ကျန်းမာရေးနဲ့ ပတ်သက်ရင် ပြင်းထန်ဆိုးရွားတဲ့ ဝေဒနာရယ်လို ့ မဟုတ်ပေမယ့် အောင့်သက်သက်နဲ ့ ခံရခက်လို ့ ညည်းတွားကြတာ များတဲ့အထဲမှာ ဝမ်းချုပ်တာလည်း ပါနေတာပါ။ အထူးသဖြင် ့ သက်ကြီးရွယ်အိုတွေ၊ လှုပ်ရှားမှုနည်းပါး အထိုင်များသူတွေ၊ အစားအသောက်ထဲမှာ အမျှင်ဓာတ် ပါဝင်အောင် စားသောက်လေ့ မရှိသူတွေမှာ အတွေ့ရ အများဆုံးပေါ့။
မတူညီတဲ့ ဝမ်း အလေ့အထ
တယောက်နဲ့ တယောက် ဝမ်းမှန်တယ် ဆိုတာက မတူညီကြပါဘူး။ လေ့လာချက်တွေအရ ပျမ်းမျှအားဖြင့် တနေ့ ၃ ကြိမ်လောက် သွားသူကနေ တပတ် ၃ ကြိမ်လောက်အထိ သွားကြတာကို အသီးသီးက ဝမ်းမှန်တယ် ဆိုကြလေ့ရှိပါသတဲ့။ အဲသလို ပုံမှန် ဝမ်းမသွားရရင် ဝမ်းချုပ်တယ်လို့ ထင်ကြတော့တာပါ။ ဝမ်းချုပ်တာရဲ့ အဓိကအကြောင်းကတော့ အူတွေရဲ့ လှုပ်ရှားမှု မူမမှန်လို့ ဖြစ်ရတာပါ။ ဝမ်းချုပ်တာကို အဓိပ္ပါယ် ဖွင့်ဆိုကြရာမှာ ဝမ်းက မာကျောပြီး လွယ်လွယ် မထွက်နိုင်တာ၊ ဝမ်းသွားပြီးရင်လည်း ကုန်စင်တယ်လို့ မခံစားရတာမျိုးတွေ ပါဝင်ပါတယ်။
ဖြေရှင်းစရာ နည်းနာ
ကံအားလျော်စွာ ဝမ်းချုပ်တယ် ဆိုတာက ယာယီဝေဒနာမို ့တော်သေးတယ်လို ့ဆိုရမှာပါ။ ဆေးဝါးတွေကြောင့်၊ အိမ်သာတက်ဖို့ အခင်းအကျင်း အနေအထား အဆင်မပြေတာတွေကြောင့် ဖြစ်တတ်သလို ကိုယ်ဝန်ရှိတာမျိုး ကိုယ်ခန္ဓာ အပြောင်းအလဲတွေမှာလည်း ဖြစ်တတ်ပါတယ်။ တကယ်တော့ ကြီးမားတဲ့ တခြား အူလမ်းကြောင်းပိတ်ဆို့တဲ့ ရောဂါတွေကြောင့် မဟုတ်ရင် ဝမ်းချုပ်တာက ပြဿနာ မရှိလှပါဘူး။
ပုံမှန်ထက်ပိုပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရင် အဆင်ပြေပါတယ်။ အမျှင်ဓာတ်တွေက အစာချေချက်ဖို့ ခက်တော့ ဝမ်းကိုပျော့ပျောင်းစေသလို ဝမ်းသွားချင်စိတ်လည်း ဖြစ်စေပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးတွေကို နေ့စဉ်စားသုံးပေးရပါလိမ့်မယ်။ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညိုတွေလည်း အဆင်ပြေပါတယ်။
ရေများများ သောက်ပေးဖို့လည်း လိုပါတယ်။ တနေ့မှာ ရေဖန်ခွက်ကြီး ၆ ခွက်ကနေ ၈ ခွက်လောက်တော့ သောက်ဖို့ လိုအပ်တာပါ။ အဲသလို စားသောက်လိုက်ရင် ဝမ်းချုပ်တာ သက်သာမှာပါ။
ကျွမ်းကျင်သူများ ညွှန်းဆိုကြတာကတော့ တနေ့မှာ အမျှင်ဓာတ် လိုအပ်မှုက ၂၅ ဂရမ် လောက်ရှိပြီး လူတွေ ပုံမှန် စားနေတာက ၅ ဂရမ် နဲ့ ၁၀ ဂရမ် ကြားလောက်မှာသာ ရှိပါတယ်တဲ့။ ဒါကြောင့် နေ့စဉ်စားသောက်တဲ့ အစာတွေမှာ အမျှင်ဓာတ်ကြွယ်မှု များပြားတဲ့ အောက်ပါ အစားအသောက်တွေ ပါဝင်အောင်စားစေလိုပါတယ်။
- ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့ လုပ်တဲ့ အစားအစာတွေ
- လတ်ဆတ်တဲ့ သစ်သီးဝလံတွေ
- ပဲအမျိုးမျိုး
- ဟင်းသီးဟင်းရွက် မျိုးစုံ
အဲဒီ အစားအစာတွေသာ စားသုံးလိုက်ပါ။ နေ့စဉ်မပျက်ကွက်ရင်ဖြင့် ဓာတ်ကလေးတွေလည်း သက်လာပါလိမ့်မယ်လို့ ဆိုပါရစေ။