မကြာမီကျင်းပပြုလုပ်တော့မယ့် Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season-2 မှာ ယခင်နှစ်က အကဲဖြတ်ဒိုင်အဖြစ် ပါ၀င်ခဲ့တဲ့ တေးသံရှင် ချမ်းချမ်းကတော့ ဒီနှစ်မှာ ပါ၀င်တော့မှာ မဟုတ်ပါဘူး။
ဒီနှစ်မှာ မပါ၀င်ဖြစ်တော့တာနဲ့ ပတ်သက်လို့ အဆိုတော် ချမ်းချမ်းက “ဒီနှစ် ကျမ မပါ၀င်ဖြစ်တော့တာက အဓိက ကျမရဲ့ စတုတ္ထအခွေလုပ်နေတယ်။ ပြီးတော့ One Lady Show လုပ်ဖို့ ပြင်ဆင်နေတယ်။ ကြားထဲမှာက CocaCola နဲ့ရော Ooredoo နဲ့ရော Road Show တွေဆိုဖြစ်နေတယ်။ ပြီးတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတွေမှာ သီချင်းဆိုဖို့တွေကလည်း ရှိနေတယ်။ အခု ဒီတခေါက် Myanmar Idol က မြို့ ၁၅ မြို့တောင်သွားမယ်ဆိုတော့ ကိုယ်က အဲ့ဒီလောက်အချိန်မပေးနိုင်တော့တာပါ။ နောက်ပြီး ကျမရဲ့ သမီးလေးက ကျောင်းစတက်နေပြီဆိုတော့ သူ့အတွက် အချိ်န်ပေးရတော့မယ်။ ကိုယ်မရှိလို့က မဖြစ်တော့ဘူးလေ။ အခု စက်တင်ဘာလအတွင်းမှာလည်း ပွဲတွေဆိုဖို့ လက်ခံထားတော့ မလိုက်နိုင်တော့တာပါ။ နောက်ပြီး ကိုဘုဏ်းသိုက်က ရုပ်ရှင်ကားကြီးရိုက်နေတော့ သူ့အတွက် လိုအပ်တဲ့ အဝတ်အစားတွေကအစ လိုက်စီစဉ်ပေးရတယ်” လို့ ဧရာဝတီကို ရှင်းပြပါတယ်။
ဒါ့အပြင် Myanmar Idol Season-2 မှာ အကဲဖြတ်ဒိုင်များ ပြောင်းလဲလာတဲ့အပေါ် ကောင်းမွန်ကြောင်း၊ သူအနေနဲ့ အကူအညီတောင်းလာတဲ့အရာမှန်သမျှကို လုပ်ပေးခဲ့ကြောင်း ယခုမှာတော့ အချိန်ညှိယူလို့ မရနိုင်တဲ့အတွက် ဒီနှစ်မှာ မပါ၀င်ဖြစ်တော့တာဖြစ်ကြောင်း နောက်နှစ်တွေမှာ ပါ၀င်နိုင်ဖို့ရန် အကူအညီတောင်းလာပါက ပြန်လုပ်ပေးဖြစ်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း အဆိုတော် ချမ်းချမ်းက ဆက်ပြောပါတယ်။
မေဆွိ၊ ရဲလေးနှင့်ချမ်းချမ်းတို့က ယခင်နှစ်ရဲ့ Myanmar Idol အစီအစဉ်တွင် အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက် ပေးခဲ့ကြတာဖြစ်ပြီး ဒီနှစ် အကဲဖြတ်ဒိုင်များအဖြစ်ကိုတော့ မြန်မာပြည်သိန်းတန်၊ တင်ဇာမော်နဲ့ မေဆွိတို့က ဆောင် ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် Myanmar Idol Seaon-1 ကျင်းပခဲ့စဉ်က အကဲဖြတ်ဒိုင်တဦးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အဆိုတော် ချမ်းချမ်းရဲ့ ပြိုင်ပွဲဝင်များအား မှတ်ချက်ပေးမှုအပေါ် ပရိသတ်များက ဝေဖန်မှုများလည်း ရှိခဲ့တာပါ။
“ကျမတို့က ကိုယ့်ရဲ့ ဖြတ်သန်းလာတဲ့ အနုပညာတွေကို ဒီကလေးတွေကို ဝေမျှပြောပေးခဲ့တဲ့သဘောပါပဲ။ သူတို့ မသိသေးတာကို ကိုယ်သိတာကို ဉာဏ်စွမ်းရှိသလောက် သင်ပေးခဲ့တာပဲရှိတာပါ။ ကျန်တာတော့ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ရုန်းကန်ရမှာပဲ။ တကယ်ကောင်းတဲ့ ဆရာတွေကလည်း ဒီပြိုင်ပွဲအတွက် သင်ပေးနေတယ်။ ကိုယ့်စိတ်အတိုင်း တော့ လုပ်လို့မရဘူးပေါ့။ အတွေ့အကြုံရှိတဲ့သူတွေဆီကတော့ ခံယူသင့်တယ်လို့ ထင်ပါတယ်” လို့ အဆိုတော်ချမ်းချမ်းက ပြီးခဲ့တဲ့ပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြောပြပါတယ်။
အဆိုတော် ချမ်းချမ်းက သူ့ရဲ့တကိုယ်တော်ဖျော်ဖြေပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်ဖို့ အစီအစဉ်ရှိကြောင်းကိုလည်း အသိပေး ပြောပြခဲ့ပါတယ်။