မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသူ အမျိုးသမီး ဂျီမင်ကန်း (Ji-Min Kang) က ကင်ဂျံုအန်း လက်အောက် မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ လိင်မှုရေးရာ အလျှို့ဝှက်ဆုံးနဲ့ ဖိနှိပ်မှု အများဆုံး နိုင်ငံဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားပါတယ်။
ဂျီမင်ကန်းဟာ မြောက်ကိုရီးယားမှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး ဖိနှိပ်မှုများလက်အောက်မှ ထွက်ပြေးကာ တောင်ကိုရီးယား မှာ ဘဝသစ် စတင်ခဲ့သူ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာနဲ့ တင်ပြရေးသားနေတဲ့ NK News သတင်းတရပ်မှာ သူဟာ မြောက်ကိုးရီးယားနိုင်ငံ ပြံုယမ်းမှာ ရှိနေစဉ် ကာလအတွင်း ကွန်ဒုံးကို မသိရှိခဲ့ကြောင်း၊ အပြာစာအုပ် ရေးသားသူတွေကို နိုင်ငံရေး အကျဉ်းသားများအတိုင်း တင်းတင်းကြပ်ကြပ် အပြစ်ပေးအရေးယူကြောင်း ဖော်ပြထားပါတယ်။
“လိင်ဆက်ဆံတယ် ဆိုတာ ဘဝမှာ ပျော်ရွှင်မှု ပဓာနဝါဒသာ ဖြစ်လို့ လူတွေ လိင်အကြောင်း မပြောရဘူး၊ ဆက်ဆံတဲ့ အတွေ့အကြံုတွေ မပြောဘူး။ ဒီလိုပဲ လူတွေဆက်ဆံနေကြတာပဲ။ လိင်အသိပညာ ပေးတာတွေ၊ မိသားစု အစီအစဉ် ဆိုတာတွေကလည်း မည်ကာမတ္တ လောက်ပဲ ရှိတာ” လို့ သူက ပြောပါတယ်။
သူ ဆက်ပြောတာက ကွန်ဒုံးကို တွေ့ဖို့လည်း မရှိ၊ ကာလသားရောဂါ ဖြစ်နေသူတွေဟာလည်း ရောဂါကုသပေးဖို့ ပွင့်ပွင့်လင်းလင်း ပြောဆိုရှာဖွေရမယ့် အစား ရှက်ရွံ့စိတ်နဲ့ ကြိတ်မှိတ် ခံစားနေရတယ် လို့လည်း ပြောပါတယ်။
မလိုချင်ဘဲ ရလာတဲ့ ကိုယ်ဝန်တွေဟာလည်း အသိပညာပေးမှု အားနည်း လစ်ဟာနေတာရဲ့ အကျိုးဆက်တခု ဖြစ်နေကြောင်း၊ လက်မထပ်ဘဲ အတူနေပြီး ကိုယ်ဝန်ရလာရင်လည်း သူ့ဘဝ တလျှောက် အမည်းစက်ကြီး ဖြစ်သွားပြီး နောက်ဆုံးတော့ အမျိုးသမီးတွေဟာ တရားမဝင်တဲ့ လုံခြံုမှု မရှိတဲ့ ကလေးဖျက်တာကိုပဲ လုပ်နေကြရတယ် လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက ထွက်ပြေးလွတ်မြောက်လာသူ ဂျီမင်ကန်းက တောင်ကိုရီးယားမှာတော့ အခြေအနေ အနေအထားတွေက ဆန့်ကျင်ဘက် ဖြစ်ကြောင်း၊ ဆယ်ကျော်သက်တွေ အတွက် လိင်အသိပညာပေးတွေကို ကျောင်းတွေမှာတောင် သင်ကြားပေးကြောင်း၊ လိင်ဆက်ဆံတာနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြောင်း ပြောဆိုပါတယ်။
“ကျမ ကိုရီးယား တနိုင်ငံလုံး ကျောင်းတွေမှာ လိင်ပညာပေး သင်ကြားတာတွေ ရှိတယ် ဆိုတော့ မှင်သက်မိသွားတယ်၊ ဆရာမတွေက ကျောင်းသူကျောင်းသားတွေကို စာသင်ခန်းထဲမှာ ကွန်ဒုံးကို ဘယ်လို အသုံးပြုတယ် ဆိုတာ သင်ပြပေးတာလေ” လို့ ပြောဆိုပါတယ်။
Source: mirror.co.uk