အပင်တွေဟာ လူတွေအတွက် စားသောက်စရာနဲ့ အောက်စီဂျင် ရရှိစေတယ်ဆိုတာ လူတိုင်း သိရှိပြီး ဖြစ်ပါတယ်။ ရှေးခေတ် မြန်မာကျေးလက်က အိမ်ကြီးတွေမှာ အပင်အမျိုးမျိုးကို ချိတ်ဆွဲ စိုက်ပျိုးကြတာတွေ ရှိခဲ့ပါတယ်။ အခု ဖော်ပြမှာက အသီးလည်းရ၊ အိမ်တွင်းလေထုကိုလည်း သန့်ရှင်းစေတဲ့ ခရမ်းချဉ်သီးပင် ချိတ်ဆွဲစိုက်ပျိုးနည်း အကြောင်းပါ။ စိုက်ပျိုးမြေ မရှိတဲ့ တိုက်ခန်းတွေ အိမ်ခန်းတွေမှာ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။
ခရမ်းချဉ်သီးဟာ အဆီကို လျော့ကျစေတယ်၊ အမျှင်ဓာတ် ကြွယ်ဝတယ်၊ ကယ်လိုရီ ပမာဏ နည်းပါးတယ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာ ပါ၀င်တာကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ပါ၀င်ပါတယ်။ အဓိကအားဖြင့် ခရမ်းချဉ်သီးမှာ အများဆုံးပါ၀င်တဲ့ အနီရောင် အန်တီအောက်စဒင့် (Anti-oxidants) ခေါ် သက်စောင့်ဓာတ် ဖြစ်တဲ့ လိုင်ကိုပင်း ဓာတ်ကလည်း ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။
အဆင့် ၁
နေရောင်ကောင်းကောင်းရတဲ့ သင့်အိမ်ရဲ့ ပြတင်းပေါက်၊ ဒါမှဟုတ် အိမ်ရှေ့ ၀ရန်တာ အထက် တံစက်မြိတ် ပျဉ်တန်းမှာ ချိတ်ဆွဲဖို့ ချိတ်တွေ (hooks) ကို ပုံမှာ ပြထားတဲ့အတိုင်း ပြင်ဆင်ပါ။ ခိုင်ခန့်တဲ့ သစ်သား၊ ၀ါးလုံး၊ သံကြိုး၊ သံချောင်းတွေ သုံးပြီးလည်း ချိတ်ဆွဲဖို့ ပြင်ဆင်နိုင်ပါတယ်။
အဆင့် ၂
မျိုးသန့်ပြီး အားကောင်းတဲ့ ခရမ်းချဉ် ပျိုးပင်ကို ရွေးချယ်ပါ။ ပုံထဲမှာတော့ ထောင်လိုက် စိုက်ထားတဲ့ ခရမ်းချဉ်ပင်ကို မြင်နိုင်ပါတယ်။
အဆင့် ၃
ပလပ်စတစ် ဗူးကြီးတလုံးကို ယူပြီး ပုံမှာ ပြထားတဲ့ အတိုင်း တဝက်ဖြတ်လိုက်ပါ။ အဲဒီနောက် ပုလင်းရဲ့ အပေါ်ဘက် အပိုင်းကို ယူပြီး ပုံမှာ ပြထားသလို ချိတ်ဆွဲနိုင်အောင် ပြင်ဆင်ပါ။
အဆင့် ၄
စောစောက အဆင့် ၂ မှာ ပြထားတဲ့ အားကောင်းတဲ့ ခရမ်းချဉ်ပျိုးပင်ကို ရေးဗူးရဲ့ ဇောက်ထိုး ဖြစ်နေတဲ့ အပေါက်ကနေ ပုလင်းထဲကို ထည့်သွင်းပြီး အပေါ်ကနေ မြေဆွေးဖြည့်ပါ။
အဆင့် ၅
ပထမ ၁ ရက် ၂ ရက်လောက် အတွင်း ခရမ်းချဉ်ပင်ဟာ ဇောက်ထိုး အနေအထားနဲ့ ရှိနေပမယ့် နောက်ပိုင်းမှာတော့ ခရမ်းချဉ်ပင်ရဲ့ အညွန့်တွေက အပေါ်က ထောက်တက်တာ တွေ့ရမှာပါ။ ပုလင်းထဲကိုလည်း မြေဆွေး၊ သစ်ရွက်ဆွေးနဲ့ နွားချေး စတဲ့ အပင်အတွက် အာဟာရ ဖြစ်စေမှာတွေ ထည့်ပေးရပါမယ်။
အဆင့် ၆
အရေးကြီးတာက ခရမ်းချဉ်ပင်ကို ရေတွေ အများကြီး မလောင်းဖို့ပါ။ တကယ်လို့ ရေတွေ အများကြီး လောင်းထည့်လိုက် ရင် အဲဒီရေတွေဟာ ပုလင်းရဲ့ အပေါက် အတိုင်း ပြန်ထွက်ကျသွားမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် အစိုဓာတ်မပျက်ရုံ ဖြစ်နေဖို့ ဂရုစိုက်လောင်းပေးဖို့ပါ။
အဲဒီလို ပုံမှန် ရေလောင်း ပေးခြင်းအားဖြင့် ဇောက်ထိုးဆွဲ ခရမ်းချဉ်ပင်ဟာ တဖြည်းဖြည်းနဲ့ အပေါ်ကို ပြန်ထောင်လာပြီး အပွင့်တွေထွက်လာ၊ အသီးတွေ သီးလာတာကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့ အသီးတွေကြေင့် အပင်က အပေါ်ကို မထောင်နိုင်သလို ဖြစ်နေရင်တော့ ခရမ်းချဉ်ပင်ရဲ့ သီးခိုင်တွေကို ကြိုး ဒါမှမဟုတ် နှီးနဲ့ အပေါ်က ပုလင်းမှာ တွဲချည်ပေးရ ပါတယ်။
တကယ်လို့ အပင်ရဲ့ အရွက်တွေ ၀ါလာတယ် ဆိုရင်တော့ အဲဒီရွက်ဝါတွေကို ခြွေပေးရပါမယ်။ အသီးတွေ ခူးယူတဲ့ အခါမှာလည်း အသီးရဲ့ အညှာကို ဖိကိုင်ပြီး ခြွေယူဖို့လည်း လိုပါတယ်။
အဆင့် ရ
မြေနေရာ အကျယ်အပြန့်လည်း မယူ၊ စိုက်ပျိုးဖို့လည်း လွယ်ကူကာ အိမ်ခန်းရဲ့ လေထုကို သန့်စင်စေပြီး ကျန်းမာရေး ပြည့်စုံစေ သလို အိမ်ရှင်မများ အတွက် ဟင်းတခွက်ချက်ဖို့ ခေါင်းမခဲရအောင် ကူညီပေးနိုင်မယ့် ခရမ်းချဉ်ပင် ဇောက်ထိုးဆွဲ စိုက်ပျိုးနည်းကို တင်ပြပေးလိုက်ပါတယ်။
Source: wikihow