လွတ်လပ်ရေးရပြီး ၁၀ နှစ်တာ ကာလ အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အနုပညာ စတဲ့ နယ်ပယ်တွေမှာ မြန်မာဆိုတာ ကမ္ဘာမှာ နောက်ကျခဲ့တာ မရှိခဲ့ဘဲ ကမ္ဘာနဲ့ ရင်ပေါင်တန်း လိုက်ပါ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်တွေ၊ စစ်အာဏာရှင်ခေတ်တွေ မှာတော့ အဘက်ဘက်က ယိုယွင်းပျက်စီး လာပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွား ပါတော့တယ်။ တချိန်က ဟောလိဝုဒ်နဲ့ ချိတ်ဆက်ပြီး မြန်မာ့ အနုပညာကို ကမ္ဘာက သိစေခဲ့တယ် ဆိုတဲ့ အကြောင်းက အိပ်မက်လို ဝေ၀ါးကျန်ခဲ့ပြီဖြစ်တဲ့ ခရမ်းရောင်လွင်ပြင် ရုပ်ရှင်ဇာတ်ကား အကြောင်း တင်ပြပါ့မယ်။
ဖုန်တထောင်းထောင်းထနေတဲ့ မြေနီလမ်း လေယာဉ်ကွင်းတခုနဲ့ ရုပ်ရှင်ကို စတင်ပါတယ်။ အကြမ်းထည် သဘောသာ မြင်တွေ့ရတဲ့ ဒီလေယာဉ်ကွင်းက ယာယီလေယာဉ်ကွင်းပါ၊ လေယာဉ်အမျိုးအစားတွေ ကလည်း အတော်လေးကိုပဲ ဟောင်းနွမ်းလွန်းနေလို့ ဂရုတစိုက်နဲ့ ပြင်ဆင်ပြီး အသုံးပြုနေကြရပါတယ်။ ဗြိတိသျှ စစ်တပ်က မဟာမိတ်အဖြစ်နဲ့ မြန်မာ့မြေပေါ်က ဖက်ဆစ်ဂျပန်တွေကို ပြန်လာပြီး တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ရန်သူ မရိပ်မိနိုင်လောက်တဲ့ တောင်ကြား တနေရာက လွင်ပြင်ကျယ်တခုကို အသုံးပြုထားရတာ ဖြစ်ပါတယ်၊ လေယာဉ်ကွင်းရဲ့ အမည်ကို ဖော်ပြ မထားသလို အရပ်ဒေသကိုလည်း မဖော်ပြထားပါဘူး၊ ဒါပေမယ့် သူတို့ အဓိက အဆက်သွယ်ရှိတဲ့ အသုံးပြုတဲ့ နေရာတွေ ကတော့ မိတ္ထီလာနဲ့ မန္တလေးပါ။
မှုန်ရီဝိုးတဝါး အလင်းရောင်နဲ့ အိုက်စပ်တဲ့ ညတည၊ လေယာဉ်မှူး ဖော်စတာဟာ ရွက်ဖျင်ထဲကနေ ပြေးထွက်ပြီး အရူးတယောက်လို သတိလွတ်ကင်း နေပုံမျိုးနဲ့ လေယာဉ်နှိုးကာ ထွက်ဖို့ ပြင်ဆင်နေလို့ တပ်ကြပ်ကြီးက ကိုယ့် အထက် အရာရှိ ဖြစ်ပေမယ့် သတိပြန်လည်လာအောင် မျက်နှာကို လက်ပြန် ဖြတ်ရိုက်လိုက်ရပါတယ်။ သတိပြန်ဝင် လာတော့မှ အမြန် တောင်းပန်လိုက်ရတယ်။ သူ ဒီလိုဖြစ်ရတာက ညားခါစ ချစ်မဝတဲ့ သူ့ရဲ့ ဇနီး စစ်ပွဲတခုမှာ ဗုံးဒဏ်ကြောင့် အဆောက်အအုံ အပျက်အဆီးတွေကြားမှာ သေဆုံးသွားခဲ့ရတဲ့ အဖြစ်အပျက်၊ အဲဒီအဖြစ်အပျက်က သူ့ကို မကြာခဏ ခြောက်လှန့်နေခဲ့တာ ဖြစ်ပါတယ်။
တနေ့တော့ သူငယ်ချင်း ဖြစ်သူ ဆရာဝန်ဗိုလ်ကြီးက စိတ်ပြေ လက်ပျောက် ဖြစ်စေတော့ဆိုပြီး အနီးအနားမှာ ရှိတဲ့ ရွာတရွာကို ခေါ်သွားပါတယ်။ အဲ့ဒီရွာမှာက စစ်ဘေးစစ်ဒဏ်ကြောင့် အနာတရ ဖြစ်ရသူတွေ အတွက် တင်မကဘဲ သာမန် ဝေဒနာသည်တွေ အတွက်ပါ ပြုစု စောင့်ရှောက်ကုသ ပေးနေတဲ့ ဆေးခန်းတခု ရှိတယ်၊ သူတို့ဟာ ခရစ်ယာန် ဘာသာဝင် မြန်မာတွေပြီး ရန်ကုန်မြို့ကနေ လာရောက် ဆောင်ရွက်နေကြတာပါ၊ အားလုံးက အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောနိုင်ကြသူတွေချည်းပါပဲ၊ မြန်မာအမျိုးသမီးချော သူနာပြုဆရာမလေး “အန်နာ” (ဝင်းမင်းသန်း) အပါအဝင်ပေါ့။
သူငယ်ချင်းဖြစ်သူ ဆရာဝန် စစ်ဗိုလ်က လေယာဉ်မှူး ဖော်စတာကို ရွာထဲက ဆေးခန်းက သာသနာပြု သီလရှင် ဆရာမကြီး ဒေါ်ရိုသီ (အန်နာရဲ့ အဒေါ်) နဲ့ အန်နာ အပါအဝင် အားလုံးနဲ့ မိတ်ဆက်ပေးတယ်၊ အဲ့ဒီမှာ ယဉ်ကျေး သိမ်မွေ့ပြီး နူးည့ံပျော့ပျောင်းတဲ့ အမူအရာ၊ ကျက်သရေ ရှိလှတဲ့ မျက်နှာသွင်ပြင်၊ နှစ်လိုဖွယ် ရှိတဲ့ လေယူလေသိမ်း အပြောအဆို စတာတွေကြောင့် လေယာဉ်မှူးဗိုလ်ကြီး ဖော်စတာရဲ့ ရင်ထဲမှာ စွဲငြိမှန်းမသိ စွဲငြိလာခဲ့ပါတယ်။
ဧည့်ခန်းရဲ့ ကုလားထိုင်ပေါ်မှာ ပင်ပန်းနွမ်းနယ်မှုတွေရဲ့ ဒဏ်ကြောင့် ဗိုလ်ကြီး ဖော်စတာ အိပ်ပျော်သွားခဲ့ပါတယ်။ သူ ပြန်နိုးလာတော့ ဒေါ်ရိုသီတို့ မရှိကြတော့ဘဲ သူ့ရှေ့မှာ ကြည်လင်သန့်ရှင်းတဲ့ သံပုရာ ဖျော်ရည်တခွက်နဲ့ အတူ ခြေဖမိုးအထိ ဖုံးနေတဲ့ ထဘီ၊ လက်ကောက်ဝတ်အထိ ရှည်လျားတဲ့ ရင်ဖုံးအင်္ကျီ၊ ကြော့ရှင်းသပ်ရပ်တဲ့ ခန္ဓာကိုယ်၊ ပါးလျတဲ့ နှုတ်ခမ်း၊ ပေါ်လွင်တဲ့ နှာတံ၊ ကရုဏာအပြည့်နဲ့ ဖြူစင်တဲ့ မြန်မာ အမျိုးသမီးလေးကို ရုတ်တရက် စကားမပြောနိုင်သေးဘဲ ငေးမောကြည့်ရှု နေမိပါတယ်။
လေယူလေသိမ်း အဖြတ်အတောက် မှန်ကန်ပီပြင်စွာနဲ့ အင်္ဂလိပ်စကားကို အပြန်အလှန် ပြောဆို မိတ်ဆက်နေတဲ့ မြန်မာ အမျိုးသမီးကို ကြည့်ကာ ဒုတိယ အကြိမ် တအ့ံတသြ ဖြစ်ရပြန်ပါတယ်။ မြစ်ရေတွေကို ကြည့်ပြီး လက်ညှိုး ထိုးညွှန်ပြကာ “ရှင် ရေကူးချင်သလား” ဆိုတော့ ကြည်လင်တဲ့ မြစ်ရေကို ကြည့်ပြီး ဗိုလ်ကြီး ဖော်စတာဟာ ပူအိုက်ညစ်ထေးနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်က အေးမြတဲ့မြစ်ရေရဲ့ အရသာကို တောင့်တနေပါတယ်။
ဒါပေမယ့် အခြေအနေ အချိန်အခါအရ မြန်မာ အမျိုးသမီးတဦးရဲ့ ရင့်ကျက်တည်ကြည်ပြီး သိမ်မွေ့ယဉ်ကျေးတဲ့ အရှိန်အဝါကြောင့် သူနဲ့ တွဲပြီး ရေမကူးသင့်ဘူး ဆိုတဲ့ အသိစိတ်နဲ့ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး စကားကို ဆက်ပြောပါတယ်။ ဒါကတော့ အန်နာ (ဝင်းမင်းသန်း) ကို မြင်မြင်ချင်း စွဲလမ်းတဲ့ အချစ်ကို နွယ်တဲ့ စကားပါ။
“နောက်ဆိုရင် ဒီမြစ်ပေါ်ကနေ လေယာဉ်ကို မကြာခဏ ဖြတ်ပြန်သွားရမယ်၊ ဒါမှ ပိုပြီး ခင်မင်သွားကြရအောင်ပေါ့” တဲ့။
နောက်ရက်များမှာတော့ လေယာဉ်မှူး ဗိုလ်ကြီး ဖော်စတာဟာ အထက်အမိန့်နဲ့ အရာရှိ စစ်သား ၂ ယောက်ကို အဖော်ခေါ်ပြီး လေယာဉ် ၁ စီးနဲ့ မိတ္ထီလာဘက်ကို ပျံသန်းခဲ့ရပါတယ်။ လမ်းမှာ အင်ဂျင်စက်က မီးထတောက်လို့ လယ်ကွင်းတခုထဲကို အမြန် ထိုးဆင်းခဲ့ရပါတယ်။ အဖော်တယောက်ရဲ့ ခြေထောက်မှာ မီးလောင်တဲ့ ဒဏ်ရာကြောင့် မထနိုင်တော့ဘူး။
ရန်သူနဲ့ နီးတဲ့ တောကြီးမျက်မည်း အတွင်းမှာ သေဘေးက တအား နီးကပ်နေတယ်။ ဘယ်တုန်းကမှ အသက် သေရမှာကို ခေါင်းထဲ မထည့်တဲ့ ဖော်စတာဟာ ဒီတခါတော့ သူ ဖြစ်တဲ့ နည်းနဲ့ အသက် ရှင်ချင်နေပါတယ်၊ သေဘေးက ဝေးဖို့ ထွက်ပေါက်လမ်းက အလွန်ဝေးလံလွန်းလှတဲ့ နောက်ကြောင်းခရီးကို ခြေလျင် ပြန်ဖို့ပဲ ရှိတော့ကြောင်း ဖော်တွေကို ဖျောင်းဖျရတယ်။
သူက လူနာကို ကျောပိုပြီး ပင်ပန်းကြီးစွာ သယ်လာခဲ့ရတယ်။ မောပန်းမှု၊ ရေငတ်မှုတွေရဲ့ ဒဏ်တွေရယ်၊ ကန္တာရလို ပူပြင်းမှုနဲ့ ကမ်းမမြင် လမ်းမမြင် စိတ်အားငယ်ရမှုတွေကြောင့် ကြာလာတော့ ဒုက္ခကို တောင့်မခံနိုင်တော့တဲ့ အဖာ် တယောက်ဟာ သူ့ကိုယ်သူ ပစ်သတ်ပြီး အဆုံးစီရင်သွားပါတယ်။ ဖော်စတာကတော့ သူ့အတွက် အသက်ရှင်ဖို့က ပိုအရေးကြီးလာခဲ့တယ်။
လူနာကို ပင်ပန်းကြီးစွာ သယ်ပိုးရင်း၊ ဒုက္ခမှန်သမျှကို ခန္ဓာကိုယ်တွင်းမှာ ရှိသမျှအားအင်လေးနဲ့ မညည်းစတမ်း အံကြိတ်ပြီး ဒယိမ်းဒယိုင်နဲ့ တလှမ်းချင်း၊ ပူပြင်း လောင်မြိုက်လွန်းလှတဲ့ နေရောင်အောက်မှာ လျှောက်နေပါတယ်။ ပုခုံးပေါ်က လူနာကလည်း သူ့ရဲ့အဖြစ်ကို မကြည့်ရက်တော့လို့ တောစပ်တခုမှာ သေနတ်နဲ့ ပစ်သတ်ပြီးထားခဲ့ဖို့ အကြိမ်ကြိမ် တောင်းဆိုပါတယ်၊ ဒါကိုသူက လက်မခံပါဘူး။
လေယာဉ်မှူး ဗိုလ်ကြီး ဖော်စတာ တယောက်ဟာ သူ့မျက်စိထဲ၊ သူ့အတွေးအာရုံထဲမှာ ပေါ်နေတဲ့ မျှော်လင့်ချက် တခုကတော့ သူအလွန်စွဲမက်နေတဲ့ မြန်မာမလေးရဲ့ အသွင်အပြင်ဟန်အမူအရာများပဲ ဖြစ်နေ ပါတော့တယ်။
ခရမ်းရောင်လွင်ပြင် (The Purple Plain) လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားဟာ အင်္ဂလိပ်စာရေးဆရာ H.E Beates ရဲ့ စာအုပ်ပါ အကြောင်းအရာတွေကို ကျောရိုးယူထားတာ ဖြစ်ပြီး၊ ဒါရိုက်တာက ရောဘတ် ပါးရစ်ချ် (Robert Parrish)၊ သရုပ်ဆောင်တွေ က ကမ္ဘာကျော် စွယ်စုံရ ဟောလိဝုဒ်မင်းသားကြီး ဂရီဂိုရီပက်် (Gregory Peck) နဲ့ မြန်မာမင်းသမီး “ဝင်းမင်းသန်း” တို့ပဲ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၁၉၅၄ မှာ ရုံတင်ပြသခဲ့တာပါ။ ဗြိတိန်မှာ အကျော်ကြားဆုံး ရုပ်ရှင်စာရင်းမှာ နံပါတ် ၁၁ နေရာ ရခဲ့ပါတယ်။
ဒီဇာတ်ကားကို ရန်ကုန်မှာ ရုံတင်တော့ ကြိတ်ကြိတ်တိုး စည်းကားခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာကျော် ဟောလိဝုဒ် မင်းသားကြီး ဂရီဂိုရီပက်နဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ မြန်မာမင်းသမီး ဝင်းမင်းသန်းဟာ ရုပ်ရှင် သရုပ်ဆောင် အတွေ့အကြုံ လုံးဝ မရှိဘဲ ပထမဆုံး အနုပညာစွန့်စားမှု တရပ်ဖြစ်ပေမယ့် ရိုးသားပြီး မနူးမနပ် ကျေးတောသူလေး တယောက်အဖြစ် သရုပ်ဆောင်သွားပုံဟာ တကယ့်ကို အံ့မခန်း ရသမြောက်လွန်း လှပါတယ်။
ဒီဇာတ်ကားကို “ရတနာနတ်မယ်” နဲ့ ရိုက်ကူးဖို့ အစောပိုင်းမှာ လျာထားခဲ့ပါသေးတယ်။ မြန်မာနိုင်ငံအကြောင်းကို သီရိလင်္ကာ နိုင်ငံမှာ ရိုက်ကူးမယ် ဆိုတာကြောင့် ရတနာနတ်မယ်က ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။ ဝင်းမင်းသန်း ကတော့ သူ့ကို အစားထိုးဖို့ ကမ်းလှမ်းခဲ့တာလား၊ ရွေးချယ်ခဲ့တာလား၊ သူကပဲ လျှောက်လွှာတင်ခဲ့တာလား ဆိုတာ အထောက်အထား တစုံတရာ မတွေ့ခဲ့ကြဘူးလို့ ဆိုပါတယ်။ ဝင်းမင်းသန်းရဲ့ ဖခင်က သြစတြေးလျနိုင်ငံသား ဖြစ်ပြီး၊ မိခင် ဗမာအမျိုးသမီးတဦး ဖြစ်တာကြောင့် ကပြားသွေးပါသူပါ။ မြန်မာနိုင်ငံရဲ့ အထင်ကရ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာရဲ့ ဇနီးဖြစ်ပါတယ်။
မြန်မာ အမျိုးသမီး တယောက်အနေနဲ့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ရှားရှားပါးပါး မင်းသမီး အခွင့်အရေးကို ရခဲ့ပေမယ့် ရန်ကုန်မြို့ပေါ်မှာ ရုပ်ရှင်ကားကြီး ရုံတင် အပြီးမှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ သူနဲ့ ဗိုလ်စကြာတို့ရဲ့ အိမ်ထောင်လည်း ပြိုကွဲသွားခဲ့ပါတယ်။ အဲ့ဒီနောက် ဟောလိဝုဒ် ကုမ္ပဏီကြီးနဲ့လည်း အဆက်အသွယ် ပြတ်တောက် သွားခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာဆန်ဆန် ယဉ်ကျေးသိမ်မွေ့မှု ဆိုတဲ့ အရာတွေကို မြန်မာအမျိုးသမီးကောင်း တဦးအနေနဲ့ ကမ္ဘာကျော်အောင် သူက သရုပ်ဆောင်ပြနိုင်ခဲ့ ပါတယ်။ အနောက်နိုင်ငံသားတွေရဲ့ အမြင်အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့ပါတယ်။