မြို့ပြမှာရော ကျေးလက်တွေမှာပါ နေထိုင်သူတွေရဲ့ ကျန်းမာရေး အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး တခုက ဆူညံသံ အန္တရာယ် ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ထွက်ပေါ်လာတဲ့ အသံများ၊ စက်မှုလုပ်ငန်းတွေက ထွက်ပေါ်လာတဲ့ အသံများ၊ မော်တော်ကား မီးရထား ခုတ်မောင်း ဆူညံသံများ၊ ဥသြဆွဲသံများ၊ မော်တော်ကား ဟွန်းသံများ၊ လက်ကိုင် အသံချဲ့စက်သုံးပြီး စျေးရောင်းတာ၊ လှုံ့ဆော်တာ၊ အသိပေးတာတွေ အပါအဝင် ဘာသာရေး တရားဟောတာမျိုး အထိ အသံချဲ့စက်တွေ သုံးစွဲတာကြောင့် ဆူညံသံတွေက သင့်ကျန်းမာရေးကို ဘယ်လို ထိခိုက် စေတယ် ဆိုတာ တင်ပြလိုက်ပါတယ်။
နားကြားပုံ အဆင့်ဆင့်
သင့်ရဲ့ ကျန်းမာရေးသာမက၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုကိုပါ အကြီးအကျယ် ဒုက္ခပေးနေတဲ့ ‘ဆူညံသံ’ အသံအတိုးအကျယ်ကို Decibel စကေးနဲ့ တိုင်းတာပါတယ်။ ၁ Db ဟာ သာမန်လူတွေ အတိုးဆုံး ကြားရတဲ့ အသံ ဖြစ်ပြီး၊ သင့်နားစည်က အကျယ်ဆုံး ခံနိုင်တဲ့ ဒက်ဆီဘယ်က ၇၀ Db ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ။
တကယ်လို့ သင်ဟာ ၇၀ Db ကို နေ့စဉ်ရက်ဆက် ကြားနေရရင်တော့ စိတ်ရောဂါ စတင်ခံစားရနိုင်ပါတယ်။ ၈၀ Db ထက်ကျော်ပြီ ဆိုရင်တော့ သင့်နားရဲ့ နားစည်ကို ဒုက္ခပေးနေပါပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့ စိတ်ရောဂါဝေဒနာရှင် အားလုံးရဲ့ ၃ ပုံ ၁ ပုံ၊ တနည်းအားဖြင့် စိတ်ရောဂါဝေဒနာရှင် ၃ ယောက်မှာ ၁ ယောက်၊ ခေါင်းကိုက်ဝေဒနာရှင် အားလုံးရဲ့ ၅ ပုံ ၁ ပုံ၊ တနည်းအားဖြင့် ခေါင်းကိုက်ဝေဒနာရှင် ၅ ယောက်မှာ ၁ ယောက်ဟာ ဆူညံသံကြောင့် ရောဂါခံစားကြရတာပါ။
တချို့သတ္တဝါငယ်လေးတွေဟာ ဆူညံသံကြောင့် သေဆုံးကြပါတယ်။ ဥပမာ ရပ်ကွက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အသံချဲ့စက်ကို အသုံးပြုတဲ့အခါမျိုးတွေမှာ ခွေးတွေ အူကြတာ တွေ့ဖူးမယ် ထင်ပါတယ်။ သူတို့ဟာ ဒက်ဆီဘယ် ၈၀ ကနေ ၁၁၀ လောက် အထိ ရှိတဲ့ အသံချဲ့စက်ရဲ့ ဆူညံသံကို မခံနိုင်တာကြောင့် အူကြတာ ဖြစ်တယ်။
လူတွေရဲ့ နားကလည်း ဒက်ဆီဘယ် ၇၅ ကနေ ၈၅ ကျော် လာတဲ့ ဒက်ဆီဘယ်တွေဆို မခံနိုင်တော့ပါဘူး။ တကယ်လို့သာ ကားဟွန်းသံတွေ၊ လူသံတွေ၊ စက်သံတွေနဲ့ ဒက်ဆီဘယ် ၈၅ ရှိတဲ့ မီပွိုင့်လို နေရာမျိုးမှာ ၈ နာရီလောက်ကြာ ရှိနေရင်တော့ သင့်နားကိုရော သင့်ရဲ့ စိတ် အပါအဝင် တခြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အလွယ်တကူ မြင်အောင် အောက်မှာ ပုံနဲ့ ဖော်ပြထားပါတယ်။
အဲဒီထက် ကြောက်စရာကောင်းတာက ဆူညံသံတွေက လူအပါအဝင် သတ္တဝါတွေရဲ့ အာရုံကြောတွေ၊ မျိုးပွား အင်္ဂါစုတွေ၊ ဟော်မုန်းဓာတ် ထုပ်ပေးတဲ့ အကျိတ်တွေကို ထိခိုက်စေတဲ့အပြင် ကိုယ်ဝန်ဆောင် မိခင်ရဲ့ ဝမ်းတွင်းရှိ သန္ဓေသားငယ်ရဲ့ ဦးနှောက်ကိုတောင် မိခင်ကြားရတဲ့ ဆူညံသံက ဒုက္ခရောက်စေနိုင်ပါတယ်။ မွေးကင်းစ ကလေးနဲ့ ငယ်ရွယ်သေးတဲ့ ကလေးများရဲ့ အကြားအာရုံနဲ့ ဦးနှောက်ကို ဆူညံသံက ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါတယ်။
သင့်နားရဲ့ ခံနိုင်ရည် အတိုင်းအတာ ပမာဏထက် ပိုမိုကျယ်လောင်တဲ့ အသံ တမျိုးမျိုး၊ ဥပမာ ၂၄ နာရီ စပီကာနဲ့ မပြတ်ဖွင့်သံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းက ထွက်ပေါ်လာတဲ့ အသံတွေကို အချိန်ကြာကြာ ဆက်တိုက် ကြားနေ ရရင်တော့ သင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တချို့ကို နာကျင်ပျက်စီးစေနိုင်ပြီး စိတ်ဖောက်ပြန်တဲ့ ဝေဒနာအထိ ဖြစ်စေနိုင်တယ်လို့ သိပ္ပံသုတေသီတွေက ဖော်ထုတ်ထားပါတယ်။
မရပ်မနား ဆူညံနေတဲ့ အသံက ခန္ဓာကိုယ် သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး သွေးလေလှည့်ပတ်မှု ချွတ်ယွင်းကာ အသားအရေ ဖြူဖတ်ဖြူလျော် ဖြစ်စေခြင်း၊ ကြွက်သားများ မာကြောကာ ညောင်းညာ ကိုက်ခဲစေခြင်း၊ မူးဝေခြင်းနှင့် စိတ်သောက ရောက်စေခြင်းများကို ဖြစ်ပွားစေပါတယ်။ တဖန် မြည်လိုက် ပျောက်လိုက် ဆူညံသံမျိုးကလည်း ထိတ်လန့်ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ် စိတ်တိုခြင်း တို့ကို ဖြစ်စေကာ လုပ်ငန်း စွမ်းဆောင်ရည် ကျဆင်းခြင်း၊ မတော်တဆ ထိခိုက်မှု များလာခြင်း စသည်တို့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
Source: slideshare.net, nidcd,nih.gov