ဂျာမနီ အခြေစိုက် VWရဲ့ စျေးကွက်အောင်မြင်လာမှုကတော့ တကယ်ကို မှင်သက်စရာပါနော်။ ပြီးခဲ့တဲ့ နှစ် အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှု ဆိုင်ရာ လိမ်လည်မှု တချို့ရှိခဲ့လို့ စျေးကွက်မှာ ရောင်းအား ကျဆင်း သွားခဲ့ ပေမယ့် အခုနှစ် ပထမခြောက်လတာ ကာလအတွင်း ရောင်းအား အကောင်းဆုံး စာရင်းမှာ Toyotaကို နောက် ကောက်ချနိုင်ခဲ့ပါပြီ။
ဒါဟာ VWရဲ့ မော်ဒယ်တွေ ရောင်းအားထက် Audiရဲ့ အောင်မြင်မှုက အများဆုံး ပါဝင်နေတာပါ။ ပြိုင်ဖက် အမှတ်တံဆိပ်တွေထက် ထုတ်လုပ်မှု မော်ဒယ် အများအပြား မရှိပေမယ့် Audiရဲ့ နည်းပညာ၊ ဖန်တီးမှုနဲ့ စျေးနှုန်း တွေက အားလုံးလက်ခံနိုင်စရာ ဖြစ်နေခဲ့တာပါ။ အခုလည်း Audiရဲ့ အောင်မြင်တဲ့ မော်ဒယ်ဖြစ်တဲ့ S3နဲ့ မိ်တ်ဆက်ပေးချင်ပါတယ်။ သူကတော့ ကိုယ်ထည် အနေနဲ့ Sedanပုံစံနဲ့လည်း ရနိုင်သလို မိသားစုသုံး Wagonအဖြစ်နဲ့ပါ ရနိုင်ပါတယ်။
ကိုယ်ထည် ဒီလောက် မကြီးပေမယ့် V6အင်ဂျင်ထိအောင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် မော်ဒယ်က ဆီစားသက်သာပါတယ်။ စွမ်းဆောင်ရည် သင့်ပါတယ်။ ခရီးဝေး စိတ်ကြိုက်မောင်းနိုင်သလို Wagonတွေက လမ်းကြမ်းမှာပါ သုံးနိုင်ပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေထိအောင်ပါ လက်ကိုင်ပိုင်း အထူး တည်ငြိမ် တာ တွေ့နိုင်ပါတယ်။
မောင်းနှင်ရမှုအပိုင်းမှာရော လိုက်ပါ စီးနင်းရမှု အပိုင်းတွေမှာပါ သက်တောင့်သက်သာ ရှိပြီး Luxuryတန်းဝင် အသေးစား စျေးကွက်မှာလည်း S3က လူကြိုက်များနေတာ တွေ့နိုင်ပါတယ်။ နောက်ပြီး Featureအပိုင်း တစ်ခု ဖြစ်တဲ့ အတွင်းဖက် လေအေးပေးစနစ်က တခြား မော်ဒယ်တွေမှာလို Air-Conသီးသန့် သဘောမျိုး မဟုတ်ပဲ သဘာဝ လေအေးပေး စနစ်မျိုးနဲ့ ဖန်တီးထားတာ တွေ့ရတာပဲ ဖြစ်ပါတယ်။
အားနည်းချက် အနေနဲ့ ထူးထူးထွေထွေ ပြောရလောက်အောင် မရှိပေမယ့် ပုံမှန် Audi မော်ဒယ်တွေထက် စျေးနည်းနည်း များချင်နေသလို ဂီယာပိုင်းမှာ Manualနဲ့ ရချက် မော်ဒယ်က ဂီယာချက် နည်းနည်း များနေတာ ဖြစ်ပါတယ်။
ဒါက ဥရောပမှာ အကြိုက်တွေ့နိုင်ပေမယ့် ကျန်တဲ့ စျေးကွက်တွေမှာ လူကြိုက် နည်းစေတာပါ။ ကိုယ်ထည်ပိုင်း ကတော့ ခရီးသည် ၅ယောက်ထိအောင် လိုက်ပါ နိုင်သလို အရောင် အပိုင်းမှာ စုစုပေါင်း အရောင် ၁၁ရောင် ထုတ်လုပ်ပါတယ်။ အတွင်းပိုင်းက သားရေ ဦးစားပေး ပုံစံနဲ့ အမျိုးအစား ၄မျိုး ရနိုင်ပါတယ်။
အလျားက ၁၄ပေနဲ့ ၁၁ ဒသမ ၈လက်မ၊ အမြင့်က ၄ပေနဲ့ ၁ဝလက်မပဲ ရှိမှာပါ။ အတွင်းခန်း အနေအထားကို ကြည့်မယ်ဆိုရင် ရှေ့ဖက်ခန်း အကျယ်က ၅၅လက်မခွဲရှိမှာ ဖြစ်ပြီး နောက်ဖက်ခန်းကတော့ ၅၄ ဒသမ ၃လက်မ ဖြစ်ပါတယ်။
တပ်ဆင် အင်ဂျင်က ၂ ဒသမ ၅လီတာသုံး V6ဖြစ်ပြီးတော့ တစ်မိနစ် အတွက် အပတ်ရေ ၁၄ဝဝမှာ ရုန်းအားက ၃၀၄ပေ-ပေါင် ရှိမှာ ဖြစ်ပြီး ထွက်ရှိလာမယ့် စွမ်းအင် ပမာဏကတော့ မြင်းကောင်ရေ ၃၁၂အား ဖြစ်ပါတယ်။ Off-Raodအတွက်ပါ သုံးနိုင်အောင် ဖန်တီးထားတဲ့ အင်ဂျင်ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှုတော့ အနည်းငယ် အားနည်းပါတယ်။ ဒါပေမယ့် တစ်နာရီ မိုင် ၆ဝနှုန်းကို အချိန် ၄ ဒသမ ၅စက္ကန့်ပဲ ကြာမှာ ဖြစ်လို့ Sport Sedanတစ်စီးထက််တောင် စွမ်းဆောင်ရည် ကောင်းနေသေးတာပါနော်။
ဆီစားနှုန်း အပိုင်းမှာတော့ ပျမ်းမျှ ဆီတစ်ဂါလံကို ၃၂မိုင်လောက်ထိအောင် စီးနင်းနိုင်တာ တွေ့ရပြီး Cityမှာ ဆိုရင် ၂ရမိုင်နဲ့ Highwayအတွက်ဆိုရင်တော့ ၃ရမိုင်လောက်ထိအောင် ရမှာပါ။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ဂါလံ၁၈ ဒသမ ၁ထိအောင် ဖြစ်လို့ အနေတော်ပါပဲ။
ဒါဆိုရင်တော့ ဇိမ်ခံ အနေနဲ့ ရွေးချယ်မယ် ဆိုရင် Sedanကိုယ်ထည်ကို ရွေးနိုင်သလို မိသားစုအတွက် ဆိုရင်တော့ Wagonနဲ့ လိုက်ဖက်မယ့် S3က ကျွန်တော်တို့ အတွက် အကောင်းဆုံး မော်ဒယ်ဖြစ်စေမှာပါ။