မြန်မာ့ပန်းချီဟာ မဇ္ဈိမဒေသ (အိန္ဒိယ) မှ ပြန့်ပွားလာတဲ့ ဗုဒ္ဓဝါဒနဲ့ အတူတွဲဖက်ပါလာတဲ့ ပါလ ပန်းချီရေးနည်းက ဆင်းသက်လာတာ ဖြစ်ပြီး ကောက်ကြောင်းရေး ဆေးပိန်းခြယ်တဲ့ နည်းစနစ်ကို အသုံးပြုပါတယ်။ ပုဂံခေတ်မှာ ဗုဒ္ဓနိပါတ်တော်များ၊ ဇာတကများ၊ ဟိန္ဒူဘာသာရေး အယူများ၊ ကနုတ်ပန်း ပန်းခြူးနွယ်များကို ရေးဆွဲကြပါတယ်။
ပုဂံခေတ်မှာ မြန်မာပန်းချီဟာ အိန္ဒိယဟန် လွှမ်းခဲ့ပေမယ့် ညောင်ရမ်းခေတ် ရောက်တော့ မြန်မာဆန်ဆန် ကိုယ်ပိုင်ဟန် ရေးဆွဲလာနိုင်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာမှု ခိုင်မာလာပါတယ်။
လက်ရှိ မြန်မာ့ ပန်းချီလောကမှာတော့ အနောက်တိုင်း ပန်းချီရေးနည်း အထူးသဖြင့် အင်္ဂလန် ပန်းချီရေးနည်းက လွှမ်းမိုးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာတော်သင်သွားကြတဲ့ ကြတဲ့သူ အတော်များများဟာ အင်္ဂလန်ကိုသာ သွားရောက်ကြတာကြောင့်ပါ။
တဖန်လည်း ပန်းချီကျောင်းတွေ၊ သင်တန်းတွေမှာလည်း Line, Tone, Color, Perspective, Shape, Form, Light, Shade စသဖြင့် အနောက်တိုင်းက ပန်းချီနည်းစနစ်ကို အထူးပြု သင်ကြားပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြောချင်တာက မြန်မာရိုးရာဟန် ပန်းချီဖန်တီးမှု အားနည်းနေတယ် ဆိုတာပါပဲ။ ပြောရရင် ခေတ်ပြိုင်ကို ထင်ဟပ်တဲ့ ရိုးရာဟန်ပန်းချီ ပိုပြီး အားနည်းနေပါတယ်။
သို့ပေမယ့် လူငယ်ပန်းချီဆရာ ပန်းချီ အောင် (Aung Painting) ကတော့ ရိုးရာဟန်ပန်ချီကို တစိုက်မတ်မတ် ရေးဆွဲလာတဲ့ ပန်းချီဆရာပါ။ သူ့လက်ရာတွေကို လေ့လာကြည့်ရင် သွယ်နွဲ့အားကောင်းတဲ့ လိုင်း၊ ပြေပြစ်လှပတဲ့ အရောင်တွေ သုံးစွဲ ရေးဆွဲတတ်သလို တခါတရံမှာတော့ အရောင်မှိုင်းမှိုင်းနဲ့ ကြည်လင်တဲ့ အရောင်ကို စုဖွဲ့ ဖန်တီးတတ်တာ တွေ့ရပါတယ်။
“ကျနော် ပန်းချီကားတွေကို မြန်မာ့ရိုးရာ ဒီဇိုင်း သဘောတရားတွေနဲ့ တွေးစရာ အနည်းငယ်နဲ့ ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ ပန်းချီကားကို အနုစိတ်ရေးခြယ်ပြီး အရောင်တွေနဲ့ ရေးတဲ့ အကြောင်းရာတွကို Contrast ဖြစ်အောင် ရေးပါတယ်။ အဲဒါကြောင့် အဓိကပြချင်တဲ့ နေရာတွေမှာ အဖြူနဲ့ အနက် အစစ်အတိုင်း ရေးပါတယ်။ မဖြစ်နိုင်တဲ့ အရာတွေကို စိတ်ကူးယဉ် ဆန်ဆန်ရေးဖွဲ့ပါတယ်။ မြန်မာလူမျိုး တယောက်ပီပီ ကျနော့်ပန်းချီကားမှာ မြန်မာ ဆိုတာလေး ပါအောင်နဲ့ မြန်မာတို့ရဲ့ ခမ်းနားမှုတချို့ကို ထည့်သွင်း ရေးဖွဲ့ပါတယ်။ အထူးသဖြင့် မိန်းမသားတွေရဲ့ ခွန်အားကြီးမားမှုကို အသားပေး ရေးဖွဲ့ပါတယ်။ ကျနော်တို့ လူအဖွဲ့အစည်းကြီး ဖြစ်လာစေဖို အနစ်နာခံပေးတဲ့ မိန်းမသားတွေကို အထင်ကြီး လေးစားလို့ပါ” လို့ အသက် ၂၂ နှစ် အရွယ် ပန်းချီ အောင်က ပြောပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ ပန်းချီကားတွေကို ကြည့်ပါ။ ခွန်အားကြီးမားပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ ခြင်္သေ့ကြီးတကောင်၊ သွယ်နွဲ့ပျော့ပျောင်း သိမ်မွေ့လှတဲ့ အမျိုးသမီးရဲ့ နူညံ့ဖြူစင်တဲ့ မေတ္တာအားနဲ့ ချည်နှောင်ကာ ထွေးသိမ့်ပေးနေပုံတွေ ဖြစ်ပါတယ်။ ခေတ်ပြိုင် အဖြစ်အပျက်တွေနဲ့ ဆက်စပ် ခံစားကြည့်စေလိုပါတယ်။ ပန်းချီဆရာကတော့ မိန်းမသားတွေရဲ့ ခွန်အားကြီးမားမှုကို အသားပေး ဖော်ပြတာ လို့ ပြောပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ ပန်းချီကားကိုလည်း ကြည့်ပါဦး။
ဒေါမာန်ဟုန် အပြည့်နဲ့ အမောက်ထောင်နေတဲ့ နဂါးကြီးတကောင်၊ မေတ္တာအင်အားကြီးမားပြီး ရဲရင့်တဲ့ အမျိုးသမီးတဦး၊ ငြိမ်းချမ်းရေး ချိုး (ဂျိုး) ငှက်တကောင် လို့ ယူဆရတဲ့ အဖြူရောင် ငှက်တကောင်တို့ကို ပန်းချီကားထဲမှာ တွေ့ရမှာပါ။ ပန်းချီကားတွေကို ကြည့်ရှုခံစားရင်း သင့်ရဲ့ အတွေးစိတ်ကူး ခံစားမှု တခုခုကို ဆက်စပ်ခံစားစေနိုင်တဲ့ ပန်းချီကားတွေပါ။
အောက်မှာ ဖော်ပြထားတဲ့ ပန်းချီကားတွေထဲမှာတော့ ပန်းချီအောင်ရဲ့ ဆန္ဒသဘောကို ထင်ဟပ်ပြနေတယ်လို့ ခံစားရပါတယ်။ အနုပညာဆိုတာ စိတ်ခံစားမှုကို ကျွမ်းကျင်မှုနဲ့ ထင်ဟပ် ပုံဖော်တင်ပြတာ ဖြစ်ပါတာကြောင့် ပန်းချီအောင်ရဲ့ စိတ်ခံစားမှုနဲ့ လက်ရှိ ခေတ်ကာလ ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး လူမှုရေးတွေကို ထင်ဟပ်တင်ပြတဲ့ ဖန်တီးမှုတွေပါပဲ။
ပန်းချီအောင်က အောင်လံမြို့ ဇာတိဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်း ဦးလေးဖြစ်သူ ပန်းချီဆရာ ဦးတင်အောင်ဌေးနဲ့ အတူ နေထိုင်ခဲ့တာပါ။ ပန်းချီဆရာ ဦးတင်အောင်ဌေးဟာ မြန်မာမှု မြန်မာဟန်ကို နှစ်သက်မြတ်နိုးသူ ပန်းချီဆရာ တဦးဖြစ်ပြီး တရုတ်နိုင်ငံ China Academy Of Arts Hangzhou က ပန်းချီနဲ့ ပတ်သက်ပြီး ဒေါက်တာဘွဲ့ ယူခဲ့တယ်လို့ သိရပါတယ်။
“ကျနော့်ဦးလေး ပန်းချီဆရာ ဒေါက်တာ ဦးတင်ဌေးအောင်ကြောင့် ကျနော် ငယ်ငယ်ကတည်းက မြန်မာ့ရိုးရာပန်းချီနဲ့ ထိတွေ့ နှစ်သက် မြတ်နိုးခွင့် ရခဲ့ပါတယ်။ ဦးလေး ဒေါက်တာဦးတင်ဌေးအောင်ရဲ့ ကျေးဇူးကြောင့်ပဲ Fine Arts School (Mandalay) မှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ၊ ၃ နှစ်ကြာ ပန်းချီပညာ သင်ယူခဲ့ပါတယ်။ ပန်းချီကျောင်းဆင်းပြီး ၂၀၁၃ မှာတော့ National University of Arts and Culture (Yangon ) မှာ ပန်းချီပညာ အထူးပြုဘာသာရပ်နဲ့ တက်ရောက် သင်ယူနေပါတယ်။ အခုလက်ရှိမှာတော့ ပထမနစ် ဂုဏ်ထူးတန်း တက်ရောက်နေပါတယ်” လို့ ပြောပါတယ်။
“ကျနော်က မြန်မာ့ရိုးရာကို နှစ်သက်ပြီး အနုစိတ် ရေးရတာကို ကြိုက်တယ်။ မြန်မာ့ရိုးရာကို လေ့လာနေသူ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဟန်နဲ့ Background ကို Pattern သုံးပြီး Shape တွေ Space တွေ ကစားရတာ ကြိုက်တယ်ဗျ။ ကျနော် ရေးဖွဲ့တဲ့ ကားတွေမှာ လှတယ် ဆိုတာထက် အနည်းငယ်ပိုတဲ့ တွေးစရာလေးတွေ ထည့်ထားပါတယ်။ ကျနော်က အနုပညာရှင် မဟုတ်သေးပါဘူး။ ပန်းချီရေးဆွဲ လေ့လာသူမျှသာပါ။ မြန်မာ့ရိုးရာနဲ့ ပတ်သပ်တာတွေကိုပဲ တစိုက်မတ်မတ် လေ့လာသွားပါဦးမယ်” လို့ ပန်းချီအောင်က ပြောပါတယ်။