တကယ်တမ်းဆိုရင်တော့ မော်ဒယ်ရဲ့ နာမည်က Sportsterပါပဲ။ အမေရိကန် အခြေစိုက် နာမည်ကျော် Harley Davidsonရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ သူ့ကို XLမော်ဒယ်လို့လည်း စျေးကွက် တချို့မှာ လူသိများပါတယ်။ Sportster တန်းဝင် မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားပြီး မော်ဒယ်ရဲ့ နာမည်ကိုပါ အမျိုးအစားနဲ့ အတူတူ မှတ်ရ လွယ်အောင် မှည့်ခေါ်ထားတာ တွေ့ရပါတယ်။
၁၉၅ရခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တဲ့ မော်ဒယ် ဖြစ်လို့ ဆိုင်ကယ်စျေးကွက်မှာတင် မဟုတ်ဘဲ မော်တော် ကားလို ထုတ်လုပ်မှုမျိုးနဲ့ပါ ယှဉ်ကြည့်မယ် ဆိုရင်တောင်မှ တကယ်ကို သက်တမ်းရင့် မော်ဒယ် တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်း စျေးကွက်မှာတော့ နောက်ဆုံး ၂၀၁၆ခုနှစ်ထုတ် အသစ်စက်စက် Forty Eightမော်ဒယ်ကို ရနိုင်ပါတယ်။
သူကတော့ Sportsterရဲ့ နောက်ဆက်တွဲ မော်ဒယ်ပါပဲ။ သက်တမ်းရှည်ကြာ ထုတ်လုပ်လာခဲ့တာ ဖြစ်လို့ မော်ဒယ်ခွဲ ထုတ်လုပ်မှုနဲ့ အတူ မျိုးဆက် အဆင့်မြှင့်ထုတ်လုပ်မှုတွေ အကြိမ်ကြိမ် ထုတ်လုပ်ထားတာလည်း တွေ့ရပါတယ်။ ဒီထဲကမှ အထင်ကရဖြစ်မယ့် မော်ဒယ် တချို့ကို ပြောပြချင်ပါတယ်။
ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကိုတော့ XL900အဖြစ် သတ်မှတ်ပါတယ်။ သူ့နောက်မှာ XLC900ကို လမ်းကြမ်းမောင်း မော်ဒယ်အဖြစ် ထုတ်လုပ်ခဲ့သို အောင်မြင်မှုလည်း ရခဲ့ပါတယ်။ ၁၉ရရအရောက်မှာတော့ XLT1000မော်ဒယ်ထွက်လာပြီး သူက ဇိမ်ခံ အလှစီး မော်ဒယ် အဖြစ်နဲ့ အောင်မြင်မှု ရခဲ့တာပါ။
XL883ဆိုရင်တော့ ပထမဆုံး Spoke ၁၃ချောင်းဘီးနဲ့ စတင် ထုတ်လုပ်လာခဲ့တဲ့ မော်ဒယ် ဖြစ်ပြီး ဘီးရဲ့ ထူးခြားမှုက လူကြိုက်များစေခဲ့ပါတယ်။ XL883Rဆိုရင် Exhaustပိုက် နှစ်ချောင်းပုံစံနဲ့ ပွဲထွက်ခဲ့လို့ စျေးကွက်မှာ အမြင်ဆန်းပြီး အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့တာပါ။
၂ဝဝရခုနှစ်မှာတော့ XL50မော်ဒယ်ကို သက်တမ်း နှစ်၅ဝပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ် ရောင်းချခဲ့ ပါတယ်။ အခု ပြည်တွင်းမှာ ရနိုင်နေတဲ့ Forty Eightမော်ဒယ်ကတော့ ၁၉၄၈ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် တွေရဲ့ ပုံစံမျိုး ချိုးဆစ်ထားတာ ဖြစ်ပြီးတော့ ဆီတိုင်ကီကို သေးထားပါတယ်၊ ကိုယ်ထည်ကို နှိမ့်ထားပါတယ်၊ ထိုင်ခုံက တစ်ယောက်တည်းထိုင် ပုံစံနဲ့ ဖြစ်ပါတယ်။ စတင် ထုတ်လုပ်ခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ Sportsterမော်ဒယ်ပေါင်း ၃၃မျိုးထုတ်လုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
အခု စျေးကွက်မှာ ရနိုင်နေတဲ့ Forty Eightအကြောင်း နည်းနည်း ပြောချင်ပါတယ်။ ကိုယ်ထည်အလျားက ၈၅လက်မ တိတိပါ။ ထိုင်ခုံက မြေပြင်ကနေ ၂၆ ဒသမ ၂ လက်မအကွာမှာရှိပါတယ်။ အင်ဂျင်နဲ့ မြေပြင်က ၃ ဒသမ ၉လက်မပဲ ကွာလို့လမ်းကြမ်းပိုင်း မောင်းနှင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
တပ်ဆင်ဆီတိုင်ကီက ရှေ့ထွက် မော်ဒယ်တွေထက် သေးထားတာ တွေ့ရပြီး ၂ ဒသမ ၁ဂါလံပဲ ဆံ့ဝင်နိုင်ပါတယ်။ ဒါပေမယ့် အင်ဂျင်က ဆီစားသက်သာလို့ ဆီတစ်ဂါလံကို ၄၈မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ လေကို အင်ဂျင်အအေးခံစနစ်အဖြစ် အဝင်အား အသုံးပြု အအေးခံမှာ ဖြစ်ပြီး ၀ ဒသမ ၇၄ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားတာပါ။ ဒီအင်ဂျင်က တစ်မိနစ်မှာ အမြင့်ဆုံး အနေနဲ့ အပတ်ရေ ၃၅ဝဝထိအောင် လည်ပတ်နိုင်မှာ ဖြစ်ပြီး မြင်းကောင်ရေ ၈၂ကောင်အားကို ထုတ်လုပ်ပေးနိုင်မှာပါ။
ဆိုင်ကယ်က အလေးချိန် ကီလို ၂၅ဝရှိပြီး မောင်းနှင်သူ လိုက်ပါပြီး အနေအထားနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှုက တစ်နာရီ မိုင် ၆ဝနှုန်းအတွက် အချိန် ၄စက္ကန့်ဝန်းကျင်ပဲ ယူပါတယ်။ စွမ်းဆောင်ရည်ထက် တည်ငြိမ်မှုနဲ့ အလှစီးပိုင်းကို ဦးစားပေးထားတာကြောင့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းတော့ ဒီလောက် မကောင်းလှပါဘူး။ ပြည်တွင်း စျေးကွက်မှာတော့ Forty Eightမော်ဒယ် ၂၀၁၆ ကို ၂၅၅သိန်း ခေါ်စျေးရှိပြီး အနည်းငယ်တော့ အကျဘက်မှာ ရှိနိုင်ပါတယ်။