ဒီနေ့ခေတ်ပြည်တွင်း ကားလောကမှာတော့ Mitsubishiရဲ့ လူကြိုက်အများဆုံး မော်ဒယ်က RVRအလို အလတ် တန်းစား SUVမော်ဒယ် ဖြစ်နေပေမယ့် တကယ်တမ်း Pradoနဲ့ LandCruiserလို မော်ဒယ်တွေနဲ့ အပြိုင် ပြည် တွင်း ကားဈေးကွက်ကို အစောဆုံး ဝင်ရောက်နေခဲ့ပြီး လူကြိုက်များခဲ့တာက အခု ပြောမယ့် Pajero မော်ဒယ် ပါ။
Mitsubishi Motorsရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ ၁၉၈၂ခုနှစ်ကတည်းက ထုတ်လုပ်နေခဲ့တာ ဖြစ်လို့ သက်တမ်း ကြာနေပြီ ဖြစ်တဲ့ မော်ဒယ် တခုပါ။ အရွယ်အလတ်တန်းစား တန်းဝင် SUV မော်ဒယ် တခုပါပဲ။ အင်ဂျင်အ ရှေ့ထိုင် ပုံစံနဲ့ ဖြစ်ပြီး လမ်းကြမ်းပိုင်းတွေမှာပါ မောင်းနှင်နိုင်အောင် လေးဘီးယက်စနစ်နဲ့ ဖန်တီးထားပါတယ်။
ဒီမော်ဒယ်ရဲ့ ပထမဆုံး မိတ်ဆက်မှုကိုတော့ ၁၉၇၃ခုနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ တိုကျိုကားပြပွဲမှာ ထည့်သွင်း ပြသခဲ့ပြီး ဆယ်စုနှစ် တစုခန့် အကြာမှာ ဈေးကွက်ကို ထုတ်လုပ်ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မော်ဒယ် ရဲ့ ပထမမျိုးဆက်ကို ဈေးကွက်အပေါ်မူတည်ပြီးတော့ Pajeroအပြင် Montero, Shogun, Colt Shogunနဲ့ Dodge Raiderတွေဆိုပြီး ခေါ်ကြပါတယ်။
၁၉၈၂ခုနှစ်ကနေ ၁၉၉၁ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့ရပြီး တံခါးသုံးပေါက်စနစ်နဲ့ရော ငါးပေါက်စနစ်နဲ့ပါ ထုတ်လုပ်ခဲ့တာပါ။ အင်ဂျင်ပိုင်းမှာ ၂ ဒသမ ဝလီတာသုံး၊ ၂ ဒသမ ၃လီတာသုံး၊ ၂ ဒသမ ၅လီတာသုံး၊ ၂ ဒသမ ၆လီတာသုံးနဲ့ ၃ ဒသမ ဝလီတာသုံး အင်ဂျင်တွေ ထုတ်လုပ်ခဲ့ပါတယ်။ ဂီယာပိုင်းကတော့ ၅ချက် Manualနဲ့ ၄ချက် Aisin Autoတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒီမော်ဒယ်တွေကတော့ ပြည်တွင်းမှာ အစီးရေ အနည်းငယ်ပဲ ရှိပါတယ်။
ဒုတိယမျိုးဆက်ကို ၁၉၉၁ခုနှစ်ကနေ ၁၉၉၉ခုနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီးတော့ ပြည်တွင်းကို ဇိမ်ခံ မော်ဒယ် အဖြစ်နဲ့ အများအပြား ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ ဖိလစ်ပိုင်းမှာ Pajero Field Masterလို့ ခေါ်သလို အိန္ဒိယမှာ Pajero SFX၊ ကိုလံဘီယာမှာ National Monteroနဲ့ တရုတ်မှာတော့ Beijing BJ2032 Tornadoဆိုပြီး ခေါ်ပါတယ်။
ဂျပန်၊ အိန္ဒိယ၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ တိုးချဲ့ထုတ်လုပ်လာခဲ့ပါတယ်။ ကိုယ်ထည်ပိုင်းကတော့ ပထမမျိုးဆက်လိုပဲ နှစ်မျိုးဆက်ထုတ်နေဆဲပါ။ အင်ဂျင်ပိုင်းမှာက ၂ ဒသမ ၅လီတာသုံး၊ ၂ ဒသမ ၄လီတာသုံး၊ ၂ ဒသမ ၆လီတာသုံး၊ ၂ ဒသမ ၈လီတာသုံး၊ ၃ ဒသမ ၀ လီတာသုံးနဲ့ ၃ ဒသမ ၅လီတာသုံးတွေ ထွက်လာပါတယ်။ ဂီယာပိုင်းမှာ ပြောင်းလဲမှု မရှိသေးပါဘူး။
တတိယမျိုးဆက်ကတော့ ၁၉၉၉ခုနှစ်အကုန်ပိုင်းကနေ ၂၀၀၆ခုနှစ်ထိအောင် ဂျပန်မှာပဲ တပ်ဆင်ထုတ်လုပ် ပါတော့တယ်။ အင်ဂျင်ပိုင်းမှာ ဒုတိယမျိုးဆက်က အင်ဂျင်တွေ အပြင် ၃ ဒသမ ၈လီတာသုံး အင်ဂျင်သစ် ထွက်လာသလို ဂီယာပိုင်းမှာလည်း Aisin Autoနေရာမှာ ၄ချက်နဲ့ ၅ချက် ပုံမှန် Autoတွေနဲ့ ထွက်လာလို့ လူကြိုက်ပိုများလာပါတယ်။ ကိုယ်ထည်ကို မြေပြင်နဲ့ ကင်းလွတ်အောင် ပိုမို ဖန်တီးထားပြီး လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ပါ ရရှိတဲ့ တန်ကြေးသင့် SUV မော်ဒယ် ဖြစ်လာပါတယ်။
နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ စတုတ္ထမျိုးဆက်ကိုတော့ ၂၀၀၆ခုနှစ်ကနေ အခုချိန်ထိအောင် ထုတ်လုပ်နေဆဲ ဖြစ်ပြီးတော့ အင်ဒိုမှာ ဆိုရင် Pajero Super Exceedလို့ခေါ်တာ တွေ့ရသလို မြောက်အမေရိကနယ်မှာ Monteroနဲ့ Shogunလို့လည်း ခေါ်နေဆဲပါ။
ဂျပန်နိုင်ငံမှာပဲ ထုတ်လုပ်တော့တာ ဖြစ်ပြီးတော့ အင်ဂျင်ပိုင်းမှာ ၂ ဒသမ ၈လီတာသုံး၊ ၃ ဒသမ ဝလီတာသုံး၊ ၃ ဒသမ ၂ လီတာသုံး၊ ၃ ဒသမ ၅ လီတာသုံးနဲ့ ၃ ဒသမ ၈ လီတာသုံးတွေ ရပါတယ်။ V6အင်ဂျင်တွေ အဖြစ်ပါ ရွေးချယ်လာနိုင်တာ ဖြစ်ပြီး ဂီယာပိုင်းမှာ အချက်ရေ နည်းနည်းနဲ့ အရင်မျိုးဆက်တွေလိုပဲ ထုတ်လုပ်နေဆဲ ဖြစ်လို့ဥရောပလို ဈေးကွက်တွေမှာ လူကြိုက်နည်းနေစေပါတယ်။
ဆယ်စုနှစ် တစုစာ မျိုးဆက် မြှင့်တင်မှု မရှိလို့ ဝေဖန်ခံနေရတဲ့ Pajeroအတွက်တော့ ကုမ္ဗဏီက လာမယ့် ၂၀၁၈ခုနှစ်မှာ မျိုးဆက် ပြောင်းလဲ ထုတ်လုပ်ဖို့ ရှိပြီးတော့ အဆိုပါ မော်ဒယ်က ပုံမှန် အင်ဂျင်စနစ်နဲ့ မဟုတ်တော့ဘဲ plug-in-hybrid စနစ်နဲ့ လာမယ်လို့ ဆိုပါတယ်။
ကိုယ်ထည်အရွယ်ကိုလည်း ကြီးမားအောင် တိုးချဲ့ထုတ်လုပ်လာဖို့ ရှိနေပြီး မြင်းကောင်ရေ ၃၃၅ကောင်အား လောက်ထိအောင် သုံးလာနိုင်ဖို့ ရှိနေတာပါ။ နောက်ဆုံး အနေနဲ့တော့ Pajeroရဲ့ နှစ်အလိုက် ထုတ်လုပ်နိုင်မှု နှုန်းထား တွေကို ပြောပြချင်ပါတယ်။
စတင် ထုတ်လုပ်ခဲ့တဲ့ ၁၉၈၂ခုနှစ်မှာတင် အစီးရေ ၁၆၉၃၀ထုတ်လုပ်နိုင်ခဲ့ပြီး လူကြိုက်များလာခဲ့တဲ့ ဒုတိယ မျိုးဆက် အစ ၁၉၉၁ခုနှစ်မှာ၁၄၄၉၈၈စီး ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂီယာပိုင်းမှာ လူကြိုက် နည်း လို့ တတိယမျိုးဆက်အစမှာ အောင်မြင်မှု လျော့ကျသွားခဲ့ပြီး ၁၉၉၉ခုနှစ်မှာ အစီးရေ ၉၀၅၂၄စီးပဲ ထုတ်လုပ်နိုင်တော့တာပါ။ အင်ဂျင်ပိုင်း အဆင့်မြှင့်တင်မှုတွေကြောင့် စတုတ္ထမျိုးဆက်မှာ လူကြိုက်ပြန် များလာပြီး ၂၀၀၇ခုနှစ်မှာ အစီးရေ ၁၁၂ ၁၀၃စီးရေ ထုတ်လုပ်ရောင်းချလာနိုင်ခဲ့တာ တွေ့ရပါတယ်။