ဒီဇာတ်ကားက ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ ၁၈၃၂ ခုနှစ်မှာ ပြင်သစ်နိုင်ငံအတွင်း တော်လှန်ရေးကြီးတရပ် ပေါ်ပေါက် လာပုံအကြောင်း ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး ရေးသားထားတဲ့ စာအုပ်ကို အခြေခံ ရိုက်ကူးထားတာပါ။ ဒီဝတ္ထုကြီးကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာ ၆ ကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။ အခုနောက်ဆုံး ၆ ကြိမ်မြောက် ထွက်ရှိလာခဲ့တဲ့ ရုပ်ရှင် ကားကတော့ ၂၀၁၃ ခုနှစ်မှာ အော်စကာဆုတွေ ရရှိခဲ့ပါတယ်။
ဒါရိုက်တာ တွမ်ဟူးပါး (Tom Hooper) ရိုက်ကူးပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ဟုဂ်ဂျက်မန်း (Hugh Jackman)၊ ရပ်ဆယ်ခရိုး (Russelle Crowe) နဲ့ မင်းသမီး အန်နာ ဟဲသာဝေး (Anna Hathaway) တို့က အဓိက ဇာတ်ဆောင်တွေ နေရာကနေ သရုပ်ဆောင်ထားကြပါတယ်။ ရုပ်ရှင်ကြည့် ပရိသတ်အတွက် ပျင်းစရာ ဖြစ်မသွားရအောင် တေးသံစုံ ဇာတ်ကား အဖြစ်နဲ့ ဖန်တီးထားတာက ဇာတ်ကားရဲ့ ထူးခြားတဲ့ တင်ပြမှု ဖြစ်ပါတယ်။
ဇာတ်လမ်းကို ငတ်ပြတ်ပြီး စားရမဲ့ သောက်ရမဲ့ ယန်းဗာယန်း (ဟုဂ်ဂျက်မင်း) ဆိုတဲ့ လယ်သမားတယောက်ရဲ့ အကျဉ်းသား ဘဝကို စတင်ပြသပါတယ်။ အကျဉ်းသားတွေဟာ အလွန်ပင်ပန်းဆင်းရဲတဲ့ အလုပ်ကြမ်းကြီးကို မိုးရေတွေထဲမှာ ကျွန်တွေလို ပြင်းပြင်းထန်ထန် အလုပ် လုပ်ကြရပါတယ်။ သူဟာ အကျဉ်းသားဘဝကို ဘာဖြစ်လို့ ရောက်လာရသလဲဆိုတော့၊ သူနဲ့အတူ ငတ်ပြတ်ပြီး စားရမဲ့၊ သောက်ရမဲ့ဖြစ်နေတဲ့ ညီမလေးတွေ အတွက် ပေါင်မုန့်ကို ခိုးယူမိလို့ပဲ ဖြစ်ပါတယ်။
အဲဒီပေါင်မုန့် ခိုးယူမှုနဲ့ ယန်းဗာယန်း တယောက် ထောင်ဒဏ် ၅ နှစ်ကျသွားရပါတယ်။ ထောင်ထဲကနေ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားတဲ့ အတွက်ကြောင့် နောက်ထပ် အပြစ်ဒဏ်တွေ ထပ်တိုးပြီး ထောင်ဒဏ် ၁၉ နှစ် ဖြစ်သွားပါတယ်။ ၁၈၁၅ ခုနှစ် အရောက်မှာတော့ အာမခံနဲ့ ထောင်က ထွက်လာခဲ့ပါတယ်။ ယန်းဗာယန်းဟာ တခြားသူတွေနဲ့ မတူဘဲ ထူးထူးခြားခြား ခွန်အားရှိတဲ့ လူတယောက် ဖြစ်တယ် ဆိုတာကို အကျဉ်းထောင်စောင့် အဖြစ် တာဝန်ယူရတဲ့ ဂျေးဘတ် (ရပ်ဆယ်ခရိုး) က သတိထားမိခဲ့ပါတယ်။
ယန်းဗာယန်းဟာ အကျဉ်းထောင်က လွတ်မြောက်လို့ ဝမ်းသာရပေမယ့် ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်လာတဲ့ အခါမှာတော့ သူခိုး ထောင်ထွက် တယောက်ဆိုတဲ့ အမြင်ကြောင့် လူတွေနဲ့ သိပ်အစေးမကပ်သလို ဖြစ်လာတယ်၊ လူ့ အဖွဲ့အစည်းကလည်း လက်မခံချင်တဲ့ ပုံစံ ပြနေတော့ အဆင်ပြေမယ့် အနေအထားကနေ ခက်ခဲတဲ့ ဘဝပုံစံမျိုးကို အခြေအနေက ပြန်လည် ဆိုက်ရောက် သွားစေပါတော့တယ်။
အပြင်လောကမှာ ရပ်တည်ဖို့ နေရာရှာလိုက်တော့ သူ့ကိုဘယ်နေရာကနေ တည်းခိုခွင့် မပေးတဲ့အတွက်ကြောင့် သချႋုင်း ထဲမှာ အိပ်ရရှာတယ်။ တနေ့တော့ ဘိရှော့ဘုန်းတော်ကြီး မိုင်ရီယယ်က တွေ့သွားပြီး ခေါ်လာကာ သူ့ရဲ့ ဘုရား ကျောင်းထဲမှာ နေစေပြီး ကျွေးမွေးစောင့်ရှောက်ထားပါတယ်။
ဒါပေမယ့် အကျင့်စရိုက်ကို ဖျောက်နိုင်ခဲတယ် ဆိုတဲ့အတိုင်း ယန်းဗာယန်းဟာ သူ့ကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဘုရားကျောင်းပိုင် ရွှေငွေပစ္စည်းတွေကို ခိုးယူပြီး မနက်မိုးမလင်းခင် ထွက်ပြေးခဲ့တာမှ ရဲတွေနဲ့ တွေ့ကာ ခိုးရာပါ ပစ္စည်းတွေနဲ့ အတူ ပြန်အဖမ်းခံရတယ်။ ဒါပေမယ့် သူကံကောင်းသွားတကာက ဘုန်းတော်ကြီး မိုင်ရီယယ်က ဒီပစ္စည်းတွေကို သူလက်ဆောင် ပေးလိုက်တာပါလို့ ပြောလိုက်တာကြောင့် ရဲက လွှတ်ပေးလိုက်ပါတယ်။
အမှုက လွတ်ကင်းသွားတော့ သူနောင်တ ရသွားတယ်၊ ပစ္စည်းတွေကိုလည်း မယူတော့ဘဲ အခုအချိန်ကစပြီး နောင် ဘယ်တော့မှ ဒီအပြုအမူမျိုး မလုပ်တော့ဘဲ အများကောင်းကျိုးကိုသာ အဓိကထား လုပ်ပါတော့မယ်လို့ ယတိပြတ် ဆုံးဖြတ်လိုက်ပါတယ်။
နောင် ၈ နှစ်လောက် ကြာတဲ့အခါမှာ ယန်းဗာယန်းဟာ မွန်ထရီရယ် ပယ်ဒီကေးလိစ် (Montreuil Pas-de-Calais) ဆိုတဲ့ အမည်သစ်နဲ့ ချမ်းသာတဲ့ အထည် ချုပ်စက်ရုံပိုင်ရှင် တယောက် ဖြစ်လာတယ်။ လက်ရှိနေထိုင်တဲ့ မြို့တော်ဝန် အဖြစ်လည်း အရွေးခံရတယ်။
သူ့ရဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့ အမျိုးသမီးလေး ဖန်တင်း (အန်နာဟဲသာဝေး) ဟာ ပြင်ပယောက်ျား တယောက်နဲ့ တရားမဝင် ကိုယ်ဝန် ရှိလာခဲ့တယ်။ မွေးလာတော့ သမီးလေး။ အဲဒီသမီးလေးကို လျှို့ဝှက်ပြီး ငွေကြေး ထောက်ပံ့နေရတယ်။ ဒါကို တနေ့မှာ ယန်းဗာယန်းက သိသွားပြီး အထည်ချုပ်စက်ရုံကနေ နှင်ထုတ်လိုက်တယ်၊ ဖန်တင်းဟာ အားကိုးရာမဲ့ပြီး တဖြည်းဖြည်း ပြည့်တန်ဆာဘဝကို ရောက်မှန်းမသိ ရောက်သွားခဲ့ရတယ်။
တချိန်က ထောင်စောင့်ဖြစ်တဲ့ ဂျေးဘတ်ဟာ ရဲအင်စပတ်တော် ရာထူးနဲ့ ယန်းဗာယန်းရဲ့မြို့ကို ရောက်လာတယ်။ ဂျေးဘတ်ဟာ ယန်းဗာယန်းကို တွေ့တော့ မြင်ဖူးသလိုလိုရှိပေမယ့် အတိအကျ မမှတ်မိဘူး၊ နောက်တော့ တချိန်က သူ့လက်အောက်မှာ အကျဉ်းသား ဖြစ်ခဲ့ဖူးတယ်ဆိုတာ သိသွားပြီး ရာဇဝတ်ကောင်အဖြစ်နဲ့ ဖမ်းမယ်လုပ်လို့ ယန်းဗာယန်း ထွက်ပြေးရပြန်တယ်။
အဲဒီအချိန်မှာပဲ ပြည့်တန်ဆာဘ၀ ရောက်သွားရရှာတဲ့ ဖန်တင်းဟာ ရောဂါဝေဒနာ စွဲကပ်ပြီး ဆေးရုံပေါ်မှာ ကွယ်လွန်သွား ရှာပါတယ်။ ဒီအကြောင်းကို ယန်းဗာယန်း သိတော့ ဖန်တင်းရဲ့ ကျန်ရစ်ခဲ့တဲ့ သမီးလေးကို တွေ့အောင်ရှာပြီး စောင့်ရှောက် သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဖန်တင်း ဒီလိုဖြစ်ရတာဟာ စက်ရုံကနေ နှင်ထုတ်လိုက်မိတဲ့ အတွက်ကြောင့် သူ့မှာ တာဝန်ရှိ တယ်၊ သူ့တာဝန် မကင်းဘူး ဆိုပြီးတော့ပေါ့။
ဒီလိုနဲ့ ၈ နှစ်လောက်ကြာပြီး ၁၈၃၂ ခုနှစ် အရောက်မှာ ပြင်သစ် အလုပ်သမား လူတန်းစားတွေ အပေါ်မှာ စေတနာထား တတ်တဲ့ ဗိုလ်ချုပ် လာမတ်ဆိုတဲ့ ပုဂ္ဂိုလ်ကွယ်လွန်တော့ ဇွန်လ ၆ ရက်နေ့မှာ ပြည်တွင်း မငြိမ်မသက်မှုတွေနဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ ဒီလှုပ်ရှားမှုကြီးကို ပြင်သစ်ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ကျောင်းသားထုရဲ့ အုံကြွမှုဟာ တဆင့်ထက် တဆင့်မြင့်မားလာခဲ့ပြီး နောက်ဆုံးမှာ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ အဆင့်အထိ ရောက်လာခဲ့တယ်။

ဒီအချိန်မှာ အစိုးရရဲ့ အင်စပတ်တော် ဂျေးဘတ်ဟာ တော်လှန်ရေးသမား အယောင်ဆောင်ပြီး ကျောင်းသားထုရဲ့ လက်နက်ကိုင် တော်လှန်ရေးထဲမှာ ဝင်ရောက် ထောက်လှမ်းနေခဲ့တယ်။ သူ ဒီလိုလုပ်နေတာကို လမ်းပေါ်က လူလေလူလွင့် ကလေး ဂါးဗရော့ချ်က သိသွားပြီး သတင်းပေးလိုက်တဲ့ အတွက်ကြောင့် ဂျေးဘတ်ကို ကျောင်းသားတွေက ဖမ်းမိသွားပါတယ်။ မွေးစားသမီး ဖြစ်သူရဲ့ သံယောဇဉ်နဲ့ ကျောင်းသားထုရဲ့ လက်နက်ကိုင်တော်လှန်ရေးထဲကို ယန်းဗာယန်းလည်း ပါဝင်လာခဲ့တယ်။
ကျောင်းသားတွေကလည်း သူတို့ဖမ်းမိထားတဲ့ ဂျေးဘတ်ကို သတ်ဖို့ ယန်းဗာယန်းကို တာဝန်ပေးလိုက်ပါတယ်။ ဒါပေမယ့် ယန်းဗာယန်းက မသတ်ဘဲ တုပ်နှောင်ထားတဲ့ ကြိုးတွေကို ဖြေပြီး တိတ်တဆိတ် ပြန်လွှတ်လိုက်တယ်။ ဂျေးဘတ်ဟာ သူ့အသက်ကို မသတ်ဘဲ လွှတ်ပေးတဲ့ ကျေးဇူးကို မထောက်ဘဲ ယန်းဗာယန်းကို ပြန်လည်တိုက်ခိုက်ပြီး ဖမ်းယူဖို့ ကြိုးစား ပြန်တယ်။ ယန်းဗာယန်း လုပ်လိုက်တဲ့ အပြုအမူကြောင့် ကျောင်းသားတချို့ဟာ နားမလည်နိုင်သလို ဖြစ်ကြရပြီး ကျောင်းသားတချို့က ယန်းဗာယန်း အပေါ် ဒေါသထွက်နေကြပါတယ်။ သူတို့အပေါ် ဒုက္ခပေးတဲ့ရန်သူကို ပြန် လွှတ်ပေး လိုက်တဲ့ အတွက် ပေါက်ကွဲနေကြပါတယ်။
ကျောင်းသားတွေနဲ့ အတူ ပါရီမြို့ကြီးပေါ်က ဆင်းရဲသား လူတန်းစားတွေဟာ လမ်းမတွေပေါ်မှာ ရရာလက်နက် စွဲကိုင်ပြီး ခံတပ်တခု အဖြစ်နဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ကြပါတယ်။ အဲဒီအထဲမှာ လမ်းပေါ်မှာလေလွင့်နေတဲ့ ဂါးဗရော့ချ် လိုကောင် လေးတယောက်ပါ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့ရပါတယ်။
လမ်းပေါ်က ကလေးတယောက်ကတောင် ဒီလို တော်လှန်ရေးမှာ အသက်စွန့်သွားတာပါလား ဆိုတာကိုမြင်တွေ့လိုက်ရတဲ့ ဂျေးဘတ် တယောက် စိတ်မကောင်းခြင်း ကြီးစွာနဲ့ သူ့ကိုယ်သူ ရှက်လည်းရှက်ပြီး နောင်တလည်း ကြီးစွာ ရလိုက်ပါတယ်။ သြော် လမ်းပေါ်က လူလေလူလွင့်ကလေး တယောက်ကတောင် တကယ့်အရေးမှာ ပြည်သူလူထုဘက်ကနေ အသက်ပေးသွား တာပါလား ဆိုပြီးတော့ ပေါ့။ သူဟာ အမှန်တကယ် ဆင်းရဲ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုဘက်က မရပ်တည်ဘဲ လူမဆန်သူတွေဘက်က ရပ်တည် နေမိတဲ့ အတွက်၊ နောင်တကြီးစွာနဲ့ အရှက်ကြီးရှက်ကာ ဆိန်းမြစ်ထဲ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်လိုက်ပါတော့တယ်။
ပြသချိန် မိနစ် ၁၆၀ ကြာမြင့်တဲ့ Les Miserable ဇာတ်ကားတခုလုံးရဲ့ ကျောရိုးဟာ ယန်းဗာယန်း ဆိုတဲ့ ပြင်သစ် လယ်သမားတယောက်ရဲ့ ဘဝဇာတ်ကြောင်း ဖြစ်ပြီး သူ့ဘ၀ ဖြစ်စဉ်ဇာတ်ကြောင်းနဲ့ ပြင်သစ် လူ့အဖွဲ့အစည်း တခုလုံးအထိ လူ့သဘော လူ့သဘာဝကို ထင်ဟပ်ပြထားသလို၊ ပြင်သစ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တော်လှန်ရေး ဆက်စပ်နေတာကို တင်ပြထားတာ ဖြစ်ပါတယ်။