တကယ်တမ်းဆိုရင် ဒီမော်ဒယ်က အာရှ စျေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာမျိုး မဟုတ်ပါဘူး။ လွယ်လွယ်ပြောရရင် ဥရောပနဲ့ အမေရိကလို စျေးကွက်အတွက် ထုတ်လုပ်ထားတာပါ။ ဒီတော့ သူတို့ အကြိုက် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် အဖြစ် ဖန်တီးထားတာ ဖြစ်ပြီး အာရှ အကြိုက် ပုံစံမျိုး ဆီစားနှုန်း သက် သာ မှုမှာတော့ အားနည်းပါတယ်။
ဒါပေမယ့် Vigoလို မော်ဒယ်တွေ နှစ်သက်လက်ခံနေတဲ့ ပြည်တွင်းအနေအထားမှာ Tacomaအနေနဲ့ စျေးချိုချိုနဲ့ ရနိုင်တဲ့ အားသာချက် တချက်ကတော့ လူကြိုက်များလာစေနိုင်ပါတယ်။ ရုပ်ထွက်ပိုင်းမှာတော့ Vigoလောက် မလှပေမယ့် Isuzuလို မော်ဒယ်တွေရဲ့ ရုပ်ထွက်မျိုးနဲ့ ဆင်တူချင်ပါတယ်။ ဒီတော့ အခု မော်ဒယ်နဲ့ ပတ်သတ်ပြီး အလွယ်ဆုံး သုံးသပ်ချက် ပေးရရင် Vigoတွေထက် စျေးသက်သာမယ်၊ ဒါပေမယ့် ဆီစားနည်းနည်း ပိုချင်မယ်။
တခု ခံသာနိုင်စရာ ရှိတာကတော့ လက်ရှိ ပြည်တွင်းမှာ ရနိုင်တဲ့ Tacomaက ၂ ဒသမ ၄လီတာသုံး အင်ဂျင် လောက်ပဲ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီအင်ဂျင် အရွယ်က မြို့တွင်းပဲ သုံးလို့လည်း ရတယ်၊ ခရီးဝေး သွားလာတတ်သူတွေ အတွက်လည်း အဆင်ပြေတယ်၊ ၀န်လည်း တင်နိုင်မယ်၊ အကူစနစ်တွေလည်း စိတ်ကြိုက် သုံးနိုင်စေသလို ဖျော်ဖြေရေးစနစ်တွေထိအောင်ပါ အကောင်းဆုံး စွမ်းအင် ထောက်ပံ့ပေးနိုင်မှာပါ။
ရန်ကုန်လိုင်စင်တွေ ရှားနေတဲ့ အချိန်မှာ ရန်ကုန်လိုင်စင်နဲ့ ရနိုင်ပြီး Vigoတွေ ၂၀၁၀မော်ဒယ်လောက်ကို သိန်း ၃၀၀နဲ့ အထက် ရှိနေချိန်မှာ အခု မော်ဒယ်ကတော့ မော်ဒယ်မြင့် အနေနဲ့ မရနိုင်ပေမယ့် ၂၀၀၈ခုနှစ်လောက် ဆိုရင် သိန်း ၂၀၀မပြည့်ပဲ ရနိုင်ပါတယ်။ ဒါတောင် မျက်နှာသစ် Tacomaအတွက် စျေးက အကျဘက်မှာ ရှိနေတာပါ။
တခု ရှိတာက ဒီလပိုင်းတွေမှာ ကားတင်သွင်းမှု ထက်ဝက်နီးပါး လျော့ကျသွားတာက ကားစျေးနှုန်းတွေ မာနေ စေပါတယ်။ ရောင်းလက်က စျေးကွက်မှာ ကားရှားလာလို့ စျေးကိုင်နေသလို ရန်ကုန်လိုင်စင်ဖြစ်လို့ ၀ယ်လက် စိတ်ကြိုက် ဖြစ်နေစေပါတယ်။ ဒီတစ်ခုကတော့ သိန်း ၂၀၀မပြည့်သည့်တိုင်အောင် စျေးကို အရမ်း ဆွဲမချမိဖို့ လိုပါလိမ့်မယ်။
မော်ဒယ်က လေးဘီးယက်စနစ်နဲ့ ဖြစ်ပြီးတော့ နယ်ခရီးသွားတတ်သူတွေ အတွက်ရော နယ်ဘက်မှာ အထူး သဖြင့် ပြည်နယ်ဘက်တွေလို တောင်ဆင်း၊ တောင်တက်လမ်းသမားတွေ အတွက် အထူး အဆင်ပြေပါတယ်။
ထုတ်လုပ်ဖန်တီးမှု အနေအထားကလည်း Vigoထက် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းမွန်အောင် ထုတ်လုပ် ထားတာပါ။ ဒီနေရာမှာ တစ်ခု တွေးစရာ ရှိတာက ဘယ်မောင်း အနေနဲ့ ရနိုင်တာပဲ ဖြစ်နေပါတယ်။ ပြည်တွင်းမှာတော့ ညာမောင်းကို အသားကျနေလို့ ဘယ်မောင်းကို လူတိုင်း မကြိုက်ကြပါဘူး။
Gasolineနဲ့ သွားမှာ ဖြစ်ပြီး အတွင်းခန်း တပ်ဆင် ပစ္စည်း အပါအဝင် နောက်ဖက် ၀န်တင်ခန်း လက်ကိုင် ဘောင်၊ တန်းတွေ အစ အားလုံး အပြည့်အစုံ တပ်ဆင်ထားသေးတာ တွေ့ရပါတယ်။ မော်ဒယ်ကို ကီလို ရသောင်း ၀န်းကျင်တွေပဲ စျေးကွက်မှာ တွေ့ရလို့ ဒီလောက်ကြီး ခိုင်းမထားသေးတာ ဖြစ်သလို ရုပ်ထွက်၊ ဆေးသား၊ အောက်ပိုင်းနဲ့ ဖျော်ဖြေရေးလို CDတွေက အစ Oriတွေ များပါတယ်။ စျေးကွက်မှာတော့ ကီလို ရသောင်း ၀န်းကျင်၊ ၂၀၀၈ခုနှစ်ထုတ် မော်ဒယ်ကို အဖြူတစ်မျိုးတည်းပဲ တွေ့ရပြီး စျေးနှုန်းက ရန်ကုန်လိုင်စင်နဲ့ကို ၁၉၅သိန်း အခေါ်ရှိပါတယ်။