မြို့တွင်းသုံး မော်ဒယ်လေးတွေ ဖြစ်ပြီးတော့ နာမည်နဲ့လိုက်ဖက်အောင် ForTwoဆိုတဲ့ အတိုင်း နှစ်ယောက်စီး မော်ဒယ်လေးတွေ ဖြစ်ပါတယ်။ အရောင်အသွေး စိုစိုပြေပြေနဲ့ ကိုယ်ထည်သေးသေး၊ ရုပ်ထွက်လှလှနဲ့မို့ ချစ်စရာ ကောင်းပေမယ့် တခု ရှိတာက နှစ်ယောက်ပဲ စီးနင်းလို့ ရမယ့် အနေအထားမှာ လူတိုင်း လက်ခံနိုင်ဖို့ ခက်ပါလိမ့်မယ်။
ဂျာမနီ ကုမ္ဗဏီ Smartရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ အရည်အသွေးပိုင်းကတော့ စိတ်ချရပါတယ်။ ကိုယ်ထည် အရမ်းသေးတယ် ဆိုပေမယ့် မြို့တွင်းပိုင်းလောက်မှာပဲ ရုံးဆင်း၊ ရုံးတက်၊ စျေးသွား၊ စျေးပြန်လောက်ပဲ အလွယ် သုံးမယ် ဆိုရင် တကယ် အဆင်ပြေပါလိမ့်မယ်။
နောက်ဘက် ၀န်တင်ခန်း နေရာလည်း ကျယ်ဝန်းပြီး အသေးစား ခရီးဆောင်အိတ်တွေနဲ့ အတူ ခရီးသွားမယ် ဆိုရင်ကိုပဲ အဆင်ပြေနိုင်လောက်ပါတယ်။ အင်ဂျင်ပိုင်းကလည်း နှစ်ယောက်ကစီး မော်ဒယ် ဆိုပေမယ့် Taxi တွေလို အသုံးများနေတဲ့ Miraတွေ Altoတွေကမှ ၀ ဒသမ ၆၆လီတာသုံး တပ်ဆင်ထားသေးပေမယ့် အခု ForTwo က ၁ ဒသမ ၀လီတာသုံး တပ်ဆင်ထားလို့ အရမ်း မဆိုးလှပါဘူး။
ကိုယ်ထည်ပိုင်း အနေအထားက နှစ်ယောက်စီး သီးသန့်ပါ။ နောက်ဖက် ၀န်တင်ခန်းက သင့်တင့်ပါတယ်၊ အင်ဂျင်က အနေတော်ဖြစ်ပြီး ဆီတစ်ဂါလံကို ပျမ်းမျှ မိုင် ၄၀နဲ့ အထက် စီးနင်းလို့ ရပါတယ်။ ခရီးဝေး မောင်း နှင်နိုင်မှုအတွက် အမြန်လမ်းတွေမှာ မြန်နှုန်းမြင့် မောင်းနှင်ဖို့ ခက်ပါလိမ့်မယ်။
ဒါက ကိုယ်ထည် အရွယ်ကြောင့် တည်ငြိမ်မှု အားနည်းသွားတာပါ၊ တစ်နာရီ မိုင်၂၅နှုန်းလောက်နဲ့ ခရီးဝေး မောင်း နှင်ဖို့ သင့်တော်ပြီး ဆက်တိုက်မောင်းနှင်မှု အတွက် တစ်ဆက်တည်း မိုင် ရ၀ထက် ပိုမမောင်းသင့်ပါဘူး။ ခရီးဝေး မောင်းနှင်ချိန် Air-Con မသုံးသင့်ပါဘူး။ ဖျော်ဖြေရေးစနစ်တွေကတော့ အဆင်ပြေပါတယ်။
မော်ဒယ်က ပုံမှန် ဆီဒင်တွေ Superminiတွေလို မဟုတ်ပဲ City Carတန်းဝင် အနေနဲ့ ဖြစ်လို့ ပစ္စည်း လည်း နည်း နည်း ရှားနိုင်တဲ့ အနေအထား ဖြစ်ပေမယ့် စျေးတော့ ချိုနေတာ တစ်ချက်က စဉ်းစားစရာပါ။ အတွင်းခန်း အပြင်အဆင်နဲ့ တပ်ဆင် ပစ္စည်း အများစုက Oriတွေပါ။ အင်ဂျင်ပိုင်း အသံထွက်ကအစ တည်ငြိမ်ပြီး မြို့တွင်း သုံးအတွက် အကောင်းဆုံး အကြံပေးချင်ပါတယ်။
စျေးကွက်အတွင်း ညာမောင်း မော်ဒယ်တွေပဲ ၀င်ပါတယ်၊ Auto Manualစနစ်နဲ့မို့ အမျိုးသမီးတွေ အတွက်ပါ မောင်းနှင်လို့ အဆင်ပြေပါတယ်။ ခရီးသည် နှစ်ယောက်ပဲ စီးနင်းနိုင်မှာမို့ Taxiလို လုပ်ငန်းသုံးတော့ မရနိုင်ပါဘူး။
Gasolineနဲ့ သွားပြီး အတွင်းခန်း အပြင်အဆင် အားလုံး အပြည့်အစုံနဲ့ပါ။ အသက်ကယ် လေအိတ် စနစ်တွေလည်း ပါရှိပြီး ဖျော်ဖြေရေးမှာ TVတော့ ပြန်ထည့်ဖို့ လိုပါလိမ့်မယ်။ ပြည်တွင်းကိုတော့ ၂၀၀၈ခုနှစ် မော်ဒယ်ကနေ ၂၀၁၁ခုနှစ် မော်ဒယ်လောက်ထိအောင် အများဆုံး ၀င်ပြီး Cityတွေ ဖြစ်လို့ အဖြူတွေ အနက်တွေထက် ပေါ်လွင်တဲ့ အပြာနဲ့ အဝါလို အရောင်တွေပဲ တွေ့ရပါတယ်။ စျေးနှုန်းကတော့ မောင်းနှင်ပြီး ကီလို ရသောင်း ၀န်းကျင်ကို သိန်း ၁၀၀ အခေါ်ရှိပေမယ့် စျေးကွက်အကြိုက်နည်းသေးတဲ့ မော်ဒယ်ဖြစ်လို့၊ နောက်ပြီး မန်းလေး လိုင်စင်တွေနဲ့ အဝင်များနေလို့ ရန်ကုန်လိုင်စင် မဟုတ်တဲ့ အနေအထားမှာ စျေးက အကျဘက်မှာ ရှိနေပါတယ်။
ရန်ကုန်လိုင်စင် ForTwoတွေလည်း တွေ့ရပေမယ့် မန်းလိုင်စင်လောက်တော့ မများလှသလို ရွေးချယ် နိုင်စရာ လည်း နည်းပါတယ်။ မော်ဒယ်နှစ်၊ ကီလိုနဲ့ လိုင်စင် အပေါ်မှာ စျေးစကား ပြောပြီး ရန်ကုန်လိုင်စင် ဆေးသား ခိုင်ခိုင်နဲ့ မော်ဒယ်မြင့်ဆိုရင် သိန်း ၁၂၀လောက်ထိအောင် မြောက်နိုင်ပါတယ်။ မန်းလိုင်စင် ဆေးသား ပုံမှန် ကီလို ၈သောင်း ၀န်းကျင်ကတော့ ပြီးခဲ့တဲ့ ရက်အတွင်း ၉၄သိန်းနဲ့ ပွဲဖြစ်ထားတာ တွေ့ရပါတယ်။