ်ကို ၅၅၀၀ ကျပ်ဖြစ်ပြီး ၇ ရုပ်ဝယ်မယ်ဆိုရင် ၃၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ စျေးနှုန်း သင့်တင့်ပြီး ကိုယ့်အိမ်၊ ကိုယ့်အိပ်ခန်း၊ အဝတ်အစားဘီရို၊ ရုံးခန်း၊ ကိုယ့်ကားထဲမှာ ထားဖို့ သင့်တော်တဲ့ ပစ္စည်းလို့ ဆိုနိုင်ပါတယ်။
အလှအဖြစ်ထားရင်းနဲ့ အနံ့ဆိုးတွေကိုပါစုပ်ယူနိုင်တဲ့အတွက် အဆင်ပြေစေနိုင်မှာပါ။
အရုပ်များကို ဖုန်မတက်အောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးထားလို့ ရတယ်လို့လည်း သိရပါတယ်။ အဲ့ဒီလို ထုပ်ပိုး ထားသည့်တိုင်အောင် သူက အနံ့တွေကို စုပ်ယူနိုင်ဦးမှာပါ။
အရောင်တွေအနေနဲ့ အနီ၊ အစိမ်း၊ အဝါ၊ ခရမ်း၊ အပြာ၊ အနက်၊ ပန်းရောင် ဆိုပြီး အရောင် (၇) ရောင် ရရှိနိုင်မှာပါ။ ဒီ အရုပ်လေးကို Deodorant လို့လည်း ခေါ်သလို အန့ံဆိုးတွေကို စုပ်ယူပေးတဲ့အရုပ် Doll Smell လို့လည်း ခေါ်တယ်လို့ သိရပါတယ်။