Lifestyle

မျိုးဆက်ပြန့်ပွားကျန်းမာရေးနှင့် လိင်ပညာပေးဝက်ဘ်ဆိုဒ် “သိလိုရာမေး”

Want create site? Find Free WordPress Themes and plugins.

DKT International ကုမ္ပဏီက မြန်မာနိုင်ငံသားများအတွက် “သိလိုရာမေး” မျိုးဆက်ပြန့်ပွား ကျန်းမာရေးနှင့် လိင်ပညာပေးဝက်ဘ်ဆိုဒ် www.thiloyarmay.org ကို သြဂုတ်လ ၁၈ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

မြန်မာလူငယ်များ မိမိတို့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတ အချက်အလက်များနဲ့ အကြံပေးချက်တွေကို ရရှိအသုံးချစေရန် ရည်ရွယ်ချက်နဲ့ အဆိုပါ ဝက်ဘ်ဆိုဒ်ကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။
“ကျနော်တို့ စလာလုပ်တော့ ၂၀၁၄ လောက်က သိလိုက်ရတာက ဒီနိုင်ငံမှာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ယဉ်ကျေးမှုအရ အများကြီး ပိတ်ပင်ထားတာ တွေ့ရပါတယ်။ လူတိုင်းက ဒီအကြောင်းအရာတွေကို မိမိသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပြောဖို့ ရှက်ကြောက်နေကြပါတယ်” လို့ DKT မှ ဒါရိုက်တာ Mr. Hyam Bolande က ပြောပါတယ်။

သူကဆက်ပြီး “ကျောင်းတွေမှာ လိင်ပညာပေး မရှိတာတကြောင်း၊ ယဉ်ကျေးမှုဓလေ့အရ လူငယ်တွေက လိင်ကိစ္စနဲ့ ပတ်သက်လာရင် ချောင်ပိတ်မိနေသလို ခံစားနေရပါတယ်။ ကျနော်တို့က လူငယ်တွေအတွက် ဖုန်းကနေဖြစ်ဖြစ်၊ ကွန်ပျူတာကဖြစ်ဖြစ် သိချင်တဲ့ မေးခွန်းတွေကို နှစ်ကိုယ်ကြား ဖြေကြား အကြံဉာဏ် ပေးသွားမှာပါ” လို့ ဆိုပါတယ်။

“သိလိုရာမေး” ဝက်ဘ်ဆိုဒ်မှာ အမေးအဖြေ ကဏ္ဍတွေအပြင် လိင်ကိစ္စနဲ့ ပတ်သက်ပြီး သန္ဓေတားဆေး အသုံးပြုပုံများ၊ ကိုယ်ဝန်ဆောင် ကျန်းမာရေး၊ လိင်မှ ကူးစက်တတ်သော ရောဂါများအကြောင်း စတာတွေကို ရှာဖွေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေက ကမ္ဘာတဝန်းက ကျန်းမာရေး အရင်းအမြစ်များထံမှ ရယူထားတယ်လို့ သိရပါတယ်။

ဝက်ဆိုဒ်မှာ ဆောင်းပါးပေါင်း ၃၀၀ ကျော် ရေးသားဖော်ပြထားပြီး ဝက်ဘ်ဆိုဒ် အသုံးပြုသူများမှ မေးမြန်းလာမည့် မေးခွန်းများကို ဝက်ဘ်ဆိုဒ်မှ Editorial ဝန်ထမ်းများက ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

 “သိလိုရာမေး” ဝက်ဘ်ဆိုဒ် မိတ်ဆက်
“သိလိုရာမေး” ဝက်ဘ်ဆိုဒ် မိတ်ဆက်

thiloyarmay.org ကို မိုဘိုင်းဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် ပြုလုပ်ထားပေးပြီး ဝက်ဘ်ဆိုဒ်ကို The David and Lucile Packard Foundation ရဲ့ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ DKT ဟာ ကမ္ဘာ့အကြီးမားဆုံး မျိုးဆက်ပွားမှု ထိန်းချုပ်ရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်များ ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းတခုဖြစ်ကြောင်း သိရပါတယ်။

DKT ဟာ Washington DC အခြေစိုက် အကျိုးအမြတ် မယူသော အဖွဲ့အစည်းတခုဖြစ်ပြီး DKT မှ သန္ဓေတားဆေး အသုံးပြုပုံကို ဖွံ့ဖြိုးဆဲနိုင်ငံ ၂၅ နိုင်ငံမှာ Social Marketing နည်းနဲ့ အရောင်း မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ DKT လုပ်ငန်းခွဲကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ အတွင်းမှာ လာရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး DKT မှ သားသမီး ထွန်းကားရေး ရွေးချယ်မှုများကို အကြံဉာဏ်ပေးလျက်ပါတယ်။

အဆိုပါ DTK ကုမ္ပဏီမှ ပြည်တွင်းဖြန့်ချိရေး ပါတနာများနဲ့ ပူးပေါင်းကာ Kiss ကွန်ဒုံး၊ Lydia သားဆက်ခြားဆေးများ၊ သန္ဓေတားထိုးဆေးများနဲ့ IUD များကို ဈေးကွက်အတွင်း တင်သွင်း ဖြန့်ချိလျက်ရှိကြောင်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading