ရုပ်ရှင်နှင့်ဗီဒီယို နာမည်ကြီး ဟာသသရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ ပွင့်နဲ့ ကျော်ထူးတို့ ပါဝင်တင်ဆက်ကြ မယ့် စိတ်ဝင်စားစရာ “Hair Squad” TV အစီအစဉ်သစ်ကို စက်တင်ဘာလ ၄ ရက်နေ့ကစလို့ Myawaddy Documentary ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
“Hair Squad” အစီအစဉ်က မြန်မာနိုင်ငံမှာ တခါမှ မလုပ်ဖူးသေးတဲ့ TV အစီအစဉ်သစ်တခုဖြစ်ပြီး သရုပ်ဆောင် ပွင့်နဲ့ ကျော်ထူးတို့ ကိုယ်တိုင် ပရိသတ်များ၊ အနုပညာရှင်များ၊ အားကစားသမားများနဲ့ စီးပွားရေးလုပ်ငန်းရှင်များထံသို့ လိုက်လံ လှည့်လည်ပြီး ကိုယ်တိုင်ခေါင်းလျှော်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ ခေါင်းလျှော်ပေးတာအပြင် ခေါင်းလျှော်ပေးရင်း ရယ်စရာဟာသများနဲ့ စိတ်ဝင် စားစရာ ကောင်းတဲ့ အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးကြမယ့် ပုံစံမျိုးဖြင့် တင်ဆက် ပေးသွားမယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်ကို လုပ်ဖြစ်တာကတော့ ၂ ချက်ရှိတယ်။ ပထမတချက်က ပရိသတ်ကို Entertainment ပေးချင်တာ။ Entertainment Program လိုမျိုး ပျော်ပျော်ရွှင်ရွှင်လည်း ဖြစ်ရမယ်။ ဒုတိယတချက်က ကျတော့ သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့ ပရိသတ်ကို တိုက်ရိုက်တွေ့စေချင်တယ်။ အကျိုးလည်း ရှိစေချင်တယ်၊ အဲဒီတော့ ဘာလုပ်မလဲဆိုပြီး ဒီပရိသတ်ကို အနုပညာရှင်က ကိုယ်တိုင် ခေါင်းလျှော် ပေးမယ့် ပျော်စရာအစီအစဉ်လေးကို စဉ်းစားမိသွားတာပါ” လို့ Hair Squad အစီအစဉ်ရဲ့ ဒါရိုက်တာ ကိုပိုင်သိင်္ခက ပြောပါတယ်။
Hair Squad အစီအစဉ်ကို မြဝတီ Documentary ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္ဂနွေ ညနေ ၆ နာရီခွဲ ကနေ ည ၇ နာရီအထိ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
“ရိုက်ကူးရေးမှာ အမှတ်တရတွေ အများကြီးပဲ။ ဦးကျော်သူနဲ့ အစ်မက နဂိုကတည်းက အတိုင်အဖောက် ညီပြီးသားဆိုတော့ ဟာသလေးတွေက အထူးတလည်တိုင်ပင်စရာမလိုဘူး။ ရိုက်နေရင်းနဲ့ ပြောတဲ့ ဟာသလေးတွေ အချိတ်အဆက်မိတယ်။ မှတ်မှတ်ရရဆိုရင် အစ်မတို့က Indoor မှာပဲ ရိုက်တာ မဟုတ်ဘဲ Outdoor တွေထိ ထွက်ရိုက်တာဆိုတော့ ပျော်ဖို့လည်း ကောင်းတယ်။ တခါတလေ ရာသီဥတု မကောင်းလို့ အခက်အခဲလေးတွေလည်း ရှိတယ်” လို့ သရုပ်ဆောင် ပွင့်က ဧရာဝတီကို ပြောပါတယ်။
Pantene ခေါင်းလျှော်ရည်မှ အဆိုပါ အစီအစဉ်ကို စပွန်ဆာပေးထားတာဖြစ်ပြီး ပထမ Season အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ အစီအစဉ်မှာ ရယ်စရာဟာသဖြစ်အောင် ဟာသ သရုပ်ဆောင် ကျော်ထူးနဲ့ပွင့်တို့က ခေါင်းလျှော်ပေးမယ့်သူတွေဆီကို လျှပ်စစ် ဆိုင်ကယ် ၂ စီးနဲ့ ကိုယ်တိုင် သွားရောက် ခေါင်းလျှော်ပေးတာကို ရိုက်ကူးပေးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပထမ Season အတွက် အပိုင်း ၄ ပိုင်းရိုက်ကူးပြီးသွားပြီဖြစ်ပြီး နာမည်ကြီး အနုပညာရှင် များအနေနဲ့ အဆိုတော် အမွန်းနဲ့ လက်ဝှေ့ချန်ပီယံ လုံးချောတို့ကိုလည်း ကျော်ထူးနဲ့ ပွင့်တို့က သွားရောက်ခေါင်းလျှော်ပေးထားတဲ့ အပိုင်းတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ဒီ Program လေးမှာ ပရိသတ်တွေအနေနဲ့ ကိုယ်တိုင်ပါဝင်ချင်တယ်ဆိုရင် ကျနော်တို့ရဲ့Facebook Page (www.facebook.com/hairsquadmyanmar) မှာ ကျနော်၊ ကျမတို့က ဘယ်မြို့နယ်၊ ဘယ်မှာနေပါတယ်၊ ခေါင်းလာလျှော်ပေးပါဆိုပြီး Comment ဝင်ရေးရင် ကိုကျော်ထူးနဲ့ မပွင့်တို့ လာရောက် ခေါင်းလျှော်ပေးမှာပါ။ လောလောဆယ်တော့ အစီအစဉ်က ရန်ကုန်မြို့တမြို့တည်းပါ။ နောက်ပိုင်းမှာ ထူးခြားပြီး လူတွေ ထင်မထားတဲ့ နယ်မြို့တွေမှာပါ တင်ဆက်ပေးဖို့ရှိပါတယ်” လို့ ဒါရိုက်တာ ပိုင်သိင်္ခက ဆိုပါတယ်။