Honda CR-Zက SUVကိုယ်ထည်နဲ့ မဟုတ်ဘဲ Hatchbackအဖြစ် ထုတ်လုပ်ထားလို့ Insightရဲ့ နောက်ဆက်တွဲ ဖြစ်နေတာပါ။ ထူးခြားချက်ကတော့ Insightက တံခါးလေးပေါက်စနစ်နဲ့ ဖြစ်ပေမယ့် အခု CR-Zကတော့ တံခါးနှစ်ပေါက်စနစ်နဲ့ပါ ရနိုင်တာပဲ ဖြစ်ပါတယ်။
Sportဆန်တဲ့ ကိုယ်ထည်နဲ့ ဖြစ်ပြီးတော့ ဆွဲဆောင်မှု ကောင်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ နောက် ဖက်မှာ Wingတွေတပ်မယ်၊ ရှေ့ဖက် လေခွင်းပေါက်တွေကို ပြင်ဆင်စီးနင်းမယ်၊ Exhaustကို ပြောင်းတပ် လိုက်မယ် ဆိုရင် အသံရော ရုပ်ပါ Sportဖြစ်လာနိုင်ပါတယ်။
မော်ဒယ်မှာ စိတ်ကြိုက်ဖြစ်စရာက လက်ကိုင်ကိုလည်း အကောင်းဆုံး ပြင်ဆင်ထားတယ်၊ လက်ကိုင်က အရမ်း သွက်တယ်၊ လမ်းကျပ်တယ်ဆိုတဲ့ ရန်ကုန်လမ်းမှာ CR-Zက ရေထဲက ငါးတစ်ကောင် ဖြစ်လိမ့်မယ်၊ ဒါက အင်ဂျင် သေးသေး ကိုယ်ထည်သေးသေးနဲ့ ဖြစ်ပေမယ့် CR-Zအတွက် ဆီစားပါ ပိုပြီး ချိုသာသွားစေတဲ့ အချက်ပါ။ ဒါပေမယ့် ဆွဲဆောင်မှု ဦးစားပေး မော်ဒယ်မှာ ဆေးသား အကျမြန်ချင်တာ တခုက အားနည်း ချင်နေပါတယ်။
ပြီးတော့ ဆူညံသံပေးချင်တာ တခုက Power Exhaustလို အသံကျယ်စနစ်မျိုး ဆိုရင် သိပ်မသိသာပေမယ့် ပုံမှန် Exhaustနဲ့ ဆိုရင် ဆူညံသံ ပေးချင်နေတာပါ။
မော်ဒယ်က အင်ဂျင်ကို Hybridစနစ်နဲ့ တွဲထားတာကြောင့် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဖြစ်နိုင် တော့ပါဘူး။ ၁ ဒသမ ၅လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်က လက်ရှိ ပြည်တွင်းမှာ ဆိုရင်တော့ လူကြိုက် အများဆုံး မော်ဒယ်မျိုးပါ။ အင်ဂျင်စနစ်က ရုန်းအား ၁၂၇ပေါင်-ပေမှာ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၁၃၀အားဖြစ်လို့ Superminiတွေရဲ့ စွမ်းဆောင်ရည်ထက် သိသိသာသာ ပိုကောင်းပါတယ်။
ဒါက ခရီးဝေး မောင်းနှင်မှု အတွက်ရော အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အတွက်ပါ အားကောင်း လာ စေနိုင်တာလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည်လည်း သင့်မယ်၊ ဆီစားလည်း နည်းပါးပြီး ဈေးလည်း ချိုချို သာသာနဲ့ ရနိုင်တာပါ။ ဂီယာပိုင်းမှာတော့ ၆ချက် Manualနဲ့လည်း ရနိုင်သလို CVTနဲ့လည်း ထွက်ပါတယ်။ ဒါပေမယ့် CVTစနစ်က အမျိုးသမီးမောင်းနှင်သူတွေ အတွက် အဆင်ပြေစေနိုင်ပေမယ့် စွမ်းဆောင် ရည်အတွက်တော့ အားနည်းသွားစေပါလိမ့်မယ်။
မော်ဒယ်ရဲ့ ဆီစားနှုန်းကို ကြည့်မယ် ဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ ၃၄မိုင်လောက်ထိအောင် မောင်းနှင်နိုင်တာ တွေ့ရပြီး မြို့တွင်းတွေမှာ ၃၂မိုင်နဲ့ အဝေးပြေးလမ်းတွေထက်မှာ ဆိုရင်တော့ Hybridစနစ်ပါလို့ မိုင် ၄၀ကျော် လောက်ထိအောင် ရမှာပါ။ နောက်ပြီး သူ့မှာ ပါတဲ့ ဘက်ထရီက အား ၅၀ရာခိုင်နှုန်းနဲ့ အထက် သွင်းထားမယ် ဆိုရင်ပဲ Hybridသီးသန့်နဲ့ ၁၉မိုင်လောက်ထိအောင် ခရီးပေါက်နိုင်သေးတာလည်း ဖြစ်ပါတယ်။
CR-Zမှာ အသက်ကယ် လေအိတ်စနစ်လည်း ပါရှိတယ်၊ နောက်ပြီး ဘရိတ်စနစ်က Antilockစနစ်၊ သူ့ရဲ့ စွမ်းဆောင် နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်းကနေ ရပ်ချင်တယ်ဆိုရင် ၁၂၂ပေပဲ ယူတယ်၊ ဒါက အကောင်းဆုံး အနေအထားလို့တောင် ပြောလို့ရတယ်၊ အရောင်ရွေးချယ်နိုင်မှုကတော့ အားနည်းတယ်၊ စုစုပေါင်း ၆ရောင်ပဲ လာတာတွေ့ရပြီး အတွင်းခန်းကလည်း အနက်တစ်မျိုးပဲ ရမယ်။ အသေးစား Hatchbackဖြစ်ပြီးတော့ အလျား က ၁၃ပေနဲ့ ၄လက်မခွဲ၊ မျက်နှာစာက ၅ပေနဲ့ ၈လက်မခွဲ၊ အမြင့်က ၄ပေနဲ့ ၇လက်မပဲ ရှိပါတယ်နော်။
ဒါဆိုရင်တော့ CR-Zက Insightထက် ပိုပြီး နှစ်ယောက်စီး ဒီဇိုင်းနဲ့ ဆွဲဆောင်မှု ကောင်းကောင်း ဈေးနှုန်း ချိုချို စွမ်းဆောင်ရည် သင့်သင့်နဲ့ မော်ဒယ်အဖြစ် ထုတ်လုပ်ထားတယ်လို႕ပဲ ဆိုရမှာပါ။