အခုမော်ဒယ်က Toyotaရဲ့ ကုန်တင်လူစီး မော်ဒယ် Townaceကို ဈေးကွက်ပြိုင်ဖို့ ထွက်ရှိလာတာ ဖြစ်ပေမယ့် ပြည်တွင်း ဈေးကွက်ကိုတော့ အခုနှစ်ပိုင်းတွေအတွင်းမှာမှ ဝင်လာတာ ဖြစ်လို့ လူသိနည်းနေသေးတာ ဖြစ်ပါ တယ်။
ဒီနေရာမှာ အရင်ဆုံး မော်ဒယ်ရဲ့ အားသာချက်ကို ပြောရမယ် ဆိုရင် အင်ဂျင်စနစ် ရွေးချယ်နိုင်မှု များပြားတာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် လူကြိုက်များနေတဲ့ ၀ ဒသမ ၆၆လီတာသုံး မော်ဒယ်တွေထက်စာရင် ကိုယ်ထည် ကြီးမားတယ်၊ ဝန်ပိုတင်နိုင်တယ်။
ခရီးဝေးမောင်းနိုင်တယ် ဆိုတဲ့ အားသာချက်တွေနဲ့ အခု Delicaတွေက လူကြိုက်များနိုင်ပေမယ့် Townace တွေဆိုရင် ၁ ဒသမ ၈လီတာသုံးနဲ့ ၃ ဒသမ ဝလီတာသုံးတွေ ဝင်လို့ ပုံမှန်ထက် အင်ဂျင်က နည်းနည်းကြီးချင်နေတာပါ။ ဒီတော့ ဆီစားများလာစေနိုင်ပါတယ်။
ဒါပေမယ့် Delicaကတော့ ၁ ဒသမ ၈လီတာသုံးနဲ့လည်း ရနိုင်သလို ၂ ဒသမ ဝလီတာသုံးနဲ့လည်း ရပါတယ်။ ဒါက လုပ်ငန်းသုံး အတွက် မိမိ အဆင်ပြေမယ့် မော်ဒယ်ကို ရွေးချယ်လာစေနိုင်တာ ဖြစ်ပြီး ဆီစားလည်း အင်ဂျင် အရွယ်အပေါ် မူတည်ပြီး သက်သာစေမှာပါ။
ရှေ့ဘက်ခန်းက ပုံမှန်ထက် ကျယ်ဝန်းအောင် ဖန်တီးထားပြီး နောက်ဖက် ဝန်တင်ခန်းကလည်း Townaceတွေနဲ့ သိပ်မကွာပါဘူး။ ပုံမှန်ထက် ခေါင်းခန်း(အင်ဂျင်ခန်း)က ချဲ့ထားလို့ ရှေ့ဖက်ခန်းကို ပိုကောင်းလာစေတာပါ။ ရုပ်ထွက်ပိုင်းမှာရိုးရှင်းပြီး တည်ငြိမ်ပါတယ်။ Bongoလို မော်ဒယ်တွေထက် ကိုယ်ထည်က အစ အင်ဂျင် ထိအောင် ပိုမာပေမယ့် ဈေးတော့နည်းနည်းပိုပါတယ်။
ဒါပေမယ့် ဈေးကွက်မှာ တွေ့ရသလောက်တော့ ဝယ်လက်က Bongoတွေကို အပိုပစ္စည်း နည်းနည်း ပိုပေါလို့ ပိုကြိုက်ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ Delicaက ပိုပြီး စိတ်ချရပါလိမ့်မယ်။ အင်ဂျင်စနစ် နှစ်မျိုးလုံးက စွမ်းဆောင်ရည် မကွာပေမယ့် ၂ ဒသမ ဝလီတာသုံးက တောင်တက်နဲ့ လမ်းကြမ်းပိုင်းအတွက် ပိုသင့်တော်ပြီး Manualနဲ့ လာပါတယ်။
၁ ဒသမ ၈လီတာသုံးကတော့ Autoနဲ့သွားပြီး မြို့တွင်းသုံး အတွက် ပိုကောင်းပါတယ်။ လူကြိုက်များ အဖြူရောင် တစ်မျိုးတည်းပဲ တွေ့ရပြီး ညာမောင်းတွေပါ၊ Power Steeringတွေ ပါတတ်ပြီး မော်ဒယ် တခုနဲ့ တခု၊ ရောင်းလက် အပေါ် မူတည်ပြီး ထည့်သွင်းပစ္စည်း ကွဲချင်ပါတယ်။ များသောအားဖြင့်တော့ Air-Conပါ ကောင်းတတ်၊ ပါတတ်သေးသလို CDလည်း ပါရှိပြီး အတွင်းခန်း ပြင်ဆင်ပြီး ဈေးကွက်မှာ တွေ့ရပါတယ်။
ဈေးကွက်မှာတော့ အဓိက အနေနဲ့ မော်ဒယ်နှစ်၊ အင်ဂျင်နဲ့ ဂီယာအပေါ်မှာ အုပ်စုနှစ်ခု ကွဲနေပါတယ်။ တစ်ခုက ၂၀၀၅ခုနှစ် ဝန်းကျင်ထုတ် Delicaနဲ့ ၂၀၀၈ခုနှစ်နဲ့ နောက်ပိုင်းထုတ် အုပ်စု၊ ၁.၈လီတာသုံး အုပ်စုနဲ့ ၂ ဒသမ ဝလီတာသုံး အုပ်စု၊ Manualနဲ့ Autoအုပ်စုပါ။
မော်ဒယ်နိမ့်၊ အင်ဂျင်သေး၊ Autoတွေက ခေါ်ဈေး ၁၁၇သိန်းလောက် ရှိပြီး ဈေးငြိမ်ပါတယ်။ Autoဖြစ်လို့ အကျဘက် အားနည်းပါတယ်။ မော်ဒယ်မြင့်၊ ၂.ဝလီတာသုံး Manualတွေကတော့ ၁၃၅သိန်းလောက် အခေါ်ရှိပါတယ်။
ဒါပေမယ့် Manualနဲ့ ဖြစ်လို့ ပွဲတည်မယ် ဆိုရင် ဈေးက အကျဘက်မှာ ရှိနိုင်ပါတယ်။ စွမ်းဆောင်ရည်နဲ့ အင်ဂျင် အနေအထားတွေ အရတော့ ဈေးလည်း ချိုသလို မောင်းနှင်ရလွယ်ကူမယ့် Autoတွေကို ပိုပြီး သဘောကျမိပါတယ်။
မော်ဒယ်နှစ် နည်းနည်းကွာတာ မှန်ပေမယ့် မောင်းနှင်ပြီး ကီလိုတွေကတော့ ၈သောင်း ဝန်းကျင်တွေပါ။ ဆီစားနှုန်းကတော့ ပျမ်းမျှ မိုင် ၃၀ကျောက်လောက်ထိအောင် စီးနိုင်မှာ ဖြစ်ပြီးတော့ လုပ်ငန်းသုံး (ဝန်တင်များမယ်) မဟုတ်ရင်တော့ Autoမော်ဒယ်ကိုပဲ ဆစ်ဈေးနည်းနည်းနဲ့ ရွေးချယ်စေချင်ပါတယ်။