ရင်သွေးအမြွှာကိုယ်ဝန်ကို လွယ်ထားရတဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေက သူ့ရဲ့ အမြွှာကိုယ်ဝန်ဟာ သမီး မိန်းကလေး အမြွှာဖြစ်တယ်လို့ ပြောဆိုနေကြတဲ့အပေါ် မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
“အဲဒါမဟုတ်ပါဘူး။ အခုက မသိရသေးပါဘူး။ အခုက မသေချာသေးပါဘူး။ ကိုယ်ဝန်က ငါးလကျမှ သိရမှာပါ” လို့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေ က ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် ချစ်သုဝေ ဟာ ယခုအချိန်ကစလို့ အနုပညာအလုပ်မှန်သမျှကို ရပ်နားထားလိုက်ပြီး ကလေးမွေးဖွားပြီးမှသာ ပြန်လည်လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။
သရုပ်ဆောင် အဆိုတော် ချစ်သုဝေဟာ ကိုယ်ဝန်စရှိတဲ့အချိန်မှာပဲ သူ့ရဲ့ ကိုယ်ဝန်နဲ့ပတ်သက်လို့ ပရိသတ်များကို ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အသိပေး ရေးသားပြောဆိုခဲ့တာပါ။
ချစ်သုဝေဟာ တေးရေး၊ တေးဆို လင်းလင်း နဲ့ ၂၀၁၄ ခုနှစ်က အိမ်ထောင်ပြုခဲ့တာလည်းဖြစ်ပါတယ်။
သူ့ရဲ့ လတ်တလော အနုပညာနဲ့ပတ်သက်လို့ သရုပ်ဆောင် ရဲတိုက်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သားများအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ “အဖေ့ကျောင်း” ဗီဒီယိုဇာတ်ကားထွက်ရှိထားပါတယ်။
ဒါ့အပြင် သြဂုတ်လ ၁၀ ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့အလှူအဖြစ် ရန်ကုန် ကလေးဆေးရုံကြီး ရဲ့ကင်ဆာကုသဆောင်မှာ ကလေးငယ်များအတွက် လှူဒါန်းမှုများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။