နိုင်ငံတဝှမ်း မြို့ပြ ကျေးလက်မကျန် အသံချဲ့စက်တွေကို အိမ်ခေါင်မိုး၊ ကျောင်းခေါင်မိုး၊ သစ်ပင်ထိပ်ဖျားတွေပေါ် ချိတ်တင်ပြီး အစွမ်းကုန် ကြမ်းရမ်း ဖွင့်နေကြတာတွေ တွေ့မြင် ကြားနေရမှာပါ။ သာရေး၊ နာရေး၊ အလှူ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်တွေ သာမက တချို့အသုဘ ကိစ္စတွေမှာပါ အသံချဲ့စက်ကို နားမခံသာအောင် ဖွင့်နေကြတာကြောင့် တရပ်ကွက်လုံး အိပ်မရ၊ စကားပြောမရ၊ ကျောင်းသားလူငယ်များ စာကျက် စာဖတ်မရ၊ ပုတီးစိပ်လို့ မရ ဖြစ်နေကြရတဲ့ အပြင် တနာရီ၊ ၂ နာရီ မဟုတ်။ တရက်မက၊ ၂ ရက်မက၊ လမ်းဆုံလမ်းခွ၊ ဈေးနားကျောင်းနား၊ လူစည်ကားရာ နေရာတွေမှာ တွေ့နေရတဲ့ ဆူညံသံ ဖြစ်စေတဲ့ အသံချဲ့စက် ဖွင့်နေကြတာဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု သငေ်္ကတ မဟုတ်၊ မယဉ်ကျေးမှုရဲ့ ပြယုဂ်သာ ဖြစ်နေရပါတယ်။
ဆူညံသံဖန်တီးပုံတွေ
ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေထဲမှာ ဆူညံသံ ဖန်တီး ထုတ်လွှတ်ပုံ အမျိုးမျိုးကိုလည်း တင်ပြပါဦးမယ်။ အသံချဲ့စက်နဲ့ အော်နေတဲ့ ပစ္စည်းကြော်ငြာ၊ ဆေးကြော်ငြာ၊ ဗေဒင်ကြော်ငြာ၊ သွားတိုက်ဆေး ကြော်ငြာ၊ ထီကြော်ငြာ ကားတွေ၊ သစ်သီးချဉ်ပေါင်းနဲ့ ရေသန့်ရောင်း လက်တွန်းလှည်းတွေရဲ့ လက်ကိုင် လော်စပီကာ ဆူညံသံတွေနဲ့ ဆူညံ ပွက်လောရိုက်နေတာက (https://burma.irrawaddy.com/lifestyle/2016/08/06/120014.html) နေ့စဉ်နဲ့အမျှ အလွန်အမင်း စိတ်မသက်မသာ ဖြစ်ကြရပါတယ်။
အရမ်းကြီး မဖွင့်ပါနဲ့လား၊ အသံကို နည်းနည်းလေး လျှော့ပေးပါလား ဆိုပြီး ပြောဆို တောင်းပန်ပြန်ရင်လည်း “သမ္မာအာဇီဝ လုပ်နေတာ၊ မကြားချင် နားပိတ်ထား” လို့ ပြန်ပြောတာတွေလည်း ကြုံနေရပါရဲ့။
အသံချဲ့စက်ကို အတိုင်းအဆမရှိ၊ နေရာမရွေး၊ အချိန်မရွေး ကျယ်ကျယ်လောင်လောင် အဆက်မပြတ် ဖွင့်လေ့ရှိတဲ့ ဦးမိုက်ခဲ၊ ဒေါ်မိုက်ခဲများ အထူး သိစေချင်ပါတယ်။ ကိုယ့်ရဲ့ အဆင်ခြင် ကင်းမဲ့မှုက ပတ်ဝန်းကျင်ကို ဆူညံသံနဲ့ ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးနေမိပါလားလို့ အသိတရား ရစေလိုပါတယ်။ အသံချဲ့စက်ရဲ့ ပုံမှန်ဖွင့်ထားတဲ့ အသံဟာ ၁၀၀ Db အောက်မှာ မရှိနိုင်ပါ။ Db 100 နဲ့ အထက် ဆူညံသံဟာ ကိုယ်တိုင်အတွက်ရော အခြား သူတွေ အတွက်ပါ အန္တရာယ် ကြီးတဲ့အကြောင်း (https://burma.irrawaddy.com/lifestyle/2016/08/15/120433.html) သင့်ဝန်းကျင်က ဆူညံသံကြောင့် ဖြစ်ရတဲ့ ရောဂါတွေ အကြောင်း သတိပြုမိစေလို ပါတယ်။
အသံချဲ့စက် ဥပဒေ
ယခင် ခေတ်တွေက ယခုလို လူဦးရေ မထူထပ်သေးသလို အသံချဲ့စက်ကို စည်းမဲ့ကမ်းမဲ့ ဖွင့်ချင်တိုင်းဖွင့်တာမျိုး မရှိတာကြောင့် လူအများဟာ ကျန်းမာရေး လူမှုရေး ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါ။ ယခုခေတ်မှာတော့ လူအများရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆူညံသံရဲ့ ဘေးဒုက္ခဒဏ်က အကာအကွယ်မဲ့ ဖြစ်နေကြရပါတယ်။ ဆူညံသံတွေကို တိုင်ကြားမယ် ဆိုလည်း အခက်အခဲ ဖြစ်နေဆဲပါ။ ဆူညံသံနဲ့ ပတ်သက်ပြီး စနစ်တကျ ထိန်းချုပ်နိုင်ဖို့ အသံချဲ့စက် ဥပဒေလည်း ပြဋ္ဌာန်းပြီးသား ရှိသလို ရပ်/ကျေး ဥက္ကဋ္ဌများနဲ့ ရဲလုပ်ငန်းတာဝန် လုပ်ပိုင်ခွင့်လက်စွဲမှာလည်း တိတိကျကျ ဖော်ပြထားပြီး ဖြစ်ပါတယ်။
လူအများစုဟာ စားဝတ်နေရေး၊ ပညာရေးအတွက် အချိန်ရှိသရွေ့ ကြိုးပမ်းနေရတဲ့ ခေတ်ဖြစ်တာကြောင့် တနေကုန် စီးပွားရှာ၊ ညအချိန်ခါမှ အနားယူရကြရပါတယ်။ တချို့ဆို ညဉ့်နက် သန်းခေါင်ကျော် အထိ အလုပ်ဆင်းရပြီး နေ့ခင်းပိုင်းကျမှသာ အိပ်စက် အနားယူရသူများလည်း ရှိပါတယ်။ ကျောင်းသူ ကျောင်းသားတွေ ကျောင်းနဲ့ ကျူရှင် အပြေးသွား၊ အိမ်ရောက်မှ အချိန်လု စာကျက်ကြရ၊ တချို့ကတော့ စာပေပရိယတ္တိ လေ့လာ၊ တရားဓမ္မနာယူ၊ သမထ ဝိပဿနာ အားထုတ် စသည်ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချကြ၊ ဒီလို နိစ္စဓူ၀ ဖြတ်သန်းနေရတဲ့ အခြေအနေမျိုးမှာ စာနာ ထောက်ထားမှု အသိဉာဏ် ကင်းမဲ့တဲ့ ဆူညံသံ ဖန်တီးရှင်တွေက အသံမျိုးစုံနဲ့ အများပြည်သူကို ဒုက္ခ ပေးမိနေတာမျိုး ဖြစ်သင့်ပါသလား။
ကုသိုလ်လား၊ အကုသိုလ်လား
မလိုလားအပ်တဲ့ ဆူညံသံတွေ အားလုံးဟာ လူပုဂ္ဂိုလ် တယောက်ချင်းက ဖြစ်စေ၊ ဘယ် လူမှုရေး ဘာသာရေး အဖွဲ့အစည်း မဆိုက ဖြစ်စေ အများပြည်သူကို အနှောင့်အယှက် မဖြစ်စေသင့်ပါ။ အန္တရာယ် မပေးသင့်ပါ။ မိမိပြုလုပ်တဲ့ ကုသိုလ်က တခြားသူ အတွက် အကုသိုလ် မဖြစ်စေသင့်ပါ။
ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကား အတိုင်း မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ရုန်းကန်လှုပ်ရှားကြရာမှာ ဆူညံသံကြောင့် အမိနိုင်ငံတော်ကို အရုပ်ဆိုး အကျည်းတန်စေသော ဓလေ့စရိုက်များ၊ ရဟန်းရှင်လူ ပြည်သူအများရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အမူအကျင့်ဖြစ်တဲ့ ဆူညံသံကို ပြည်သူအများ ကိုယ်တိုင်က အမြင်ကြည်လင်တဲ့ သဘောထား သန့်စင်စွာ စိစစ်ပယ်ဖျောက် တိုက်ဖျက် သွားရမှာ ဖြစ်ပါတယ်။
အများပြည်သူတို့ရဲ့ အခွင့်အရေးဖြစ်တဲ့ ပညာရေး ကျန်းမာရေးကို ထိခိုက်နစ်နာ အန္တရာယ်ပေးနိုင်တဲ့ ဆူညံသံ အပါအဝင် မည်သို့သော ကိစ္စမဆို တရားဥပဒေကြောင်း အရ စနစ်တကျ ကာကွယ်ပေးသင့်ပါကြောင်းနဲ့ တည်ငြိမ်အေးချမ်းတဲ့ မေတ္တာတရား၊ ကရုဏာတရား မုဒိတာပွားပြီး မိမိကိုယ်ကျိုးသာမက အများအကျိုး နိုင်ငံ့အကျိုး ကိုပါ ထမ်းရွက် သယ်ပိုးသွားနိုင်ဖို့ တင်ပြလိုက်ပါတယ်။
Ref:
-ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး – ဒေါက်တာ တင်ထွန်းဦး
-ကျွနု်ပ်တို့အတွက် ရေနှင့်လေ – ဒေါက်တာအာလော
-slideshare.net
-nidcd.nih.gov