နိုင်ငံတနိုင်ငံရောက်ရင် အဲဒီနိုင်ငံရဲ့ ရိုးရာဒေသအစားအစာတွေကို စားသောက်ဆိုင်ကြီးတွေနဲ့ ဟိုတယ်ကြီးတွေမှာမဟုတ်ဘဲ သွားရင်းလာရင်း မြို့ထဲနဲ့ ညဈေး လမ်းနံဘေးမှာ သန့်သန့်ရှင်းရှင်း၊ လတ်လတ်ဆတ်ဆတ် ရောင်းချပေးတဲ့ Street Food လမ်းဘေးစာတွေကို မြည်းစမ်းရတာ အရသာတမျိုးပါ။
အကယ်လို့ သင်က အစားအသောက်တွေ ကြိုက်နှစ်သက်တတ်တဲ့ Foodie တဦးဆိုရင် မလေးရှား နိုင်ငံကို အလည်အပတ် သွားရောက်တဲ့အခါ မလေးရှားနိုင်ငံက မြို့တွေရဲ့ လမ်းမတွေထက်မှာ ၂၄ နာရီ မြင်တွေ့နိုင်တဲ့ Hawker Food လို့ ခေါ်တဲ့ လမ်းဘေးစာ (Street Food) တွေရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။
မလေးရှားအစားအစာတွေက မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့ သိပ်ပြီး အစပ်အဟပ်တည့် လိုက်ဖက်မှု မရှိဘူးဆိုပေမယ့် သူတို့ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေရဲ့ အရသာက ခံတွင်းထဲမှာ အသစ်အဆန်း ဖြစ်နေမှာ အမှန်ပါပဲ။
မလေးရှားကို အလည်တခေါက် ရောက်ခဲ့မယ်ဆိုရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ လမ်းဘေး အစားအစာတွေကတော့ ပီနန်မြို့ရဲ့ လမ်းမပေါ်က Penang Assam Laksa ခေါက်ဆွဲ၊ Ipoh နယ်မြေက Ipoh Hor Fun ခေါက်ဆွဲ၊ Hokkien Mee ခေါက်ဆွဲ၊ Lok Lok (ခေါ်) Satay Celup၊ Rojak (ခေါ်) အသီးချိုချဉ်သုတ်၊ Pasembur (ခေါ်) Mamak Rojak၊ Char Kuey Teow ခေါက်ဆွဲကြော်၊ Nasi Lemak၊ Cendol ရေခဲသုတ် စတာတွေပါ။
အာရှနဲ့ ကမ္ဘာ့အကောင်းဆုံး Street Food များ ရရှိနိုင်တဲ့ နေရာများစာရင်းမှာ မလေးရှားနိုင်ငံက အစားအစာတွေကလည်း အမြဲအပါအဝင်ဖြစ်ပြီး Food Paradise လို့ လူသိများတဲ့ ပီနန်ပြည်နယ်က အစားအသောက်ချစ်သူ Foodie တွေအတွက် မသွားမဖြစ် သွားရောက်လည်ပတ်သင့်တဲ့ နေရာတခု လို့ Tourism Malaysia က ညွန်းဆိုထားပါတယ်။
မလေးရှားနိုင်ငံက ပီနန်ပြည်နယ်ကို ၂၀၁၄ ခုနှစ်မှာ Lonely Planet မှ Top Culinary Spot အဖြစ် လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှာပဲ Time Magazines နဲ့ CNN Travel တို့မှ Top 1 Street Food Cities အဖြစ်လည်းကောင်း စံချိန်တင်ခဲ့ပါတယ်။
Gurney Drive နဲ့ George Town ဧရိယာတွေဟာ နာမည်ကျော် Hawker Food သို့မဟုတ် Street Food များကို အများအပြားမြင်တွေ့ရမယ့် နေရာတွေလို့ သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူကို သွားရောက်လည်ပတ်မယ်ဆိုရင်တောာ့ Jalan Alor နဲ့ China Town တို့မှာ ရောင်းချတဲ့ အရသာရှိတဲ့ လတ်လတ်ဆတ်ဆတ် Street Food တွေကို သွားရောက် မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။