တချိန်က ကိုရီးယားထိပ်တန်း သရုပ်ဆောင်စာရင်းတွင် ထိပ်တန်းနေရာက ရပ်တည်နိုင်ခဲ့တဲ့ ဂင်ရေးဝမ်ဟာ ရုပ်သံဇာတ်လမ်းများတွင် သရုပ်ဆောင်မှုကို ရပ်နားခဲ့ပြီးနောက် မကြာသေးခင်ကတော့ တက်သစ်စမင်းသမီးဖြစ်တဲ့ ဘတ်ရှင်ဟေးနဲ့ တွဲဖက်ပြီး Doctors အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွင် ပါ၀င်သရုပ်ဆောင်ခဲ့ပါတယ်။ သူတို့ရဲ့ အချစ်ခန်းတွေမှာ သရုပ်ဆောင်မှုတွေဟာ ပီပြင်လွန်းတာကြောင့် ပရိသတ်များက သူတို့နှစ်ယောက်ရဲ့ လက်တွေ့ဘဝမှာရော အဲ့ဒီလိုဆက်ဆံရေးတွေ အမှန်တကယ်ဖြစ်နေပြီလားလို့ ဇဝေဇဝါဖြစ်လာကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က Doctors ရုပ်သံဇာတ်လမ်း ရိုက်ကူးမှုပြီးဆုံးတဲ့အနေနဲ့ မော့ဒေါင်ဒေသ ဆိုးလ်မြို့မှာ အခြေစိုက်တဲ့ SBS ရုပ်သံဌာနချုပ်မှာ မီဒီယာများနဲ့ ဂင်ရေးဝမ်တွေ့ဆုံတဲ့အခါမှာ မီဒီယာများရဲ့ မေးခွန်းများကို ဂင်ရေးဝမ်က အခုလို ဖြေဆိုခဲ့တာပါ။
“ကျွန်တော်တို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုနဲ့ပတ်သက်လို့ ဒီလိုမေးခွန်းတွေ ထုတ်ခဲ့တဲ့အပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို စိတ်ဝင်စားစရာဖြစ်သွားအောင် သရုပ်ဆောင်နိုင်ပါ့လားဆိုပြီး တွေးမိလို့ပါ။ ရှင်ဟေး ဟာလည်း သရုပ်ဆောင်မှုအပေါ်မှာ ရူးသွပ်တဲ့ သူတဦးပါ။ ဒီလို စိတ်နှစ်ပြီး သရုပ်ဆောင်နိုင်တဲ့ မိန်းကလေးတဦးနဲ့ အတူသရုပ်ဆောင်ခဲ့ရလို့လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး “ဒီရုပ်သံကို အတူသရုပ်ဆောင် ကြမယ်ဆိုတဲ့အခါမှာ ကျွန်တော်တို့နှစ်ဦးစလုံးဟာ ဇာတ်ရုပ် ပီပြင်ဖို့အတွက် ကြိုးစားကြမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ အချစ်ခန်းတွေရိုက်ကူးတဲ့အခါမှာ ဇာတ်ညွှန်းထဲက အတိုင်း သရုပ်ဆောင်ခဲ့တာပါ။ နောက်ပြီး ရှင်ဟေးဟာ ကြိုးစားတဲ့အပြင် သရုပ်ဆောင်မှုမှာ ကျွမ်းကျင်လိမ္မာတဲ့ သူတဦးပါ။ ဒီလို အချစ်ဇာတ်ဝင်ခန်းတွေမှာ တဦးတည်း တယောက်တည်း သရုပ်ဆောင်ပီပြင်နေလို့လည်း မရပါဘူး။ နှစ်ဦးနှစ်ဘက် အတွဲညီမှ ရုပ်လုံးပေါ်တာပါ။ ဒါ့ကြောင့် အားလုံးက အံ့သြမင်သက်ရလောက်အောင် သူမက ကျွမ်းကျင်လိမ္မာစွာ သရုပ်ဆောင်နိုင်ခဲ့လို့ပါ” လို့ဆိုခဲ့ပါတယ်။
Doctors ရုပ်သံဇာတ်လမ်းဟာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ကြိုးစားနေတဲ့ ဟေးဂျန်းဆိုတဲ့ ကောင်မလေးနဲ့ ဇီဝဗေဒ ဘာသာရပ်အား ဂိုက်လုပ်ပေးရတဲ့ ဆရာဝန်ပေါက်စ ဂျင်ဟွန်းတို့ရဲ့ တွေ့ဆုံမှုနဲ့ ဇာတ်လမ်းကို စတင် ဖွင့်လှစ်ခဲ့တာပါ။ ဆရာတပည့်ဆက်ဆံရေး အဖြစ်ဖြင့် တဦးနဲ့ တဦးဆက်ဆံခဲ့ပြီးနောက် သံယောဇဉ်တွေဖြစ်လာခဲ့ကာ ၁၃ နှစ် အကြာမှာ ဂျင်ဟွန်းနဲ့ ဂျူနီယာဆရာဝန်မလေး ဟေးဂျန်းတို့ ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာ ဟေးဂျန်းမှာ မိဘ များက သဘောတူထားတဲ့ ယောင်ဒူးရှိနေခဲ့ပါပြီ။ အဲ့ဒီအခါမှာ သူတို့ရဲ့ အရင်ကရှိခဲ့တဲ့ သံယောဇဉ်တွေကို အခက်အခဲများကြားမှနေပြီး ပြန်လည်ကြိုးစားတည်ဆောက်ကြတဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။
မီဒီယာတွေ့ဆုံပွဲမှာ ဘတ်ရှင်ဟေးထက် ၁၀ နှစ်ခန့်ကြီးတဲ့ ဂင်ရေးဝမ်ကိုသာ အဓိကပြစ်မှတ်ထားပြီး အကြင်နာပေးတဲ့ ဇာတ်ဝင်ခန်းများနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြင်ပဆက်ဆံရေးမှာရော ဘယ်လိုရှိလဲ ချစ်သူတွေဖြစ်နေပြီလားစသဖြင့် မေးခွန်းထုတ်ခဲ့တဲ့အပေါ်မှာ ဂင်ရေးဝမ်ကတော့ “မဟုတ်ပါဘူး” ဆိုတဲ့ စကားကိုသာ တွင်တွင်ပြောဆိုပြီး ငြင်းဆိုခဲ့တာပါ။ ရှင်ဟေးဟာ သူ့ရဲ့ ညီမအရွယ်လောက်သာရှိပြီး အခုလို အချစ်ရေး ကိစ္စနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခံရတာ သူ့အတွက် အတော်လေးအဆင်မပြေဖြစ်ရပါတယ်လို့ နောက်ဆုံးမှာ ပြောကြားခဲ့ပါတယ်။
ဂင်ရေးဝမ်ဟာ ယခင်က အချစ်ဇာတ်လမ်းများနဲ့ နာမည်ကြီးခဲ့ဖူးတဲ့ သရုပ်ဆောင်ဖြစ်ကာ သူပါ၀င် ရုပ်ဆောင်ခဲ့သော My Little Bride ရုပ်ရှင်ဇာတ်ကားဟာလည်း အချစ်သီးသန့်ဇာတ်လမ်းဖြစ်ကာ ကိုရီးယား ရုပ်ရှင်စျေးကွက်မှာ ဝေဖန်မှုအများဆုံးဖြစ်ခဲ့ရတာပါ။ ဒါ့အပြင် အာရှဒေသတွင်း ရုပ်ရှင်စျေးကွက်မှာလည်း လှုပ်ခတ်ခဲ့ရတဲ့ အချစ်ဇာတ်ကားလည်းဖြစ်ခဲ့ပါတယ်။
ဂင်ရေးဝမ်ဟာ ၂၀၀၈ ခုနှစ်မှာ စစ်မှုတာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် တာဝန်ပြီးဆုံးပြီး အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်ချိန်မှာပဲ သူ့ရဲ့ အနုပညာအေဂျင်စီက အပေါင်းအသင်းများနဲ့ အရက်ဘားတခုသို့ သွားရောက်စဉ် ၀န်ထမ်းအမျိုးသမီးတဦးနဲ့ အချေအတင်စကားများခဲ့ပြီး ဂင်ရေးဝမ်က ကိုယ်ထိလက်ရောက် ပြုမူခဲ့တယ်လို့ဆိုကာ အဆိုပါ အမျိုးသမီးက တရားစွဲဆိုခဲ့ပါတယ်။ ဂင်ရေးဝမ်က စကားများခဲ့တာမှန်သော်လည်း အဆိုပါအမျိုးသမီးကို ကိုယ်ထိလက်ရောက် ပြုမူခြင်းမရှိခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ပြီး အမှုရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ သူပါ၀င်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွေနဲ့ ရုပ်ရှင်ကားတွေဟာ ၀င်ငွေအရ အောင်မြင်မှုမရခဲ့တော့ ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က Gangnam Blues ဇာတ်ကားမှာ ပါ၀င်ခဲ့ပြီး ပရိသတ်များရဲ့ ပြန်လည်အားပေးမှုကို ရရှိခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဘတ်ရှင်ဟေးနဲ့ Doctors ရုပ်သံဇာတ်လမ်းကို ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်သံမှာတော့ သူယခင်က အောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းများကဲ့သို့ ပရိသတ်များရဲ့ အားပေးမှုပြန်လည်ရရှိခဲ့ကာ သူကိုယ်တိုင် လည်း အသက် ၃၅ နှစ်ထက် ပိုပြီးနုပျိုအောင် ဆံပင်စတိုင်လ်၊ အဝတ်အစားစတိုင်လ်အပြင် ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်အောင်လည်း ၁၅ ပေါင်ခန့် ၀ိတ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီရုပ်သံကြောင့်ပဲ ဂင်ရေးဝမ်ဟာ စီးပွားရေး ကြော်ငြာများကိုပါ ပြန်လည် လက်ခံရရှိခဲ့ပါတယ်။ ဂင်ရေးဝမ်ကတော့ သူ့ကို ပရိသတ်များက ပြန်လည်အားပေး ခဲ့ကြတဲ့အတွက် အထူးဝမ်းသာမိကြောင်း သူ့အနေနဲ့ ယခင်ကထက် ပိုမိုကြိုးစားပြီး နေထိုင်သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။
ဂင်ရေးဝမ်ကို ကမ္ဘာတဝှမ်းမှ ကိုရီးယားရုပ်သံပရိသတ်များက ခေါင်မိုးပေါ်က ကြောင်ကလေး “Rooftop Room Cat” (2003)၊ တခါတုံးက တက္ကသိုလ် “Love Story in Harvard” (2004) စတဲ့ ရုပ်သံများနဲ့ သဲသဲလှုပ်အားပေးခဲ့ကြပြီး ကိုရီးယားသရုပ်ဆောင်စာရင်းရဲ့ ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့ဖူးသူတဦးလည်းဖြစ်ပါတယ်။
Ref : http://www.koreatimesus.com