ဒီရက်ပိုင်းအတွင်း မိုးက ရက်ဆက်ဆိုသလို ရွာနေပါတယ်။ မရွာရင်လည်းမရွာ၊ ရွာရင်လည်း ၂ ရက် ၃ ရက် ဆက်တိုက်ရွာတတ်တာကြောင့် နေ့စဉ် အလုပ်သွား ကျောင်းသွား နေရတဲ့သူတွေအတွက် နေ့စဉ်ဝတ်ဆင်ပြီးသား အဝတ်အစားတွေကို ပြန်လည်လျှော်ဖွပ်တဲ့နေရာမှာ အခက်အခဲတခုဖြစ်လို့လာပါတယ်။
ဘယ်လိုအခက်အခဲမျိုးလဲဆိုတော့ အဝတ်အစားတွေကို လျှော်ဖွပ်ပြီး ခြောက်သွေ့အောင် လှန်းတဲ့အခါ နေရောင်ခြည် ဓာတ်ကို မရတဲ့အတွက် စိုထိုင်းထိုင်းဖြစ်ကာ ပြန်လည် ခြောက်သွေ့ဖို့ရန် တော်တော်ခက်လှပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့လို အထပ်မြင့်တိုက်တွေ၊ ကွန်ဒိုတွေမှာ နေထိုင်ကြတဲ့သူတွေဆိုရင်လည်း အဝတ်လှန်းဖို့နေရာက သာမန်အချိန်တွေမှာတောင် အခက်အခဲဖြစ်စေတာပါ။ အခုလို မိုးရာသီဆိုတော့ အဝတ်အစားတွေဟာ လွယ်လွယ်နဲ့ မခြောက်သွေ့လေတော့ တရက်ပြီးတရက် မခြောက်တဲ့အဝတ်အစားတွေက ပိုမိုများပြားလာပြီး လှန်းစရာနေရာ အခက် အခဲနဲ့ ရင်ဆိုင်ရတော့တာပါပဲ။
အဝတ်အစားတွေ ကောင်းကောင်းမခြောက်ရင် မှိုနံ့စွဲတတ်ပါတယ်။ ကိုယ့်ရဲ့အိမ်နေရင်းအဝတ်အစား၊ ရုံးယူနီဖောင်း၊ ကျောင်းယူနီဖောင်းတွေ မှိုနံ့စွဲကုန်ရင် ကျန်းမာရေးအတွက်လည်း မကောင်းသလို၊ လူတွေကြားမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပါတယ်။
ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အဝတ်အစားတွေကို အခြောက်ခံလို့ရမယ့် အဝတ်အခြောက်ခံစက်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။
![အဝတ်အခြောက်ခံစက်](https://burma.irrawaddy.com/wp-content/uploads/2016/08/13645357_670681559761288_8657927158456481936_n1.jpg)
လူတရပ်စာလောက်ရှိတဲ့ ဒီအဝတ်အခြောက်ခံစက်တွေကို အရောင်အားဖြင့် အပြာရောင်၊ ခရမ်းရောင် စတဲ့ အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ စက်ရဲ့ဆိုဒ်ကလည်း ဘီရိုအသေးတလုံးစာလောက်သာ ရှိတာမို့ နေရာလည်း အရမ်းယူမှာ မဟုတ်ပါဘူး။ ဒီအဝတ်အခြောက်ခံစက်တွေကို online shopping တွေနဲ့ Electrics store တွေမှာ အလွယ်တကူ ဝယ်ယူနိုင်မှာပါ။
“တခါကို ၁၀ထည်၊ ၁၅ထည်လောက် တပြိုင်နက် ထည့်ပြီး အခြောက်ခံလို့ရပါတယ်။ အဝတ်က အရမ်းကြီး စိုမနေဘူးဆိုရင်တော့ နာရီဝက်လောက်ဆို ခြောက်ပါတယ်။ ဈေးနှုန်းကတော့ ၃၂၀၀၀ကျပ်ပါ” လို့ Mandalay Fair Price Online Mart မှ မနိုရာက ပြောပါတယ်။
အခုလို မိုးတွင်းရာသီအတွက်လည်း အဆင်ပြေ၊ ကိုယ့်အိမ်မှာလည်း နေရာအရမ်းပေးစရာမလိုတဲ့အတွက် အိမ်ရှင်မတွေ အနေနဲ့ နှစ်သက်ကြမှာပါ။ တယောက်တည်းနေသူတွေလည်း အသုံးတည့်စေမှာပါ။