ရန်ကုန်- ဟောင်ကောင် တိုက်ရိုက်ပြေးဆွဲမယ့် ဟောင်ကောင်လေကြောင်းလိုင်း HK Express ကို မြန်မာနိုင်ငံမှ ခရီးသွား ဧည့်သည်များနဲ့ စာနယ်ဇင်းမီဒီယာများကို ယနေ့၊( စက်တင်ဘာလ ၁ရက်နေ့)မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
“HK Express” ဟောင်ကောင်လေကြောင်းလိုင်း ကြိုဆိုမိတ်ဆက်ပွဲကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနဲ့ HK Express မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါတယ်။
“ကျနော်တို့ HK Express လေကြောင်းလိုင်းကို ခရီးသွားတွေအတွက် သက်သာတဲ့ စျေးနှုန်း၊ ကောင်းမွန်တဲ့ ၀န်ဆောင်မှု တို့နဲ့ အတူ ရန်ကုန်- ဟောင်ကောင်တိုက်ရိုက်ပြေးဆွဲသွားမှာပါ။ မန္တလေး- ဟောင်ကောင်ခရီးစဉ်ကိုလည်း စက်တင်ဘာလ ၅ ရက်နေ့မှာ စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။ ပထမဆုံး စပြေးဆွဲတဲ့ ကာလအတွင်းမှာ လေယာဉ်လက်မှတ်တွေကို ၅၀ ရာ ခိုင်နှုန်းအထိ Discount ပေးသွားမှာပါ”လို့ HK Express လေကြောင်းလိုင်းရဲ့ General Managerဖြစ်တဲ့ Mr.ShermanLuk က ပြောပါတယ်။
HK Express လေကြောင်းလိုင်းဟာ အာရှနိုင်ငံများမှ ထင်ရှားတဲ့ မြို့ကြီး ၂၇ မြို့ကို တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိပြီး ၂၀၁၆ နှစ်ဝက်အတွင်း ထိုင်းနိုင်ငံ ချင်းရိုင် (ChingRai) ၊ ထိုင်ဝမ်နိုင်ငံ ဟွားလျန် (Hualien)နဲ့ လာအိုနိုင်ငံတို့ကိုလည်း ထပ် မံ တိုက်ရိုက်ပြေးဆွဲသွားဖို့ ရှိတယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံရဲ့ လေကြောင်းလောကမှာ International Airline တွေ တနေ့တခြား ပိုမိုပြေးဆွဲလာတာ ကောင်းပါတယ်။ အရင်က မြန်မာနိုင်ငံကနေ ပြည်ပကို ခရီးသွားမယ့်သူတွေ အားကိုးနေရတာ ဘန်ကောက်ကနေ Transit သွားစီးရတယ်။ အခု HK Express က စရိတ်သက်သာတဲ့ လေကြောင်းလိုင်း (Low Cost Airline) ဆိုတော့ စရိတ် သက်သက်သာသာနဲ့ ဟောင်ကောင်ကို သွားနိုင်တဲ့ အခွင့်အရေးတခု ရသွားတယ်” လို့ မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။
ရန်ကုန်မှ ဟောင်ကောင်မြို့သို့ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များမှာ တပတ် ၄ ကြိမ် ပျံသန်းပြေးဆွဲ သွားမှာဖြစ်ပြီး ဟောင်ကောင်မှ ရန်ကုန်မြို့ကိုလည်း တပတ် ၄ ကြိမ် ပျံသန်း ပြေးဆွဲမယ်လို့ သိရပါတယ်။ မန္တလေးမှ ဟောင်ကောင်သို့ စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ပျံသန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။
HK Express လေကြောင်းလိုင်းဟာ စရိတ်သက်သာတဲ့ Low Cost လေကြောင်းလိုင်းတခုဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တို ဘာလ ၂၇ ရက်နေ့မှာ ဟောင်ကောင်မှ အာရှတခွင် ဒေသပေါင်း ၂၇ ခုကို စတင် ပျံသန်းပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ လက် ရှိခရီးသည်ပေါင်း ၅ သန်းကျော်ကို ပို့ဆောင်ပြေးဆွဲ ပျံသန်းခဲ့ပြီးပြီလို့ သိရပါတယ်။