ပိတ်ရက်မှာ ကြည့်လို့ကောင်းမယ့် ဇာတ်ကား ၂ ကား
အခုတပတ် ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့အတွက် စိတ်ဝင်စားစရာကောင်းမယ့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကား ၂ ကား ကို တင်ပြထားပါတယ်။
Bad Neighbors 2
ပထမဆုံး ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး အမေရိကန် ဟာသကား “Bad Neighbors” ဇာတ်ကားရဲ့ နောက်ဆက်တွဲ “Bad Neighbors 2” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ Mac Radner နဲ့ သူ့ဇနီး Kelly တို့ရဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးထဲသို့ Kappa Nu လို့ ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေး ဦးဆောင်သောတက္ကသိုလ် ကျောင်းသူ အုပ်စုဟာ သူတို့ရဲ့ အိမ်အနီးအနားကို ပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။
ပါတီပွဲတွေနဲ့ ဆူညံနေတဲ့ ဘေးအိမ်ကြောင့် Mac Radner တို့ စုံတွဲက သူတို့လက်ရှိ အိမ်ကိုရောင်းချဖို့ အစီအစဉ်ကိုလည်း ထိခိုက်လာခဲ့ပါတယ်။ ဒါကြောင့် တချိန်က ရန်သူတော် ဖြစ်ခဲ့ဖူးတဲ့ “Bad Neighbors 1” ဇာတ်ကားထဲက မင်းသား Teddy နဲ့ Mac Radner တို့ ၂ယောက် ဒီတက္ကသိုလ် ကျောင်းသူ အုပ်စုကို အနိုင်ယူဖို့အတွက် ပူးပေါင်းလိုက်ပါတယ်။ အဲ့ဒီ နောက်မှာတော့ Mac Radner နဲ့ Teddy တို့ အဖွဲ့ရယ်၊ တက္ကသိုယ်ကျောင်းသူအုပ်စုတို့ အိမ်နီးချင်းတွေ မတည့်အတူနေ ကြတဲ့ အကြောင်းအရာတွေကို ဟာသနှောပြီး ရိုက်ကူးထားတာကို ခံစားကြည့်ရှုရမှာပါ။
“Bad Neighbors 2” ကို ဒါရိုက်တာ Nicholas Stoller ရိုက်ကူးပြီး သရုပ်ဆောင်များအနေနဲ့ Seth Rogen, Zac Efron, Rose Byrne, Chloe Grace Moretz, Dave Franco နဲ့ Ike Barinholtz တို့ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၆ ခုနှစ်၊ မေလအတွင်းက ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတခု ဖြစ်ပါတယ်။
Robinson Crusoe (2016)
နောက်ထပ် ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ 3D Animation ဇာတ်ကားဖြစ်ပြီး ပြီးခဲ့တဲ့ မေလက ထွက်ထားတဲ့ “Robinson Crusoe (The Wild Life)” ဆိုတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်း ကတော့ အပူပိုင်းဒေသဇုန် ကျွန်းတကျွန်းပေါ်မှာ Mark, Scrubby, Carmello လို့ခေါ်တဲ့ တောရိုင်း တိရိစ္ဆာန်လေးတွေ ကျက်စားနေထိုင်ကြပါတယ်။
“Mark” လို့ခေါ်တဲ့ ကြက်တူရွေးဟာ အမြဲပဲ စိတ်ကူးယဉ်တွေးတောနေတတ်ပြီးတော့ သူတို့ နေထိုင်ရာကျွန်းကို ဝန်းရံထားတဲ့ ပင်လယ်ပြင်ကြီးတဖက်မှာ ကမ္ဘာသစ်တခုရှိတယ်လို့ တွေးထင် နေတတ်သူပါ။ ဒီလိုနဲ့ သူတို့ရဲ့ ကျွန်းပေါ်ကို “Robinson Crusoe” လို့ခေါ်တဲ့ လူသားတယောက် သဘောၤပျက်ပြီး ရောက်လာခဲ့ပါတယ်။
သူတို့ရဲ့ အထူးဧည့်သည် Robinson နဲ့အတူ မထင်မှတ်ဘဲ သားရဲစုံတွဲဖြစ်တဲ့ ကြောင်၂ ကောင် ပါလာတဲ့အခါ Mark တို့အုပ်စုဟာ Robinson နဲ့ ပူပေါင်းပြီး ကျွန်းပေါ်ကို နှောင့်ယှက်တိုက်ခိုက်လာတဲ့ ကြောင်တွေကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာကို ရိုက်ကူး တင်ပြထားတဲ့ ကလေး၊ လူငယ်အကြိုက်ဖြစ်စေမယ့် ကာတွန်းကားကောင်း တကားပါ။
“Robinson Crusoe (The Wild Life)” 3D Animation ဇာတ်ကားကို ဒါရိုက်တာ Vincent Kesteloot နဲ့ Ben Stassen တို့က ရိုက်ကူးပုံဖော်ထားပါတယ်။