ဂျာမနီ အခြေစိုက် BMWရဲ့ X Seriesတန်းဝင် မော်ဒယ်တွေထဲက အခု X5ဆိုတဲ့ မော်ဒယ် အကြောင်းကို ပြောပြချင်ပါတယ်။ သူက Crossoverလို့လည်း ခေါ်နိုင်သလို အရွယ်အလယ်အလတန်းစား SUVဖြစ်ပြီး တံခါး ငါးပေါက်စနစ်နဲ့ ဖန်တီးထားတာပါ။ ၁၉၉၉ခုနှစ်ကတည်းကနေ ထုတ်လုပ်လာခဲ့တာ ဖြစ်ပြီး ထုတ်လုပ်မှု ကာလ အတွင်းမှာ မျိုးဆက်အဆင့်မြှင်တင် ထုတ်လုပ်မှုတွေလည်း လုပ်ဆောင်ထားခဲ့ပြီး အောင်မြင်မှုတွေလည်း ရနေတာ တွေ့နိုင်ပါတယ်။
ပြည်တွင်းမှာလည်း BMWက Showroomဖွင့်လှစ်ရောင်းချနေတာ တွေ့နေရတာကြောင့် အခု မော်ဒယ်ရဲ့ အကြောင်းကို သုံးသပ်ချက် အနေနဲ့ မဟုတ်ပဲ ဗဟုသုတ ဆောင်းပါး အနေနဲ့ နည်းနည်းလောက် ပြောပြ ချင်တာပါ။
မော်ဒယ်ရဲ့ ပထမမျိုးဆက်ဟာ ဆိုရင် E53ဆိုပြီး သတ်မှတ်သလို ၁၉၉၉ခုနှစ် စက်တင်ဘာလကနေ ၂၀၀၆ခုနှစ် အောက်တိုဘာအတွင်း ထုတ်လုပ်ခဲ့တာပါ။ မော်ဒယ်နှစ် သတ်မှတ်ချက်ကတော့ ၂၀၀၀ခုနှစ် မော်ဒယ်ကနေ ၂၀၀၆ခုနှစ်တွေ အဖြစ် သတ်မှတ်ပါတယ်။ ထူးခြားချက် အနေနဲ့တော့ ပထမမျိုးဆက်ကို အမေရိကန်နိုင်ငံ၊ တောင်ကာရိုးလိုင်းနားမှာ ရှိတဲ့ Greerစက်ရုံမှာ ထုတ်လုပ်ခဲ့တာပါပဲ။
BMW 5 Seriesအပါအဝင် BMW X-Coupe မော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်း ဆင်တူပြီးတော့ အင်ဂျင်ပိုင်း မှာတော့ ၃ ဒသမ ဝလီတာသုံး၊ ၄ ဒသမ ၄လီတာသုံး၊ ၄ ဒသမ ၆လီတာသုံး၊ ၄ ဒသမ ၈လီတာသုံးနဲ့ ၃ ဒသမ ဝလီတာသုံး ဒီဇယ်အင်ဂျင်တွေကို တပ်ဆင် ထုတ်လုပ်ခဲ့ပါတယ်။
ဂီယာပိုင်းကတော့ ၅ချက်၊ ၆ချက် Autoနဲ့ Manualတွေကို ထုတ်လုပ်ခဲ့တာပါ။ ဒီမျိုးဆက်မှာ နောက်ထပ် မှတ်သား စရာ တခုက အဆိုပါ အချိန်က BMWအနေနဲ့ Land Roverကို ပိုင်ဆိုင်ထားချိန် ဖြစ်လို့ အခု မော်ဒယ်အတွက် နည်းပညာတွေကို Land Roverဆီက အကူညီ ရနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒုတိယ မျိုးဆက်ကိုတော့ E70လို့ သတ်မှတ်ပြီး ၂၀၀၆ခုနှစ် နိုဝင်ဘာကနေ ၂၀၁၃ခုနှစ် ဇူလိုင်အတွင်း ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ်ကတော့ ၂၀၀၇ကနေ ၂၀၁၃တွေ အတွက်ပါ။ အမေရိကန်မှာ ရှိတဲ့ Greerစက်ရုံ အပြင် ရုရှမှာ ရှိတဲ့ Kaliningradတွေမှာ ထုတ်လုပ်လာပါတယ်။
BMW X6နဲ့ တည်ဆောက်ပုံချင်း ဆင်တူလာပြီး Turboစနစ်ပါတဲ့ ၃.ဝလီတာသုံး မော်ဒယ်တွေ အပြင် bi-Turboစနစ်ပါတဲ့ ၃ ဒသမ ဝလီတာသုံး မော်ဒယ်တွေပါ ထွက်ရှိလာပါတယ်။ ဒါ့အပြင် Twin-Turboစနစ်ပါတဲ့ ၄.၄လီတာသုံး မော်ဒယ်တွေလည်း ထွက်လာသလို စွမ်းဆောင်ရည်မြင့် Mတန်းဝင် မော်ဒယ်တွေပါ ထုတ်လုပ် လာခဲ့တာပါ။ ဂီယာပိုင်းမှာတော့ နှစ်မျိုးပဲ ထုတ်လုပ်တော့ပြီး ၆ချက် Autoနဲ့ ၈ချက် ZF 8HP Autoစနစ်တွေနဲ့ ရလာပါတယ်။
တတိယမျိုးလည်းဖြစ်၊ နောက်ဆုံးမျိုးဆက်လည်း ဖြစ်တဲ့ လက်ရှိအချိန်ထိအောင် ထုတ်လုပ်နေတဲ့ မော်ဒယ် ကိုတော့ F15အဖြစ် သတ်မှတ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကနေ လက်ရှိအချိန်ထိအောင် ထုတ်လုပ်နေတာပါ။ မော်ဒယ်နှစ်ကတော့ ၂၀၁၄ခုနှစ်ကနေ စထွက်ပါတယ်။ အမေရိကန်က Greerစက်ရုံ၊ အိန္ဒိယက Chennaiစက်ရုံ၊ ရုရှက Kaliningradစက်ရုံ၊ ထိုင်းနိုင်ငံက Rayongစက်ရုံ၊ အီဂျစ်က Cairoစက်ရုံနဲ့ အင်ဒိုနီးရှားနိုင်ငံက Jakartaစက်ရုံတွေမှာ ထုတ်လုပ်မှုတွေ ရှိခဲ့ပါတယ်။
BMX X6နဲ့ပဲ ဆင်တူပြီး ၃ ဒသမ ဝလီတာသုံး အင်ဂျင်၄မျိုး၊ ၄ ဒသမ ၄လီတာသုံး နှစ်မျိုးနဲ့ ၂ ဒသမ ဝလီတာသုံး အင်ဂျင်တွေ ထုတ်လုပ်လာပါတယ်။ ဂီယာပိုင်းမှာတော့ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ နောက်ဆုံး မော်ဒယ်နဲ့ ပတ်သတ်ပြီး ထူးခြားချက်ကတော့ မော်ဒယ်ကို SUVဆိုတာထက် Sports Activity Vehicle (SAV)အဖြစ် မိတ်ဆက်လာတာပဲ ဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ နှစ်ချက်ပါ။ ပထမ တစ်ချက်က X5ရဲ့ နောက်ဆက်တွဲ အဆင့်မြှင့် မော်ဒယ် Mတန်းဝင်တွေ ထုတ်လုပ်ခဲ့သေးတာ တွေ့ရပြီး E70 X5 Mမော်ဒယ်ကို ၂၀၁၀ခုနှစ်ကနေ ၂၀၁၃ခုနှစ် အတွင်း ထုတ်လုပ်ခဲ့တာ တွေ့ရသလို F85 X5 Mမော်ဒယ်ကို ၂၀၁၅ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာ တွေ့ရတာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ X5ရဲ့ ထုတ်လုပ်မှုတချို့ကို ပြောပြချင်တာ ဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ အစီးရေ ၁၀၇၂၃၁စီး ထုတ်လုပ်နိုင်ခဲ့သလို ၂၀၁၄ခုနှစ်မှာ ၁၄၇၃၈၁စီးနဲ့ ပြီးခဲ့တဲ့ နှစ်အတွင်းကတော့ ၁၆၈၁၄၃စီး ထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။