မြန်မာနိုင်ငံထဲကို ပန့်ခ်ဂီတရယ်လို့ စတင် သယ်ဆောင်လာခဲ့သော အဖွဲ့တခုလို့ ဆိိုနိုင်တဲ့ BigBag အဖွဲ့ရဲ့ Logo ကို အားပေးကြတဲ့ လူငယ်ပရိသတ် အများအပြားက ယခုနောက်ပိုင်းတွင် သူတို့ရဲ့အရေပြားတွေမှာ တက်တူးထိုးထား ကြတဲ့အထိ အားပေးလာကြတာကို တွေ့ရပါတယ်။
“ကျနော်ဝမ်းသာတယ်။ ဝမ်းသာတယ်ဆိုတာက သူတို့ သေရာပါ အသားပေါ်ကို ကျနော်တို့ Logo လေးကို တင်တယ်။ နောက် လည်ဆွဲလေးတွေလည်းလုပ်ပြီး ဆွဲထားတတ်ကြတယ်။ နောက်ပြီး Facebook မှာ Group ရှိတယ်။ BigBag Forever ဆိုပြီး ဒါက ကျနော်ရဲ့ Official FanClub လေးပါ။ အဲမှာ သူတို့ တက်တူးပုံလေးတွေ တင်ကြတယ်။ လည်ဆွဲကိုလည်း လုပ်ပြီး အချင်းချင်း မဲဖောက်ပေးကြတယ်။ ဒီလိုလေးတွေ တွေ့နေရတော့ ဘယ် Artist က မပျော်ဘဲနေမှာလဲဗျာ။ ဒီ Logo လေး စလုပ်တုန်းက အဲလောက်ထိ အားပေးမယ်လို့ကို မထင်ထားတာပါဗျာ။ ဘုရားစူး မိုးကြိုးပစ်ပါ၊ ကိုယ်ထင်ထားတာထက် Fan တွေက ကိုယ့်ကို ပိုအားပေးတယ်”လို့ BigBag အဖွဲ့ဝင်တဦးဖြစ်သူ ဟန်ထူးလွင်က ဧရာဝတီကို ပြောပါတယ်။
BigBag အဖွဲ့ ပါဝင်ဖျော်ဖြေတဲ့ ပွဲတိုင်း အမြဲလိုလို လူပြည့်နေတတ်တာကို ကြည့်ခြင်းအားဖြင့် သူတို့အဖွဲ့ရဲ့ အောင်မြင်မှုကို သိနိုင်ပါတယ်။
BigBag အဖွဲ့ဝင် ဟန်ထူးလွင် ဟာ Academy Of Rock School ဆိုတဲ့ ဂီတသင်တန်းကျောင်းကို ညီမဖြစ်သူ ဟန်နေလွင်လွင်နဲ့အတူ ဖွင့်လှစ်သင်ကြားပေးနေပြီး ဂီတနဲ့ပတ်သက်လို့ စွမ်းရည်ရှိပြီး ငွေကြေး အခက်အခဲရှိတဲ့ ကလေးများကို ဂီတပညာသင်ဆုပေးရန် စိတ်အားထက်သန်သူလည်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ “ကျနော်က Music နဲ့ ပတ်သက်ပြီး Talent ရှိတဲ့ကလေးတွေကို Push လုပ်ပေးလိုက်ရတာ ကျနော်ကြိုက်တယ်။ နောက်ပိုင်း ကျနော့ Power ထဲမှာ လုပ်နိုင်မယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး လုပ်ဖြစ်မယ်ထင်တယ်” လို့ ဆိုပါတယ်။
ဟန်ထူးလွင်က လတ်တလောမှာ တောင်ငူ၊မော်လမြိုင်၊ မကွေး၊ မြိတ် မြို့ကြီးတွေမှာ လှည့်လည်ပြီး တခြားနာမည်ကြီး အဆိုရှင်များနဲ့အတူ Music Tour အဖြစ် သွားရောက်သီဆိုဖို့ ရှိနေပြီး အခွေအသစ်ထွက်ရှိဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။