မလေးရှားနိုင်ငံကို “Malaysia Truly Asia” ဆောင်ပုဒ်နဲ့ အာရှနိုင်ငံအများစုရဲ့ ရိုးရာဓလေ့ ထုံးစံများ၊ ယဉ်ကျေးမှု အစဉ်အလာများ၊ အစားအစာများနဲ့ ပွဲတော်များ၊ သက်ရှိမျိုးစိပ်များ အစရှိတာတွေနဲ့ တနေရာတည်းမှာ တွေ့ကြုံခံစားနိုင်တဲ့ နိုင်ငံတခုအဖြစ် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ဖို့ ခရီးသွားလုပ်ငန်းကို မြှင့်တင်လျက်ရှိတယ်လို့ သိရပါတယ်။
၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မလေးရှားနိုင်ငံသို့ မြန်မာခရီးသွား ဧည့်သည်ဝင်ရောက်မှု နှစ်စဉ် တိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ မြန်မာခရီးသွားဦးရေ ၆၆,၅၅၃ သာ ရှိခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ မြန်မာပြည်သူများရဲ့ ပြည်ပ ခရီးသွားလာမှုနှုန်း မြင့်တက်လာတဲ့နဲ့အမျှ ၂၀၁၆ ခုနှစ်မှ စပြီး မလေးရှားနိုင်ငံသို့ မြန်မာဧည့်သည် ဝင်ရောက်မှု ပြန်လည် များပြားလာမယ်လို့ မျှော်မှန်းထားကြောင့် မလေးရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အမှုဆောင်အဖွဲ့၊ Tourism Malaysia ဘန်ကောက်ရုံးမှ ဒါရိုက်တာ Mr. Abdul Haris Hadi က ပြောပါတယ်။
“မြန်မာခရီသွား ဧည့်သည်တွေအတွက် မလေးရှားနိုင်ငံမှာ သွားရောက် လည်ပတ်သင့်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ ပီနန်းကျွန်းပေါ်က ပီနန်းတောင်၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် George Town၊ လန်ကာဝီကျွန်းက နာမည်ကြီး လန်ကာဝီကြိုးတံတား၊ ကိုလိုနီခေတ် Dutch လူမျိုးနဲ့ ပေါ်တူဂီလူမျိုးတွေရဲ့ ဗိသုကာလက်ရာတွေ မြင်တွေ့နိုင်မယ့် ယူနက်စကို စာရင်းဝင် မလက္ကာမြို့က အဆောက်အဦတွေပဲ ဖြစ်ပါတယ်” လို့ Mr. Abdul Haris Hadi က ဆိုပါတယ်။
သူကဆက်ပြီး “အဲဒီနေရာတွေ အပြင် မလေးရှားနိုင်ငံ အစိတ်အပိုင်းတခုဖြစ်တဲ့ ဘော်နီရို ကျွန်းပေါ်က ဆာဘားပြည်နယ်ရဲ့ Mount Kinablau ခေါ် အမြင့်ဆုံး ကီနာဘာလူတောင်၊ မလေးရှားနိုင်ငံရဲ့ ပထမဆုံး ယူနက်စကို စာရင်းဝင် ကီနာဘာလူ သစ်တော၊ မိုးသစ်တောတွေမှာ သစ်ပင်မြင့်ပေါ် ကြိုးတံတား လမ်းလျှောက်တာတွေ၊ မိုးသစ်တော ရိုးရာဓလေ့တွေကို တွေ့ရမယ့် Cultural Village တွေ စသဖြင့် အများကြီးရှိတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ယခင်ရှေး ကိုလိုနီခေတ် မတိုင်မီ ကာလတွေကတည်းက ဆက်သွယ်မှုရှိခဲ့တဲ့ မြန်မာများ အခြေချနိုင်ထိုင်ရာ ပီနန်ပြည်နယ်မှာ မြန်မာ ဘုန်းတော်ကြီးကျောင်း၊ ဗမာလမ်း၊ ရန်ကုန်လမ်း၊ မန္တလေးလမ်း စတဲ့ မြန်မာပြည်မြို့များကို အစွဲပြုခေါ်ဆိုတဲ့ လမ်းတွေ သာဓက အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာလူမျိုး အများစုနေထိုင်ရာ ပီနန်ပြည်နယ်မှာ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုများစွာ နေထိုင်ကြပြီး ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ၊ တရုတ်ဘုံကျောင်းတို့ကလည်း တခုနဲ့တခု နီးကပ်စွာ တည်ရှိနေတာကြောင့် လူမျိုးဘာသာကွဲ အချင်းချင်း ညီညွှတ်စွာ နေထိုင်ကြတယ်လို့ သိရပါတယ်။
“မြန်မာပြည်ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ နိုင်ငံတကာ ကုမ္ပဏီတွေဖြစ်တဲ့ Samsung ၊ Konika စတဲ့ ကုမ္ပဏီ အများအပြားက ဝန်ထမ်းတွေကို ပို့ပေးတဲ့ အလည်အပတ် ခရီးစဉ်တွေမှာ မလေးရှားနိုင်ငံကိုလည်း ရွေးချယ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ မလေးရှား လေကြောင်းလိုင်းတွေလည်း တိုးလာတယ်၊ လည်ပတ်စရိတ်လည်း သက်သာလာတာကြောင့် မြန်မာခရီးသွားတွေ တိုးလာမယ်လို့ မျှော်မှန်းပါတယ်” လို့ Columbia Leisure ခရီးသွား အေဂျင်စီမှ အရောင်းမြှင့်တင်ရေး ဒါရိုက်တာ Mr. Jospeh Chan က ဆိုပါတယ်။
မလေးရှားနိုင်ငံ ထိပ်တန်း Inbound အေဂျင်စီတခုဖြစ်တဲ့ Columbia Leisure ခရီးသွားအေဂျင်စီမှ မလေးရှားနိုင်ငံသို့ လာရောက် လည်ပတ်မယ့်် မြန်မာခရီးသွား ဧည့်သည်များအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တောင်ဘက် ဂျိုဟိုးဘားရူမြို့အထိ၊ မြောက်ဘက် ပီနန်းပြည်နယ်၊ လန်ကာဝီကျွန်း စတဲ့ မြို့များအထိ ခရီးစဉ်များ စီစဉ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။