စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် ဇာတ်မင်းသား ဖိုးချစ်က ပြည်ထောင်စုလွှတ်တော်မှာ ကပြ ဖျော်ဖြေတင်ဆက်ဖို့ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့မှာ ဇာတ်မင်းသားဖိုးချစ်က သူ့ရဲ့လတ်တလော အောင်မြင်နေတဲ့ ပြဇာတ်တခုဖြစ်တဲ့ “ငါသည်အောင်ဆန်း” ပြဇာတ်ဖြင့် ကပြဖျော်ဖြေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဖိုးချစ်ဇာတ်အဖွဲ့မှတာဝန်ရှိသူကို မေးမြန်းတဲ့အခါမှာ “ကိုဖိုးချစ်က အဲ့ဒီနေ့မှာ ကပြ ဖျော်ဖြေပေးမှာ ဟုတ်ပါတယ်။ အဲ့ဒီနေ့မှာ နိုင်ငံတကာက သံအမတ်တွေနဲ့ နိုင်ငံတကာရှေ့မှာ ဖိုးချစ်က ကပြ ဖျော်ဖြေရမှာ ဖြစ်ပါတယ်။ ကပြမှာက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက်ပါ။ အဲဒီနေ့မှာ ဖိုးချစ်က အဓိက “ငါသည် အောင်ဆန်း”ဇာတ်ကို ကမှာပါ။ ဖိုးချစ်က ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပထမဆုံးကပြရတဲ့ ဇာတ်မင်းသား ဖြစ်လာမှာပါ” လို့ ဧရာဝတီ ကိုပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ကပြဖျော်ဖြေမှာဖြစ်ပြီး ဖိုးချစ်သဘင် ရဲ့လူကြိုက်များတဲ့ “ငါသည်အောင်ဆန်း” ပြဇာတ် အပါအဝင် အဖွင့်သီဆိုမှု၊ ငြိမ်းချမ်းရေးအော်ပရာများကို ကပြ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ဒီပွဲကို နိုင်ငံတကာမှ သံအမတ်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြည့်ရှုကြမှာဖြစ်ပြီး မွန်းလွဲပိုင်းအချိန်ကစတင်ပြီး ဖျော်ဖြေပေးမှာဖြစ်တယ်လို့ သိရပါတယ်။