K- pop ထိပ်တန်းအဖွဲ့ ဖြစ်တဲ့ Big Bang ရဲ့ ဂီတသက်တမ်းဟာ လာမယ့် သြဂုတ်လ ၁၉ ဆိုရင် ၁၀ နှစ် သက်တမ်း ရှိပြီဖြစ်ပါတယ်။ ဂီတသက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ Big Bang ရဲ့ တာဝန်ရှိသူများက ပြောဆိုလိုက်ပါတယ်။
Big Bang အဖွဲ့ရဲ့ ဂီတသက်တမ်း ၁၀ နှစ်ပြည့် အခမ်းအနားမှာတော့ အဖွဲ့ဝင် အားလုံးပါဝင်နိုင်မှာမဟုတ်ဘဲ အဖွဲ့ဝင် နှစ်ဦးဟာ စစ်မှုတာဝန်ထမ်းဆောင်နေရတာကြောင့် ကျန်အဖွဲ့ဝင်များနဲ့သာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Big Bang အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ G- Dragon က “၁ဝနှစ်ပြည့် အထိမ်းအမှတ်ကာလမှာ ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ဂီတလမ်းကြောင်းပေါ်ကို စတင်ပြီး လျှောက်လှမ်းချိန်ကတည်းက ကိုယ်နှစ်သက်တဲ့ ဂီတကိုပျော်ရွှင်စွာနဲ့ ပြုလုပ်ခဲ့ကြတယ်။ ဒီ ၁၀ နှစ်တာ ကာလအတွင်းမှာ ဘယ်သူတွေက ကျွန်တော်တို့ကို အဓိကထောက်ပံ့ပေးခဲ့တယ်၊ ဘယ်သူတွေက ကျွန်တော်တို့ ရှင်သန်ဖွံ့ဖြိုးလာဖို့အတွက် ကြည့်ရှု့စောင့်ရှောက်ခဲ့သလဲဆိုတာ ပရိသတ်တွေအနေနဲ့လည်း မျက်မြင်တွေ့ခဲဲ့ပြီးဖြစ်မှာပါ။ ဒီလို နှစ်ပတ်လည်ပွဲရဲ့ အဓိပ္ပါယ်ပြည့်စုံမှုတွေကို ကျွန်တော်တို့အဖွဲ့သားတွေအပြင် ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ မိသားစုတွေ အနေနဲ့လည်း ကျွန်တော်တို့နဲ့အတူပျော်ရွှင်စေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရက်ပ်ပါ တဦးဖြစ်တဲ့ T.O.P ကတော့ “ကျွန်တော်တို့အဖွဲ့ရဲ့ ဂီတပုံစံဟာ ပရိသတ်ရဲ့ တောင်းဆိုမှုအပေါ်မှာ မူတည်ပြီး အမြဲပြောင်းလဲနေမယ်လို့ ထင်တယ်။ ကလေးကနေစပြီးတော့ လူကြီးတွေအထိ ကျွန်တော်တို့သီချင်းတွေကို နား ထောင်ကြတယ်။ ကျွန်တော်တို့ကလည်း ပရိသတ်တွေရဲ့ အားပေးမှုအပေါ်မှာ သီချင်းတွေကို ဆန်းသစ်ကြလေ့ ရှိတယ်။ ပရိသတ်တွေ အားပေးနေလို့သာကျွန်တော်တို့အဖွဲ့ ဒီနေ့ဒီအချိန်အထိ ရပ်တည်နေနိုင်ခြင်းပါ။ ကျွန်တော်တို့ ဟာ သီချင်းအသစ်အဆန်းများကို အမြဲတမ်းကြိုးစားဖန်တီးနေမှာပါ” လို့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်မှာ ပြောကြား ခဲ့ပါတယ်။
Big Bang အဖွဲ့ဟာ ဂီတသက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပထမအဆင့်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လကတည်းက သူတို့အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “Big Bang Made” ကို စတင်ပြီး ထုတ်လုပ်ခဲ့ကာ ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံများမှာ ကြည့်ရှုသူ ၇ သောင်းကျော်ခန့်ရှိခဲ့ပါတယ်။ အခြားသောနိုင်ငံများအနေနဲ့ ကြည့်ရှုသူ ၅ သောင်း ၅ ထောင် ကျော်ခန့်ရှိခဲ့ပြီး ပါဝင်တဲ့ နိုင်ငံတွေကတော့ ဟောင်ကောင်၊ စင်္ကာပူ၊ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တယ်လို့ သူတို့အဖွဲ့ရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ YG Entertainment မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ဖျော်ဖြေပွဲများအဖြစ် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ မြို့ပေါင်း ၃၂ မြို့တွင် ရက်ပေါင်း ၃၄၀ ကြာ ဖျော်ဖြေပွဲများကို ကျင်းပခဲ့ပြီး လည်းဖြစ်ပါတယ်။
ဒုတိယတဆင့်အဖြစ် “BigBang10 the Exhibition: A to Z”လို့ အမည်ပေးထားပြီး ဆိုးလ်မြို့ ဆောင်းဆုတွင်တည်ရှိတဲ့ S-Factory မှာ လာမယ့် သောကြာနေ့ သြဂုတ်လ ၁၉ ရက်တွင် ဖျော်ဖြေပွဲမဟုတ်ဘဲ သူတို့ရဲ့ ပရိသတ်များနဲ့ အင်တာဗျူးအမေးအဖြေများအပြင် ပရိသတ်များနဲ့အတူပြုလုပ်ကြမယ့် ဂိမ်းကစားပွဲများကိုပါ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့ မှတ်တမ်း ဓါတ်ပုံများကိုလည်း ပြသထားမှာဖြစ်ပါတယ်။
တတိယအဆင့်အနေနဲ့ကတော့ သြဂုတ်လ ၂၀ ရက်နေ့မှာ ဆန်ဂမ်မှာရှိတဲ့ World Cup Stadium မှာ ပရိသတ်ပေါင်း ၆ သောင်း ၄ ထောင်ခန့် ပါဝင်နိုင်မယ့် ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲနဲ့ ပတ်သက််ပြီး ထယ်ယောင်းက “အဲ့ဒီဖျော်ဖြေပွဲမှာတော့ ကျွန်တော်တို့အဖွဲ့ဟာ အဓိကအားဖြင့် ကိုရီးယားပြည်တွင်း ပရိသတ်များအတွက် အဓိကပြင်ဆင်ထားတာဖြစ်ပြီး ပရိသတ်များနဲ့ ကျွန်တော်တို့ အပေးယူမျှခဲ့တဲ့ သီချင်းများစွာကို ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့အဖွဲ့ကို ပရိသတ်များသတိထားမိစေခဲ့တဲ့ သီချင်းဟောင်းတွေရော (၁၀)နှစ်ပြည့်ပွဲအတွက် စီစဉ်ထားတဲ့ သီချင်းအသစ်တွေရော ဖျော်ဖြေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Big Bang အဖွဲ့ဟာ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “M.A.D.E” လို့ အမည်ပေးထားတဲ့ Solo Album ကို ၁၀ နှစ်ပြည့်ပွဲမှာ ထုတ်ဝေရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဝေနိုင်တဲ့အပေါ်ကို သူတို့ ပရိသတ်များကို အထူးတောင်းပန်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ အယ်လ်ဘမ်တွင် မကြာခင်က ထုတ်ဝေခဲ့သော “Loser”, “BaeBae” , “If You” စတဲ့ စင်ဂယ်လ်သီချင်းများ ပါဝင်မှာဖြစ်ကာ လာမယ့် စက်တင်ဘာလမှာ စတင်ဖြန့်ချိရန် စီစဉ်နေတယ်လို့ သိရပါတယ်။